ဒုက္ခကို ပျားရည်ဆမ်း၍ – ၃ (မောင်လွမ်းဏီ)

“သူတို့ပေးတဲ့ လုပ်ခက ၁၀၀ ပဲလေ။ ၂၀၀ ပေးတဲ့စက်ရုံကို သွားလုပ်မှာပဲ။ သူတို့ဆီမှာ ဘယ်နှစ်နှစ်လုပ်ပါ့မယ်လို့ ကတိလည်း ပေးမထားပါဘူး။ သူတို့က ဈေးပေါပေါနဲ့ခိုင်းလို့ရတဲ့ လူတွေပဲဆိုပြီး အနိုင်ကျင့်ခိုင်းနေတာ ဘယ်လောက်ကြာပြီလဲ။ လူဆိုတာ တိုးတက်ရာတိုးတက်ကြောင်း ချမ်းသာရာချမ်းသာကြောင်းတော့ ရှာချင်ဖွေချင်တာပဲဟာ။ ငါကတော့ မဖြစ်မနေသွားမှာပဲ …”

အာအက်ဖ်အေ သောတရှင်များ ခင်ဗျား

တလောကပဲ မဲဆောက်မှာ ဒီအချိန် ဒီရာသီကတော့ (ဝပ်ပါမစ်) လို့ခေါ်တဲ့ အလုပ်လုပ်ခွင့် လက်မှတ် အသက်ဆက်ကြပုံတွေအကြောင်း ကျွန်တော် တင်ပြခဲ့ပါတယ်။

အလုပ်လုပ်ခွင့်လက်မှတ်နဲ့ ဆက်စပ်နှီးနွယ်ပတ်သက်နေတဲ့ အကြောင်းအရာလေးတွေ၊ အကျိုးအကြောင်းလေးတွေကလည်း များမြောင်လှတာ မဟုတ်လား။ ဘန်ကောက်သွား တောလားတွေ၊ ရေကြည်ရာမြက်နုရာ ရှာပုံတော် ခရီးရှည်လို ဇာတ်လမ်း တိုရှည်တွေက ရိုးအီသွားလို့လား မသိနိုင်တော့ပါဘူး။ ခုဇာတ်လမ်းကလည်း သံတူကြောင်းကွဲ ဇာတ်လမ်းတပုဒ်လိုပဲ ပြောရမှာပါပဲ။


ထိုင်းနိုင်ငံအတွင်းမှာ ခရီးသွားလာခွင့်၊ အလုပ်ရှာဖွေခွင့်၊ ဝပ်ပါမစ်ရှိရင် တရားဝင် အလုပ်လုပ်ခွင့်ရရှိတဲ့ ယာယီပတ်စပို့လို့ ခေါ်ဝေါ်ကြတဲ့ ပတ်စပို့အမျိုးအစားတခုကို ထိုင်း-မြန်မာနှစ်နိုင်ငံ စာချွန်လက်မှတ်ရေးထိုး စီမံဆောင်ရွက်ခဲ့တာ ၂၀၀၈ ခုနှစ်က စတင်ခဲ့တာပါ။ စာချွန်အဆင့်ဆိုတော့ ခိုင်မာတဲ့ ကတိကဝတ်တွေ၊ စာချုပ်စာတန်းတွေ မပါတဲ့ နှစ်နိုင်ငံ နားလည်မှုစာချွန်လို့ပဲ ပြောရမှာပေါ့။

ထိုနှစ်ကာလအပိုင်းအခြားက မြန်မာဘက်ခြမ်း မြဝတီမြို့နဲ့ ထိုင်းဘက်ခြမ်း ရနောင်းမြို့တို့မှာ မြန်မာ အာဏာပိုင်တွေက ရုံးခန်းတွေဖွင့်လှစ်ပြီး ယာယီပတ်စပို့တွေ လုပ်ပေးပေမယ့် လုပ်ကြသူ၊ ကိုင်ဆောင်ကြသူ မရှိသလောက်ပါပဲ။ အထည်ချုပ်စက်ရုံ၊ သိုးမွှေးအလုပ်ရုံ၊ ငါးပုစွန်ရုံ၊ ငါးသေတ္တာစက်ရုံ၊ ငါးဖမ်းပိုက်စက်ရုံ စတဲ့ စက်ရုံကြီးတွေမှာ လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမား၊ အလုပ်သမ အားလုံးနီးပါး မလုပ်သလောက်နီးပါးပါပဲ။

ကိုယ်ရေးရာဇဝင်နဲ့ အိမ်ထောင်စုစာရင်းတွေ ဖြည့်စွက် တင်ပြရရင် ထိုင်းနိုင်ငံမှာ လာအလုပ်လုပ်နေတာ နှစ်ကြာကြပြီဆိုတော့ တရားမဝင် သွားရောက် အလုပ်လုပ်မှုနဲ့ အရေးယူမှာလား၊ အခွန်အကောက် စည်းကြပ်မှာလား၊ ဒဏ်ငွေဆောင်ရမှာလား စတဲ့ ပြဿနာတွေကို ကြောက်လန့်ကြလို့ပါ။ တချို့ဆို မှတ်ပုံတင် အိမ်ထောင်စုစာရင်း မရှိသူတွေလည်း ပါပါတယ်။ သူတို့စကားနဲ့ပြောရရင် ငွေကုန်တာ ကိစ္စမရှိပါဘူး၊ အမျိုးမျိုး အရစ်မခံနိုင်တာ အဓိက ပါ။

ဒါပေမယ့် တနှစ်ထက်တနှစ် ကိုယ့်တိုင်းကိုယ့်ပြည်၊ ကိုယ့်မြို့ကိုယ့်ရွာကို ပြန်ရောက်သူက နည်းပြီး ထွက်ခွာလာသူတွေက ဂရပ်ဖစ်မျဉ်းဆွဲပြသလို ရာခိုင်နှုန်းရော မြင့်တက်မှုရော နှစ်စဉ်မြင့်မားနေတာကိုး။ ၂၀၀၉ – ၂၀၁၀ ခုနှစ်တွေမှာ နယ်စပ်တခါးပေါက်တွေကနေ ယာယီပတ်စပို့နဲ့ ထိုင်းနိုင်ငံကို ရောက်လာကြသူတွေဟာ ၃၀,၀၀၀ ကျော်ခဲ့ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးအဆင်မပြေမှု၊ အလုပ်အကိုင် ရှားပါးမှု၊ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့်လို့ပဲ ပြောရမှာပေါ့။ ကိုယ့်နိုင်ငံအတွင်းမှာ မြဝတီ၊ ကော့သောင်းမှာ ယာယီပတ်စပို့လုပ်ရင် မြန်မာငွေ ၃,၀၀၀ ကျပ် ကျခံရမယ်ဆိုပေမယ့် တကယ်တန်းပေးရတော့ ဟိုဟာဒီဟာနဲ့ ၁၅,၀၀၀ လောက်ကျပါတယ်။ ထိုင်းဘက်ကမ်း ရနောင်းမှာ လုပ်ရင်တော့ ဘတ်ငွေ ၅၀၀ အတိအကျပဲ ပေးကြရပါတယ်။

ဒီလို ယာယီပတ်စပို့နဲ့ ဝပ်ပါမစ် ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ စက်ရုံ အလုပ်ရုံတွေမှာ လုပ်ကိုင်စားသောက်နေရင်းကပဲ မရိုးသားတဲ့အလုပ်ရှင်တွေက ယာယီ ပတ်စပို့တွေကို သိမ်းဆည်းထားတာ၊ အမည်တွေ ပြောင်း၊ တံဆိပ်အတုတွေ ထုထားတာ၊ ကိုယ့်ပတ်စပို့ကို ပြင်ဖျက်ပြီး လူကုန်ကူးတာတွေအပြင် တရားဝင်ငွေပေးသွင်းပြီး ကိုင်ဆောင်ထားတဲ့ ဝပ်ပါမစ်ကိုပဲ မူရင်းကို အဓမ္မ သိမ်းထားပြီး မိတ္တူကော်ပီပေးထားတာ စတဲ့ ထိုင်းအလုပ်ရှင်တချို့နဲ့ မြန်မာအလုပ်သမားတွေအကြား ပြဿနာတွေကလည်း ဂျာအေး သူ့အမေရိုက်လိုက်၊ မုန့်လုံးစက္ကူကပ်လိုက်ပါပဲ။

မနှစ်က ထိုင်းနိုင်ငံ၊ လာအို နယ်စပ်က ခွန်ကယ် ငါးဖမ်းပိုက်စက်ရုံမှာ မြန်မာအလုပ်သမားတွေ ဆန္ဒပြကြရာမှာ စောစောကပြောတဲ့ အချက်တွေအပေါ်မှာ အခြေခံပြီး ဖြစ်ပွားခဲ့တာပါ။

မဲဆောက်-မြဝတီ တံခါးပေါက်တွေ ပိတ်နေတာ ၃ လ ကျော်ခဲ့ပါပြီ။ ခိုးလမ်းက သွားချည် ပြန်ချည်တွေရှိပေမယ့် တရားဝင် လုပ်ကိုင်ဆောင်ရွက်ရမယ့် ကိစ္စတွေကတော့ အဖုအထစ်တွေနဲ့ ပြည့်လျှံနေဆဲပါပဲ။ မဲဆောက်-မြဝတီမှာ ယာယီပတ်စပို့အသစ် လျှောက်ထားချင်ကြတဲ့ မြန်မာ အလုပ်သမားတွေမှာ ဒုက္ခရောက်ကြရတာပါ။

အကြောင်းရင်းကတော့ စစ်ရေးအခြေအနေတွေအရ မြဝတီမှာ လုပ်ကိုင်ပေးမပေး မသေချာ မရေရာတဲ့အတွက် ဖြစ်ပါတယ်။ သို့အတွက် ပွဲစား အေးဂျင့်တွေက တဆင့် မဲဆောက်မြို့ကနေ ကော့သောင်းမြို့ကိုသွားပြီး ယာယီပတ်စပို့ သွားရောက်လျှောက်ထားဖို့ ကြံစည်လုပ်ဆောင်ကြတာပါ။

အလုပ်သမား ရာကျော်ဆိုပါတော့။ သွားလာဖို့ ကားပေါ်အတက်မှာပဲ လက်ရှိလုပ်ကိုင်နေတဲ့ မဲဆောက်မြို့ စက်မှုလုပ်ငန်းရှင်များ အသင်းဝင် အိုမီဂါအလုပ်ရုံ၊ တီကေအလုပ်ရုံ၊ ပက်စီ၊ ကွမ်တုံ စတဲ့ အလုပ်ရုံကြီးတွေက ပိုင်ရှင်တွေနဲ့ ထိုင်းရဲတပ်ဖွဲ့က တားဆီး ခေါ်ဆောင်သွားခဲ့ကြတာပါ။ အလုပ်သမားတွေရဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးတဲ့အခါမှာတော့ အစစ်အမှန်တွေ ဖြစ်နေတဲ့အတွက် အရေးယူလို့ မရပါဘူး။ ဒါပေမယ့် အကြောင်းအမျိုးမျိုးပြပြီး ခြိမ်းခြောက် ဟန့်တားထားတာပေါ့လို့ ပြောကြပါတယ်။

သူတို့ပေးတဲ့ လုပ်ခက ၁၀၀ ပဲလေ။ ၂၀၀ ပေးတဲ့စက်ရုံကို သွားလုပ်မှာပဲ။ သူတို့ဆီမှာ ဘယ်နှစ်နှစ်လုပ်ပါ့မယ်လို့ ကတိလည်း ပေးမထားပါဘူး။ သူတို့က ဈေးပေါပေါနဲ့ခိုင်းလို့ရတဲ့ လူတွေပဲဆိုပြီး အနိုင်ကျင့်ခိုင်းနေတာ ဘယ်လောက်ကြာပြီလဲ။ လူဆိုတာ တိုးတက်ရာတိုးတက်ကြောင်း ချမ်းသာရာချမ်းသာကြောင်းတော့ ရှာချင်ဖွေချင်တာပဲဟာ။ ငါကတော့ မဖြစ်မနေသွားမှာပဲ။

ရဲစခန်းဝန်းထဲကနေ ထွက်လာတဲ့ အလုပ်သမလေးတသိုက်ထဲက ခွပ်စွာစွာ မိန်းမလေးတယောက်ရဲ့အသံပါ။

သူတို့ကို ခေါ်ယူစစ်ဆေးနေတာ ၃ ရက်ရှိပါပြီ။ ဒီညလည်း သူတို့ပြန်တည်းခိုအိပ်စက်ရာမှကတော့ မြန်မာသံဃာတချို့ သီတင်းသုံးနေထိုင်တဲ့ ဘုန်းကြီးကျောင်းကြီး တကျောင်းပါ။ မနက်ဖန် မိုးသောက်ရင်တော့ သူတို့အိပ်မက်တွေ လန်းဆန်းဖူးပွင့်နိုင်မယ်ထင်ပါရဲ့။

နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

မောင်လွမ်းဏီ
၉-၂-၂၀၁၁

သရုပ်ဖော်ပန်းချီ – မောင်မောင်တင်

လွတ်လပ်တဲ့ အာရှအသံ (RFA) မှ ပြန်လည် ကူးယူဖော်ပြပါတယ်။

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s


Follow

Get every new post delivered to your Inbox.