ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ – ၁၆

နေ့ဆယ်နာရီလောက်မှာ ကားသွားလို့ မရတော့ပါ။ လမ်းမပေါ်မှာ “ကားများ ဆက်သွားခွင့်မပြု” ဆိုတဲ့ စာတမ်းနဲ့အတူ ကျောက်ခဲများ စီတန်းချထားတာ တွေ့ရတယ်။ ကျနော်သာ ထူးဆန်းနေတာ ဖြစ်တယ်။ ကားသွားမရလို့ ဘယ်သူမှ စိတ်ပျက်ပုံ မပြ။ ကားခပေးပြီး ပလိုင်းတွေ နဖူး ချိတ်သူချိတ်၊ ထမ်းသူက ထမ်းပြီး ရှေ့ဆက်လျှောက်ပါတယ်။

အများစုက မိန်းမတွေပါ။ ဒီကြားမှာ ကျနော်က ယောင်ချာချာနဲ့ ပါသွားပါတယ်။ ဆယ်မိနစ်လောက် ကြာတော့ လမ်းဘေးမှာ မီးခိုးငွေ့ တွေတလူလူနဲ့ မီးလောင်မြေအကွက်တွေ ရှိတဲ့နေရာ ရောက်ပါတယ်။ စစ်သား ၄-၅-၆ ယောက်က လမ်းပေါ်ထွက်ရပ်နေတာ တွေ့ရတယ်။ ဘေးက ကမူပေါ်မှာ သေနတ်တွေချိန်ပြီး ကြည့်နေတဲ့ စစ်သားတစုလည်း မြင်ရတယ်။

ဈေးသည်တွေကို မေးမြန်းနေတာက သာမန်ပဲ။ ဘာပါသလဲ? ဘယ်နှစ်ရက် ကြာမလဲ? လောက်ပါ။ ဒါပေမယ့် လှန်လှောကြည့်ပြီး မုန့်ထုပ်ယူသူ ယူ၊ အရက်ပုလင်း ဆွဲသူက ဆွဲလုပ်တာ တွေ့ရတယ်။ ဘယ်သူကမှ ပြန်မပြောရဲ။ မျှတော့ မျှတပါရဲ့။ ဈေးသည်စေ့အောင် နည်းနည်းစီယူတာပါ။ ပါးစပ်ကလည်း “တဟဲဟဲ” နဲ့ မျက်နှာချိုသွေးပါသေးတယ်။

ကျနော့်ကျတော့ ထူးခြားနေပါတယ်။ ပုဆိုးနဲ့ ပင်နီတိုက်ပုံလေးနဲ့ လွယ်အိတ်ကလေးတလုံးသာ ပါတာကလား။ ၃ ပွင့်နဲ့ စစ်ဗိုလ်က ပြုံးပြီး ကျနော့်ကို စိုက်ကြည့်နေပါတယ်။ ပြီးတော့ …

“ညီလေးက ဘာလုပ်သွားမှာလဲ”

လို့ မေးပါတယ်။ (လာပြန်ပြီ ‘ညီလေး’)

“ကျနော့်ညီတယောက် အိမ်ကထွက်ပြေးပြီး ဖားကန့်ဘက်ရောက်နေတယ်ကြားလို့ ကျောင်းနေရအောင် ပြန်ခေါ်ဖို့ လိုက်လာတာပါ”

လို့ ပြောရပါတယ်။ သူက လုံးဝ ယုံပုံမရ။

“ဘာလို့ ညာချင်ရတာလဲကွာ။ ဗမာချင်းပဲဟာ။ မင်းကျောက်တူးသွားမလို့ မဟုတ်လား။ ကျောက်အောင်ပါစေကွာ။ ကျောက်အောင်ရင်သာ အကိုတို့ကို မမေ့ပါနဲ့”

လို့ ဗမာချင်း သွေးစည်းနေလိုက်ပါသေးတယ်။ ကျနော်ကလည်း ရောယောင် သွေးသောက် တဟဲဟဲ ပြန်လုပ်လိုက်ရပါတယ်။

(မှတ်ချက် – ထိုအချိန် ၁၉၇၉ က ‘လောက်ပန်း’ ဝေါဟာရ ခေတ်မစားသေး)

ဒီလိုနဲ့ ဆက်လျှောက်ခွင့်ရကြပါတယ်။ ခပ်လှမ်းလှမ်းရောက်တာနဲ့ ညည်းသံညူသံတွေ ကချင်လိုရော၊ ဗမာလိုပါ ညံထွက်လာပါတယ်။ “အမြတ်ကလေးတာ့ ကုန်ပါပြီ” ပြောသူက ပြော။ “တနေ့က တိုက်ပွဲမှာ ဒီကောင်တွေ ဘာလို့ပါမသွားသလဲ” မေတ္တာပို့သူကပို့ လုပ်ကြပါတယ်။

ကျနော်က …

“တနေ့က ဒီနေရာ တိုက်ပွဲဖြစ်ကြသေးတယ်၊ ဟုတ်လား?” လို့ မေးကြည့်တော့ …

“ဟုတ်တာပေါ့။ ဒီကောင်တွေ သေလိုက်ကြတာ မနည်းဘူး။ ဒဏ်ရာရတဲ့လူတွေလည်း ကားနဲ့သယ်ထုတ်လို့ မနိုင်ဘူး” လို့ အလုအယက် ပြောကြပါတယ်။

(အင်း … ဒီခရီးကလည်း မဆိုးဘူး။ ပထမဆုံး ပူပူနွေးနွေး စစ်မြေပြင်ကို ခြေချခွင့်ရလိုက်တာကိုး။ နောက်မှသိရတာက ဒီအချိန် ပေါ်တာတွေ စဆွဲနေပြီ။ ကံကြီးလို့ လွတ်လာတာ)

ဒီလိုနဲ့ ကာမိုင်းမြို့လေးကို ရောက်လာပါတယ်။ ဒီမှာပဲ လူအုပ်ထဲကထွက်ပြီး ထမင်းစားပါတယ်။ စားပြီးတော့ နောက် ဈေးသည်တအုပ်နဲ့ လိုက်ရပြန်တယ်။ တောထဲမှာ စိုင်းဆိုင်မောင်းရဲ့သီချင်းတပုဒ် ကက်ဆက်တလုံးက ငြိမ့်ငြိမ့်ညောင်းညောင်း ထွက်လာတယ်။

နွေဦးရာသီ မတ်လနဲ့ သူ့သီချင်းကိုနားထောင်ပြီးလမ်းလျှောက်ရတာ အရသာတမျိုးပဲ။ ညနေလောက်မှာ ထမင်းဆိုင်ရှိတဲ့ ရွာတရွာကို ရောက်ပါတယ်။ ထမင်းစားပြီးခါရှိသေး ဓား ၂ လက်ယူနီဖောင်းနဲ့ KIA ၄-၅ ယောက် သေနတ်တွေ ကိုယ်စီနဲ့ ဝင်လာပါလေရော။ လူစေ့လျှောက်ကြည့်နေပြန်တယ်။

ကျနော် ‘ဒိတ်’ခနဲ ဝမ်းသာသွားမိတယ်။ လက်လွတ်မခံနိုင်တာနဲ့ ချက်ချင်းထပြီး တယောက်ကို …

“ကျနော် ခင်ဗျားတို့စခန်းကို လိုက်ပါရစေ” လို့ ကမန်းကတမ်း ပြောလိုက်ပါတယ်။

သူက အံ့သြသွားပြီး …

“ကိုယ့်နေရာ ကိုယ်ထိုင်နေ” လို့ အမိန့်ပေးပါတယ်။

ဆက်လက်ဖော်ပြပါမည်။
Advertisement

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s


Follow

Get every new post delivered to your Inbox.