Archive for the ‘မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ’ Category

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (နိဂုံးပိုင်း)

November 6, 2010

မျိုးတို့ တဆက်ပြီး တဆက်

ကိုကိုးကျွန်းသို့ပို့ခံခဲ့ရခြင်း၊ ကျွန်းမှလွတ်မြောက်ရေးအတွက် ကြိုးစားရုန်းကန်ခြင်း မှတ်တမ်းကို ပြန်လည်ရေးသားရာတွင် ကိုကိုးကျွန်း၏နိုင်ငံရေးဘဝ၊ ကိုကိုးကျွန်း ၏ရှုပ်ထွေးသော နိုင်ငံရေးဆက်ဆံမှု၊ ကိုကိုးကျွန်း၏ နိုင်ငံရေး တိုက်ပွဲများ၊ ပါတီတွင်းတိုက်ပွဲများ၊ ကိုကိုးကျွန်း၏ နိုင်ငံရေးအကျဉ်းစခန်း တခုလုံး၏ အခြေအနေ အစိတ်အပိုင်းမျှသာ ရှိပါသေးသည်။

ကိုကိုးကျွန်း နိုင်ငံရေးအကျဉ်းစခန်းတခုလုံး၏ အခြေအနေ၊ အဖြစ်အပျက်များကို အခြားခြားသော ကျွန်းပို့ခံရသည့် ဘဝတူများက ၎င်းတို့အသီးသီး၏ ပါဝင်လှုပ်ရှားခဲ့သော အခန်းကဏ္ဍများသည်လည်း ကိုယ်စီကိုယ်ငှ ရှိကြပါသည်။ ဤအဖြစ်အပျက်၊ ဤမှတ်တမ်းတို့သည်လည်း စစ်အာဏာရှင်စနစ် လုံးဝ ကျဆုံးပြီးမှသာလျှင် တိုင်းပြည်သို့ ပြည်သူများထံသို့ တင်ပြနိုင်ကြမည်ဖြစ်ပါသည်။

ကျနော်တို့ ကျွန်းမှထွက်ပြေးခဲ့ပြီးနောက်ပိုင်းတွင် အစာငတ်ခံတိုက်ပွဲကြီး ၂ ပွဲ ထပ်မံဖြစ်ပွားခဲ့ပါသေးသည်။ ရက် ၅၀ အကြာ အစာငတ်ခံတိုက်ပွဲ၊ ၅၂ ရက်ကြာ ကိုကိုးကျွန်း အကျဉ်းစခန်းဖျက်သိမ်းရေး၊ ပြည်မ သို့ပြန်ပို့ရေး စတုတ္ထအကြိမ် အစာငတ်ခံတိုက်ပွဲကြီးများ ဖြစ်ပျက်ခဲ့ပါသည်။

ကိုကိုးကျွန်း အကျဉ်းစခန်းဖျက်သိမ်းရေးတိုက်ပွဲသည် မြန်မာပြည်အကျဉ်းထောင် သမိုင်းတွင် အစာငတ်ခံတိုက်ပွဲဝင် ရဲဘော်ဦးရေ အများဆုံးနှင့် စုစည်းညီညွတ်စွာ တိုက်ပွဲဝင်ခဲ့မှုသည်။ မြန်မာပြည် အကျဉ်းထောင် တိုက်ပွဲသမိုင်းတွင် ဤတကြိမ် သာရှိခဲ့ဖူးပါသည်။

ကိုကိုးကျွန်း နိုင်ငံရေးအကျဉ်းစခန်း ဖျက်သိမ်းရေးတိုက်ပွဲတွင် ကျွန်းအာဇာနည် သူရဲကောင်း ၈ ဦး ရဲရင့်ပြတ်သားစွာ အသက်ပေးလှူ တိုက်ပွဲဝင်ခဲ့ကြပေသည်။ ဥပမာအားဖြင့် ကျွန်းဖျက်သိမ်းရေးတိုက်ပွဲ အာဇာနည် ၈ ဦးထဲမှ တဦးဖြစ်သူ ရဲဘော်ကိုလတ်သည် ကျဆုံးခါနီးအချိန်တွင် ညာဘက်လက်ကို ဖြည်းညင်းစွာ အားယူမြောက်ပြီး နောက်ဆုံး အလေးပြုသွားခဲ့သည်။

တပြိုင်နက်တည်းမှာပင် သူ၏ ဦးခေါင်းသည် ခေါင်းငိုက်ကျသွားပြီး အသက်ဝိဉာဉ် စွန့်သွားခဲ့လေသည်။ ဤသူရဲကောင်းများသည် သေရွာသွားသည်ကို အိမ်ပြန်သည့် အလား တည်ငြိမ်အေးဆေးစွာ ရပ်တည် တိုက်ပွဲဝင်သွားခဲ့ကြပေသည်။

ဤကျွန်းဖျက်သိမ်းရေးတိုက်ပွဲတွင် ကျောင်းသားလူငယ်များ၊ အလုပ်သမားများ၊ အမှုထမ်းများ၊ ဗမာ့တပ်မတော်မှ တော်လှန်သည့် ရဲဘော်များ စသည်ဖြင့် လူတန်းစားပေါင်းစုံ စုစည်းညီညွတ်စွာ တိုက်ပွဲဝင်ခဲ့ကြပေသည်။

မဆလ စစ်အစိုးရသည် ကိုကိုးကျွန်းအကျဉ်းစခန်းကို ဖျက်သိမ်းခဲ့ရပြီး နိုင်ငံရေးအကျဉ်းများကို ပြည်မသို့ ပြန်ခေါ်ခဲ့ရပေသည်။ ကျနော်တို့သည် ရန်သူ၏ ဖိနှိပ်ညှဉ်းပန်းမှုအောက်မှ လွတ်မြောက်ရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ရာတွင် ကျနော် ငယ်ရွယ်နုပျိုသောဘဝတွင် လူငယ်တယောက်၏ အားမာန်၊ ဇွဲသတ္တိ၊ လုံ့လ ဝီရိယ စသည့် ရှေးအစဉ်အဆက်သော လူငယ်၏ ကောင်းမြတ်သော သဘာဝအတိုင်း ကျနော်၏ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ အမျိုးသားအတွက်၊ ပြည်သူအတွက်၊ တော်လှန်ရေးအတွက် အလုပ်အကျွေးပြုခဲ့ပါသည်။

ဗမာပြည် စစ်အာဏာရှင်စနစ်ကြီးစိုးမှု ကျဆုံးရေးအတွက် တိုက်ပွဲဝင်ရာတွင် မျိုးဆက်များ တဆက်ပြီးတဆက် တိုက်ပွဲအလံကို လက်ဆင့်ကမ်းသယ်ဆောင် တိုက်ပွဲဝင်ခဲ့ကြဝင်နေဆဲဖြစ်ပေသည်။

ကျနော်တို့မျိုးဆက် လွန်ခဲ့ပြီးနောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ တိုက်ပွဲကြီးတွင် တပ်ဦးမှ ခွပ်ဒေါင်းအလံကို လွှင့်ထူချီတက် တိုက်ပွဲဝင်ခဲ့ပြီး ရဟန်း ရှင် လူ ပြည်သူတရပ်လုံးပါဝင်အောင် စည်းရုံး တိုက်ပွဲဝင်ခဲ့ကြသူများမှာလည်း ပျိုမျစ်လန်းဆန်း တက်ကြွသော မျိုးဆက်သစ် ကျောင်းသားလူငယ်များပင် ဖြစ်ပါသည်။

၈၈ မျိုးဆက် တိုက်ပွဲဝင်ရဲဘော်များနှင့် ကျနော်တို့သည် ယခုအချိန်တွင် စည်းစည်းလုံးလုံးဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးတိုက်ပွဲတွင် လက်တွဲ တိုက်ပွဲဝင်လျှက် ရှိနေကြပေသည်။

၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များ၏တိုက်ပွဲသည် ဗမာပြည် တော်လှန်ရေးအား ကြီးမားစွာ အလုပ်အကျွေးပြုခဲ့ပါသည်။ ဤတိုက်ပွဲ၏ အကျိုးဆက်အဖြစ် တိုင်းရင်းသားအသီးသီးတို့၏ အမျိုးသားရေးတိုက်ပွဲနှင့် ဒီမိုကရေစီတိုက်ပွဲဝင် အင်အားစုကြီး ၂ ရပ် ပေါင်းစည်းပေးနိုင်ခဲ့ပေသည်။

အမျိုးသားလက်နက်ကိုင်တော်လှန်ရေးနှင့် ဒီမိုကရေစီတိုက်ပွဲဝင် အင်အားစုကြီး ၂ ရပ်၏ ပေါင်းစည်းနိုင်ရေးအတွက် ဆယ်စုနှစ် ၄ စုကြာမျှ ကြိုးပမ်းတိုက်ပွဲဝင် ခဲ့ရပေသည်။ အဆက်ဆက်သော ဖောက်ပြန်သည့် အုပ်စိုးသူများ၊ စစ်အာဏာရှင် များသည် တိုက်ပွဲဝင်အင်အားစုကြီး ၂ ရပ် ပေါင်းစည်းခြင်း မပြုနိုင်အောင် အင်အားကြီးမားစွာ ပိတ်ဆို့ခဲ့ပေသည်။

ဤတိုက်ပွဲဝင် အင်အားစုကြီး ၂ ရပ်အား ပေါင်းစည်းပေးနိုင်ခဲ့ခြင်းသည် မဝေးတော့သောတချိန်တွင် စစ်အာဏာရှင်စနစ် ကျဆုံးရတော့မည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပေသည်။

တော်လှန်သည့် သူရဲကောင်းဝါဒ အဓွန့်ရှည်ပါစေ။ ။

ရဲဘော်ရှောင်း

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၅၆)

October 24, 2010

ကျနော်အထုပ်ကို ဖြေကြည့်သည်။ ကျနော့် ကရင်အင်္ကျီကို တွေ့သွားသည်။ တပ်ရင်းမှူးက …

“မင်း ဘာလူမျိုးလဲ”

“ကျနော် ကရင်လူမျိုးပဲ”

တပ်ရင်းမှူးက နည်းနည်းပါးပါးမေးပြီး ပြန်ခေါ်သွားခိုင်းသည်။

မနက် ၉ နာရီကျော်လောက်တွင် တင်ရင်းကင်းရုံးသို့ တပ်ရင်းမှူးရောက်လာ ပါသည်။ ကင်းမှူးကိုခေါ်ပြီး ကျနော့်ဒဏ်ရာကို ဆေးထည့်ခိုင်းသည်။ သွေးပေနေသောအင်္ကျီကို လျှော်ခိုင်းသည်။ လက်ကိုချည်ထားသော ကြိုးကို ဖြေခိုင်းသည်။

နောင်အခါတွင်သိရသည်မှာ ထိုစဉ်အခါက တပ်ရင်းမှူးလုပ်ခဲ့သူမှာ ကရင်အမျိုးသားဟု သိရသည်။ ကျနော့်ကို သူတတ်နိုင်သည့်ဘောင်အတွင်းမှ ကူညီခဲ့ခြင်းပင်ဖြစ်လေသလားဟု စဉ်းစားမိသည်။

ကင်းမှူးက ကျနော့်ကို တိရိစ္ဆာန်တကောင်လို သဘောထားဆက်ဆံရာမှ တပ်ရင်းမှူးက ကောင်းကောင်းမွန်မွန် ဆက်ဆံသည့်အတွက် သူ့လက်အောက်မှ လူများသည် ကျနော့်ကို ရိုင်းရိုင်းပြပြ မဆက်ဆံတော့ပါ။

အကျဉ်းထောင်သို့ တကျော့ပြန်

သံဖြူဇရပ် ခလရ ၃၀ တပ်ရင်းအချုပ်တွင် တပါတ်နေခဲ့ရသည်။ ၁၉၇၀ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက် ဗိုလ်ကြည်ဝင်း ကိုယ်တိုင်ဦးစီး၍ တပ်ကြပ်ကြီး တယောက်၊ စစ်သား ၅ ယောက် လှံစွပ်ကိုယ်စီတပ်၍ ကျနော့်ကို လက်ထိပ်ခတ်ပြီး သံကြိုးစကိုကားနဲ့တွဲပြီး တဖန် သော့ခတ်ပြန်သည်။ မော်လမြိုင်ထောင်သို့ လာပို့သည်။

မော်လမြိုင်ထောင်၏ ကြိုးတိုက်ကလေး၊ အချုပ်ခန်း အခန်းနံပတ် ၁ တွင် ကျနော့်ကိုချုပ်သည်။ ကျနော့်ခေါင်းသည် မူးဝေနောက်ကျိနေပါသည်။ ကျနော် လှဲလောင်းနေသော ကြိုးတိုက်အခန်းကျဉ်းသည် ကျနော့်ရင်ကို ပို၍ မွန်းကျပ်စေသည်။ ကျနော် မောပန်းနေပါသည်။ ကျနော် အုတ်နံရံကိုမှီပြီး အမောဖြေနေသည်။ အနီးတွင်တွေ့ရသော သံချောင်းလေးနှင့် အုတ်နံရံကို ရေးခြစ်လိုက်သည်။

‘သံဓိဋ္ဌာန်ချ အသက်စွန့်ရန် မကြောက်၊ အခက်အခဲ ဖယ်ရှား အောင်ပွဲအရယူ’
၁၀-၁၀-၁၉၇၀ ခုနှစ် 

တော်လှန်ရေးသမားတိုင်း တော်လှန်ရေး ဆက်လုပ်ကြ
(အားနက်စကို ချီဂွေဗားရား)

လွန်ခဲ့သည့်ရက်များက ဖြတ်သန်းခဲ့ရသည့် ကြမ်းတမ်းပြင်းထန်လှသော အဖြစ်အပျက်များက ကျနော့် အတွေးအာရုံတွင် ပြန်ပေါ်လာကြသည်။ ဖထီးမန်းအောင်ကြည်၊ ဆရာ ဦးအောင်ငွေ သူတို့ လွတ်မြောက်ကြရဲ့လား။ တိုက်ပွဲဟာ အဆုံးအရှုံး များတယ်။ ဆက်ပြီး တိုက်ရဦးမယ်။

ကြိုးတိုက်အချုပ်ခန်း၏ အပေါက်ဝသံတိုင်တွင် မှီထိုင်ရင်း အပြင်လောက ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ အောက်တိုဘာ သီတင်းကျွတ်လဆန်း၏ ကောင်းကင်သည် ပြာလဲ့ပြီး လှပကြည်လင်နေသည်။

မိုးငွေ့နည်းသော တိမ်တောင် တိမ်ရိပ်တို့သည် ဖြူဖွေးတောက်ပသောအဆင်းကို ဆောင်ယူကြလျှက် ဂွမ်းပုံ ဂွမ်းလိပ်ကြီးများပမာ အားနည်းလာပြီဖြစ်သော အနောက်တောင်လေကို ဟီးလေးခိုကာ အုပ်စုဖွဲ့လျှက် တအိအိ ရွှေ့လျားနေကြလေ၏။

“ဒို့ရဲဘော်များဟာ အခက်အခဲတွေ့လျှင် အောင်မြင်မှုကို ကြည့်ရမယ်။ နေရောင်ခြည်ကို မြင်ရမယ်။ ဒို့ရဲ့စိတ်ဓာတ် ရှင်သန်နေရမယ်”

ရဲဘော်ဖိုးသံချောင်းတို့ မန္တလေးမှရဲဘော်များ ပြည်တော်ညွန့်သင်္ဘောပေါ်တွင် ပထမဆုံးသီဆိုခဲ့သော သီချင်းသံကို ပြန်လည်ကြားယောင်လာပါသည်။

၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်
တနင်္လာနေ့။

၁၉၆၀ ခုနှစ်၊ နံနက် ၁၁ နာရီ ၁၅ မိနစ်

ကေအဲန်ယူ၊ ကရင့်လက်နက်ကိုင် တော်လှန်ရေး
ရှေ့တန်းပြောက်ကျားဒေသ တနေရာ

ဆက်လက်ဖော်ပြပါမည်။

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၅၅)

October 17, 2010

ည ၉ နာရီအချိန်လောက်တွင် ကျနော့်ကို စစ်သား ၅ ယောက်၊ ၃ ရစ်နဲ့စစ်သားက ဦးဆောင်ပြီး လာခေါ်ထုတ်သွားသည်။ ခေါင်းမူးနေသည်။ ကျနော် လမ်းလျှောက်၍မကောင်းပါ။ ညသည် မှောင်နေသည်။

ဒီနေ့ အောက်တိုဘာ ၃ ရက်၊ သီတင်းကျွတ်လဆန်းကလည်း ၃ ရက်နေ့၊ မှောင်မိုက်သော်လည်း ကောင်းကင်မှာ ကြယ်တွေအချို့ လင်းနေသည်။ ကျနော် ကောင်းကင်ကို တချက်မော့ကြည့်သည်။

ဒါဟာ ငါ့အတွက် နောက်ဆုံးအချိန်လား၊ ကျနော် ရုန်းကန်ချင်ပါသေးသည်။ ကျနော့်မှာ အားမာန် ရှိနေပါသေးသည်။ သို့သော် ကျနော့်ရုပ်ခန္ဓာကိုယ်က မဟန်နိုင်တော့ပါ။ ကျနော့် ဘာလုပ်သင့်သလဲ။ ကျနော် စဉ်းစားကြည့်သည်။ စဉ်းစား၍ အဖြေမပေါ်ပါ။ အခြေအနေကို ကျနော် ဖန်တီးဖို့ ကြိုးစားပြန်သည်။

“ကျနော် သေးပေါက်ချင်တယ်”

“သေးပေါက်ချင်ရင် လမ်းပေါ်မှာပဲ ထိုင်ပေါက်၊ လမ်းဘေးကို မဆင်းနဲ့”

၃ ရစ်နဲ့စစ်သားက အမိန့်ပေးသည်။ ကျနော် လမ်းပေါ်မှာပဲ ထိုင်၍ပေါက်သည်။ အမှန်က ကျနော် သေးပေါက်ချင်သည် မဟုတ်ပါ။ အချိန်အနည်းငယ် ယူချင်သည်။ ရသည့်အချိန်ကလေးတွင် မှန်မှန်ကန်ကန် စဉ်းစားပြီး ဆုံးဖြတ်ချက်တခုကို ချရန်ဖြစ်သည်။ ကျနော် လမ်းပင်ကောင်းကောင်း မလျှောက်နိုင်ပါ။ ကျနော့်ဘဝသည် ရန်သူလက်ထဲ၊ ကံကြမ္မာလက်ထဲသို့ ဝကွက်ရတော့မည့်အခြေသို့ ရောက်လာသည်။

၃ ရစ်နှင့်စစ်သားက ကျနော့်ကိုထခိုင်းပြီး ဆက်လျှောက်ခိုင်းသည်။ မီးလင်းနေသော အဆောက်အဦတခုထဲသို့ ခေါ်လာသည်။ အခန်းတခုထဲသို့ ဝင်ခိုင်းသည်။ ယူနီဖောင်းနှင့် စစ်ဗိုလ် ၂ ဦး၊ ၃ ဦး အခန်းထဲတွင် ရှိနေသည်။ ရေးတွင် ကျနော့်ကို စစ်ခဲ့သော တပ်ရင်းထောက်လှမ်းရေးအရာရှိ ဗိုလ်ကြည်ဝင်းလည်း ရှိနေသည်။ ဒုဗိုလ်မှူးအဆင့် တပ်ထားသော တပ်ရင်းမှူးလုပ်သူက စမေးသည်။

“မင်းတကိုယ်လုံး သွေးတွေချည်းပါလား၊ ဘာဖြစ်လို့လဲ”

“ဝိုင်းရိုက်ကြလို့ သွေးတွေပေကုန်တာ”

“ဘာဖြစ်လို့ ဝိုင်းရိုက်တာလဲ”

“သေနတ်လုလို့ ဝိုင်းရိုက်တာ ထင်တာပဲ”

“ဘာဖြစ်လို့ သေနတ်လုရတာလဲ”

“ကျနော်ဟာ သေလူပဲ၊ ကျနော်လွတ်မြောက်ဖို့အတွက် ရုန်းကန်ရမှာပဲ”

“မင်းကို မသတ်ချင်လို့ ဒီအထိခေါ်လာတာပေါ့ကွ၊ သတ်ချင်ရင် တောထဲမှာကတည်းက သတ်ပစ်လိုက်မှာပေါ့”

အမှန်က သူတို့သဘောကောင်း၍ ခေါ်လာခြင်းမဟုတ်ပါ။ ကျနော် ဘာကောင်မှန်း အသေအချာမသိ၍ ခေါ်လာခြင်းသာ ဖြစ်သည်။

တပ်ရင်းမှူးလုပ်သူက ဆက်မေးပြန်သည်။

“ကဲ… အချိန်သိပ်မရှိဘူးကွာ၊ မင်းတို့ ဘာလို့ထွက်ပြေးသလဲ ပြောစမ်း”

ကျနော် အတိုချုံး၍ ပြောပြသည်။ သူက ဆက်မေးပြန်သည်။

“ဘယ်သူတွေပါလဲ”

“ဖထီးမန်းအောင်ကြည်နဲ့ ဦးအောင်ငွေ”

“သူတို့ဘယ်မှာနေသလဲ”

“ဖထီးမန်းအောင်ကြည်က ဝါးခယ်မ၊ ဦးအောင်ငွေက မုန်း က”

ဤတွင် တပ်ရင်းမှူးက ဗိုလ်ကြည်ဝင်းမျက်နှာကို ကြည့်လိုက်ပြီး …

“ဗိုလ်ကြည်ဝင်း၊ အောင်ငွေက မုန်းကလို့ ပြောတယ်ကွ၊ မင်းအမျိုးများဖြစ်နေမလား”

ဗိုလ်ကြည်ဝင်းမျက်နှာကို ကွက်ခနဲကြည့်လိုက်ရာ ဗိုလ်ကြည်ဝင်းမှာ မျက်နှာတချက်ပျက်သွားသည်။ သူ ချက်ချင်း သတိထားလိုက်သည်။

ဆက်လက်ဖော်ပြပါမည်။

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၅၄)

October 12, 2010

ရထားရပ်သွားသည်နှင့် စစ်သားများက ကျနော့်ကို ရထားအောက်ဆွဲချပြီး ဝိုင်းရိုက်ကြပါတော့သည်။ ကျနော့်ခေါင်း နောက်စေ့ကို ဒုတ်ခနဲ ထိပြီး ခေါင်းမှာ ပူခနဲ ဖြစ်သွားသည်။ ကျနော် စိုက်ကျသွားပါသည်။ ကျနော် ဘာမျှ သတိမရာတော့ ပါ။ ဘယ်လောက်ကြာသည်လည်း မသိပါ။

“ဟေ့ကောင်၊ ထ … ထ”

ဆိုသော အသံကြားရပြီးနောက် ကျနော် ကုန်းထပါသည်။ ကျနော် နှာခေါင်းထဲ ကရော၊ ပါးစပ်ထဲကရော သွေးတွေ တရဟောစီးကျနေသည်။ နောက်တချက် ထပ်ရိုက်ခံရသည်။ နောက်ထပ် သတိလစ်သွားပြန်သည်။

ကျနော် သတိပြန်ရချိန်တွင် ကျနော် ရထားတွဲပေါ်ရောက်နေပြီး ခွေခွေလေး ဖြစ်နေသည်။ လက်ကို နောက်ပြန်ကြိုးတုပ်ထားသည်။ ကျနော့်တကိုယ်လုံး သွေးတွေနှင့်ရွှဲနေသည်။ ရထားသည် ဆက်သွားနေသည်။ နာရီဝက်နီးပါးလောက် အကြာတွင် သံဖြူဇရပ်ဘူတာသို့ရောက်ပြီး ရထားဆိုက်သည်။

ဘူတာရုံတွင်ရှိသော ခရီးသည်များက “တကျွန်းပြန်” “တကျွန်းပြန်” ဆိုပြီး ကျနော့်ကို ဝိုင်းအုံကြည့်ကြပါသည်။ သွေးတွေနှင့်တကိုယ်လုံး လူးနေသော ကျနော့်ကို အမျိုးသမီးများက တွေ့သွားသောအခါ သူတို့လန့်သွားကြပြီး ချက်ချင်းပင် ကပျာကယာ ပြန်လှည့်သွားကြသည်။

ကျနော့်ကို ရထားတွဲ ပေါ်မှတွဲချပြီး စစ်ကားတစီးပေါ်သို့တင်သည်။ ခဏအကြာတွင် သံဖြူဇရပ် ခလရ ၃၀ တပ်ရင်းထဲသို့ ကားမောင်းဝင်သွားသည်။ တပ်ရင်းထဲရောက်သည်နှင့် တပ်ရင်း ကင်းရုံသို့ခေါ်သွားသည်။ စစ်သား အချုပ်ခန်းထဲသို့ သွင်းလိုက်သည်။

ကျနော် မူးနေသည်။ ယိမ်းယိုင်ဝင်သွားသည်။ အချုပ်ခန်းထဲတွင် အချုပ်ကျနေသော စစ်သားများက ကျနော့်ကို ဝိုင်းပြီး ထိုးကြိတ်ကြပြန်သည်။ လွန်ခဲ့သော အချိန်ပိုင်းကလေးကမှ ရိုက်နှက်ထိုးကြိတ်ခံရမှုကြောင့် ကွဲပြဲပြီး သွေးထွက်သံယိုဖြစ်ခဲ့ရသည်။

ယခု သွေးထွက်ရပ်သွားပြီး အခု နောက်ထပ်တဖန် အချုပ်ခန်းထဲရောက်မှ စစ်သားများက ထပ်ပြီး ဝိုင်းရိုက်၊ ထိုးကြိတ်ကြပြန် သည့်အတွက် သွေးတွေ ထပ်ထွက်ပြန်ပါသည်။ ကျနော် ခွေလဲကျသွားသည်။ ခြေထောက်နှင့် ဝိုင်းကန်ကြပြန်သည်။ တဖန် ကျနော် သတိမေ့သွားပြန်သည်။

ကျနော် ပြန်သတိရလာသည့်အချိန်တွင် ကင်းမှူးလုပ်သည့် ၂ ရစ်နှင့်စစ်သားက ကျနော့်ကို ထုတ်သတ်ချင်သည်မှာ လက်ယားနေပါသည်။ ဆဲဆိုလိုက်တာကလည်း မအေ၊ နှမ မိုးမွှန်နေပါသည်။ ပြီးတော့မှ သူက ပြောသည်။

“ဟေ့ကောင် … မင်းအချုပ်ခန်းထဲကို မဝင်နဲ့၊ မင်းနဲ့ အချုပ်ခန်းနဲ့ မတန်ဘူး”

“အဲဒီ ဖိနပ်တွေချွတ်တဲ့ ဖိနပ်ချွတ်မှာ မင်း အိပ်”

“ဒီဖိနပ်ချွတ်နေရာမှာပဲ မင်းနဲ့တန်တယ်”

ကျနော့်ကို လက်ပြန်ကြိုးတုပ်ထားရာမှ ကြိုးဖြေပြီး ရှေ့တွင်လက်ကိုပြောင်း၍ ချည်သည်။ ပြီးတော့မှ ကင်းမှူးက ကျနော့်ပါးကို တအားလွဲရိုက်လိုက်သည်။ အချုပ်ခန်းထဲ အဝကို ဆောင့်ကန်သွင်းသည်။ ကျနော် ခေါင်းမူးလှပါသည်။ လှ၍အိပ်ချင်သည်။

ကျနော့်ကို အိပ်ခိုင်းသည့်နေရာမှ ဖိနပ်ချွတ်၊ ဖိနပ်တွေချွတ်ထားသည့်နေရာ။ ကျနော်ခဏလေး လှဲချင်သည်။ မဟန်နိုင်တော့ပါ။ ဖိနပ်တွေချွတ်ထားသည့် ဖိနပ်ပုံပေါ်တွင် ကျနော်လှဲအိပ်လိုက်သည်။ ဘယ်ဘက်နှင့် ညာဘက်ကိုသာ စောင်း၍ အိပ်ရသည်။ ပက်လက်အိပ်၍ မရပါ။ ကျနော်ခေါင်းနောက်စေ့ တည့်တည့်တွင် အရိုက်ခံရသည့် ဒဏ်ရာကြောင့် နောက်စေ့ကွဲပြီး ပက်လက်အိပ်၍ မရပါ။

ကျနော်သည် ခေါင်းအလွန်ကိုက်ပြီး မောပန်းနွမ်းချိနေသည်။ ကျနော့်ခေါင်းထဲတွင် သွေးတွေခဲပြီး အတောင့်လိုက်ဖြစ်နေသည်။ သွေးခဲများကို ကလော်ထုတ်ရသည်။ မူးဝေမောပန်းနေသည်။ သည့်အတွက် ခွေခွေကလေး မှိန်းပြီးနေရသည်။

ဆက်လက်ဖော်ပြပါမည်။

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၅၃)

October 7, 2010

သံဓိဋ္ဌာန်ချ၊ အသက်စွန့်ရန်မကြောက်

အခွင့်အလမ်းသည် ကျနော့်အတွက် ပို၍သာပါသည်။ ကျနော့်ဘေးတွင် ထောင်ထားသော ဂျီသရီးကို ကောက်ယူပြီး တွဲအောက်ခုန်ချရုံဖြင့် ကျနော် အလွယ်တကူပင် လွတ်မြောက်သွားပါမည်။

ဆရာဦးအောင်ငွေ ဘာဖြစ်မည်နည်း။ ကျနော့်ကြောင့် ရန်သူ၏ရက်စက် ညှဉ်းပန်းမှုကို မတွေးရဲလောက်အောင် ဖြစ်သည်။ ရန်သူတို့၏လက်တွင် ဆရာဦးအောင်ငွေကို ဝကွက်ပြီး မထားခဲ့ မထားရက်နိုင်ပါ။

ဤမျှပင်ပန်းခက်ခဲကြမ်းတမ်းသော တိုက်ပွဲခရီးစဉ်တလျှောက်လုံး အတူတကွ ရုန်းကန်လာခဲ့ကြပြီးမှ ဤသို့ အခြေအနေမျိုးတွင် ဦးအောင်ငွေကို ရန်သူ့လက်ထဲ တွင် ကျနော် လုံးဝ မထားခဲ့နိုင်ပါ။ သေရင်လည်းအတူ၊ ရှင်ရင်လည်း အတူ ဦးအောင်ငွေကို ကျနော်နှင့်တပါတည်း လွတ်မြောက်အောင် ကယ်တင်မည်။

ကျနော့်ခေါင်းထဲတွင် ကျွန်းမှာ အမြဲသီဆိုခဲ့သော သီချင်းတပုဒ်သည် မည်ဟိန်း၍ ပေါ်လာသည်။

“သံဓိဋ္ဌာန်ချ အသက်စွန့် ရန်မကြောက်၊ အခက်အခဲ ဖယ်ရှား၊ အောင်ပွဲအရယူ၊ သံဓိဋ္ဌာန်ချ အောင်ပွဲရယူ”

သီချင်းမှာ ကျနော့်ခေါင်းထဲမှာ မထွက်တော့ပါ။ ကျနော် သေနတ်ကိုယူပြီး ခုန်ထွက်မည်၊ မောင်းတင်ပြီး ပစ်ချမည်၊ ဦးအောင်ငွေကိုပါ အရကယ်တင်မည်။

ရထားသည် သံဖြူဇရပ်ဘူတာသို့ ရောက်လာပါတော့မည်။ ဦးအောင်ငွေက လှမ်းပြောသည်။ “သံဖြူဇရပ် ရောက်တော့မယ်” ကျနော် သံဓိဋ္ဌာန်ချလိုက်ပါပြီ။ ကျနော့်လေးတွင် ထောင်ထားသော ဂျီသရီးသေနတ်ကိုယူ၍ တွဲပြင်သို့ ခုန်ထွက်လိုက်သည်။ သေနတ်မောင်းကို ဘယ်လက်ဖြင့်ဆွဲတင်ပြီး ဖြောင်းခနဲ ရိုက်ချလိုက်သည်နှင့် အတူ တပြိုင်နက် ကျနော် ထိုးပြီးပစ်ချလိုက်သည်။

ကျနော်လှုပ်ရှားမှုနှင့် မရှေးမနှောင်း စစ်သားသည် “ဒီလိုမလုပ်နဲ့” တခွန်းအော်ပြီး ကျနော့်ကို ခုန်အုပ်သည်။ ကျနော် ထိုးပစ်လိုက်သော သေနတ်ပြောင်းကို လက်နှင့်ပုတ်လိုက်နိုင်သည့်အတွက် ဂျီသရီးသေနတ်သည် ၂ ယောက်ကြားတွင် ကျည်ဆံ “ဝေါခနဲ” “ဝေါခနဲ” ထွက်သွားသည်။

စစ်သားနှင့်ကျနော်သည် လုံးထွေးနေသည်။ ဤတွင် ရေးမှ သံဖြူဇရပ် တပ်ရင်းသို့ ခွင့်နှင့်ပြန်လာသော သေနတ်မပါသည့် အရပ်ဝတ်နှင့် စစ်သား ၃-၄ ယောက်က ကျနော့်ကို ဝင်လုံးသည်။ ၅ ယောက်နှင့် တယောက်လို ဖြစ်နေသည်။ ကျနော့်ကို ထိုးတဲ့အကောင်က ထိုး၊ ကန်တဲ့အကောင်က ကန်နှင့် သေနတ်မှာ သူတို့ လက်ထဲရောက်သွားသည်။

ရထားသည် အရေးပေါ်ရပ်သွားသည်။ ကျနော်လှုပ်ရှားမှုနှင့်အတူ ဦးအောင်ငွေ သည် သူ့ကိုစောင့်သည့် စစ်သား၏ ပေါင်အောက်မှ သေနတ်ကို ကိုင်လိုက်ပြီး တပြိုင်နက်တည်း တွဲအောက်သို့ ဆွဲချသည်။ ၂ ယောက်သား ရထားသံလမ်းပေါ် ကျသွားသည်။ သတိနှင့်ရှိနေသော ဦးအောင်ငွေက စစ်သားမျက်နှာကို ရထားလမ်းခင်းသည့်ကျောက်ခဲနှင့် မျက်နှာကို ၂ ချက် ဆင့်ထုသည်။ စစ်သားမေ့သွားသည်။ သေနတ်ကို ဦးအောင်ငွေ ရသွားသည်။

ရထားရပ်သွားသည့်အချိန်တွင် ဦးအောင်ငွေကို ကျနော်လှမ်းမြင်ရသည်မှာ ကိုက် ၅၀၀ ခန့်ရှိမည်ဟု ထင်ရသည်။ တောင်ကြားတွင် ရထားလမ်းဖောက်ထားသည့် နေရာဖြစ်သည်။ ဆရာဦးအောင်ငွေသည် ဂျီသရီးကို ပုခုံးပေါ်တင်၍ ရထားလမ်းမှ ကုန်းကျောအမြင့်ပေါ်သို့ တက်သွားသည်ကို လှမ်းမြင်ရသည်။ ဤမြင်ကွင်းမှာ ဆရာဦးအောင်ငွေအား နောက်ဆုံး မြင်ရခြင်းနှင့် နောက်ဆုံးခွဲခွာရခြင်းဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၅၂)

September 27, 2010

ဆက်တိုက်ရမယ်

ဦးအောင်ငွေက ခေါင်းငြိမ့်ပြီး “ဆက်တိုက်မယ်” ပြန်ပြောသည်။ မနေ့ညက လာသည့် စစ်ဗိုလ်အကြောင်း ဦးအောင်ငွေအား ပြန်ပြောပြရာ …

“ဒါ ကျနော့်တူ ဗိုလ်ကြည်ဝင်းပဲ၊ သူက မုန်းကပဲ၊ ကိုသက်ဝင်းတို့အိမ်မှာ လာနေပြီး ကျောင်းတက်တယ်၊ သူ အရင်က တကသမှာ လုပ်ခဲ့သေးတယ်”

နောက်တနေ့မနက် ၁၉၇၀ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ မနက် ၇ နာရီ လောက်ရှိမည်။ ရေး ပုလိပ်အချုပ်သို့ စစ်သား ၂ ယောက်ရောက်လာသည်။ တာဝန်ကျပုလိပ်က ကျနော်တို့ ၂ ယောက်နာမည်ခေါ်ထုတ်ပြီး စစ်သားလက်သို့ အပ်ပါသည်။ စစ်သား ၂ ယောက်က ကျနော်တို့ ၂ ယောက်ကို မေးသည်။ ဦးအောင်ငွေကို …

“ခင်ဗျားက ဘာအလုပ်လုပ်လဲ”

ဦးအောင်ငွေက …

“ကျနော် ကျောင်းဆရာပါ”

ကျနော့်ကို ဆက်မေးပြန်သည်။

“မင်းကရော ဘာလုပ်သလဲ”

“ကျနော်က ကျောင်းသားပါ”

စစ်သားက …

“ခင်ဗျားတို့ကို ကြိုးနဲ့မတုပ်ဘူး၊ ကောင်းကောင်းမွန်မွန် လိုက်ခဲ့ပါ”

ဦးအောင်ငွေက …

“စိတ်ချပါ၊ ကျနော်တို့လမ်းမှာ ထမင်းငတ်လာတော့ အားပြတ်နေတာပါ”

ကျနော်တို့ကို ဂါတ်တဲပေါ်မှခေါ်ချလာပြီး ရေး ဘူတာရုံသို့ ရောက်လာပါသည်။ မကြာမီ ရထားပေါ် တက်ကြပါသည်။ တွဲမှာ အစောင့်တွဲဖြစ်သည်။ အစောင့်ပုလိပ် ၅ ယောက်ပါသည်။ ဦးအောင်ငွေကို ကျနော်က ပြောသည်။

“အခြေအနေပေးရင် အလုပ်လုပ်မယ်”

သူက “လုပ်မယ်၊ စိတ်ချ” ပြန်ပြောသည်။

ခဏအကြာတွင် ရထားသည် ရေးမှ မော်လမြိုင်သို့ စတင်ထွက်ခွာလာပါသည်။ ရထားပေါ်ရောက်သောအခါ ကျနော်တို့က အစောင့်စစ်သားထံ ထမင်းတောင်း စားသည်။ လမ်းကျမှ ပြန်ဝယ်ပေးမည် ပြောသည်။ အစောင့် စစ်သားတွေက ဟန်းကောနှင့်ထည့်လာသော ထမင်းကို ကျွေးသည်။

သူတို့ထမင်းကို ကျနော်တို့စားပစ်လိုက်သည်။ ကျနော်တို့က ဗိုက်ပြည့်ဖို့ လိုသည်။ ရထားသည်ဆက်လက်၍ တဘူတာပြီး တဘူတာ ဝင်ရပ်လိုက်၊ ဆက်ထွက်လိုက် မောင်းနှင်နေသည်။ လမိုင်းဘူတာသို့ရောက်လျှင် ဦးအောင်ငွေက ထမင်းပြန် ဝယ်ကျွေးသည်။ ကျနော်က စတင်၍ အခြေအနေကို ဖန်တီးယူသည်။

“အကိုကြီး ခင်ဗျားသေနတ်က ဘေးကအပေါက်တွေက များလှချည်လား၊ အဲဒီအပေါက်တွေထဲက ကျည်ဆံထွက်သလား”

“မင်းကလည်းကွာ ပေါက်ပေါက်ရှာရှာ သေနတ်ပြောင်းမပူအောင်၊ အေးအောင် အပေါက်ဖောက်ထားတာ”

“အကိုကြီးသေနတ်က ဘယ်လိုခေါ်လဲ”

“ဒီသေနတ်ဟာ ဂျီသရီးလို့ခေါ်တယ်ကွ၊ ဂျာမဏီကနေ စက်ရုံလာတည်ပြီး ဒီမှာလုပ်တာ၊ မြောက်ပိုင်းမှာ ဗကပတွေနဲ့ တိုက်တာ ပစ်ရလွန်းလို့ သေနတ်ပြောင်းတောင် ပြတ်ထွက်တယ်။ ဒီသေနတ်က ပေါ့ပေါ့ကလေး ကိုင်ကြည့်ပါလား”

“ဟာ နေပါစေ၊ ကျနော်မကိုင်ရဲဘူး၊ ကျနော်က သေနတ်ဆိုရင် သိပ်ကြောက်တတ်တယ်၊ ငယ်ငယ်ကလေးထဲကပဲ”

ဦးအောင်ငွေက ပြောပြန်သည်။

“ဒီတွဲက မြင့်လွန်းအားကြီးတယ်ဗျာ၊ တွဲဆောင့်တော့ ခေါင်းသိပ်မူးတာပဲ၊ နောက်တွဲကို ပြောင်းစီးရအောင်”

ရထားသည် ရှေ့ဘူတာတွင် ရပ်သည်။ နောက်ဆုံးတွဲ ဂါတ်ဗိုလ်တွဲသို့ ပြောင်းစီးပါသည်။ ဂါတ်ဗိုလ်တွဲသည် နောက်ဆုံးတွဲ ဖြစ်သည်။ ကုန်တွဲရထားများတွင်လိုက်ပါသည့် ဂါတ်ဗိုလ်တဲမျိုးဖြစ်သည်။ တွဲ၏ရှေ့တွင် ကွက်လပ်၊ နောက်တွင် ကွက်လပ်၊ အလယ်တွင် အိမ်သာတွဲနှင့်တူသော တဲကလေးတလုံး၊ ထိုတွဲထဲတွင် ကျနော်နှင့် အစောင့်စစ်သားတယောက်၊ ရှေ့ ကွက်လပ်တွင် ဦးအောင်ငွေနှင့် အစောင့်စစ်သားတယောက်။

ကျနော်နှင့်အတူ တွဲကလေးထဲတွင် ထိုင်နေသော စစ်သားသည် သူ့ဂျီသရီး သေနတ်ကို ဘေးတွင်ထောင်ထားပြီး အေးအေးလူလူ လိုက်ပါလာသည်။ သူထောင်ထားသော သေနတ်သည် သူနှင့်ကျနော် ၂ ယောက်ကြားတွင် ရှိသည်။ ဦးအောင်ငွေကိုစောင့်သော စစ်သားသည် သူ့ဂျီသရီးကို ကြမ်းပြင်တွင် ချထားပြီး ပေါင်တဖက်နှင့် ဖိထားသည်။ သူတို့ ၂ ယောက် မျက်နှာချင်းဆိုင်ထိုင်ပြီး ခြေထောက် တယောက် တဖက်စီ အောက်သို့ တွဲလောင်းချထားသည်။

ဤစစ်သား ၂ ယောက်သည် ကျနော်တို့ကို ယုံနေပါပြီ။ သူတို့စောင့်ပြီးခေါ်လာ ရသည့် အချုပ်သား ၂ ယောက်သည် ပင်လယ်ထဲတွင် ငတ်ပြတ်ပြီး အားပြတ်နေကြသူ ပြီးတော့ တယောက်က ကျောင်းဆရာ၊ တယောက်က ကျောင်းသား၊ သူတို့ အတော်လျှော့တွက်ထားပုံရပါသည်။

ကျနော့်၏ ငယ်ရုပ်မပျောက်သေးသော ပုံဟန်သည် သူတို့အတွက် မှုလောက်စရာ မဟုတ်ပါ။ ဒါပေမယ့် သူတို့ မသိလိုက်တာတခုကတော့ ဤကျောင်းသားသည် တောခိုကျောင်းသား၊ သေနတ်တလက်ကို ကျွမ်းကျင် သွက်လက်စွာ ပစ်ခတ်တိုက်ခိုက်တတ်သော ကျောင်းသားတယောက်မှန်း သူတို့ မသိလိုက်ပါ။

ဆက်လက်ဖော်ပြပါမည်။

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၅၁)

September 14, 2010

သူ့စစ်သားတွေကို အမိန့်ပေးသွားသည်။ ဒူးယားဘုန်းကြီးကျောင်းအောက် ပျဉ်ပြားကြီးတခုပေါ်တွင် လက်ကို နောက်ပြန် ချည်၊ ခြေတောက်ကိုလည်း ချည်ထား၊ ကျနော့်ခေါင်းရင်းတွင်လည်း မီးခွက်တခွက် ထွန်းထားသည်။ မီးခွက်နောက်က ဆန်ကောတချပ် ထောင်ပြီး ကာထားသည်။ ဆန်ကောနောက် ကျနော့်ခေါင်းရင်းတွင် ကင်းသမားတယောက် ချထားသည်။ ကျောင်းတံစက်မြိတ်တွင် တယောက်၊ ကျောင်းခြံပေါက်ဝတွင် တယောက် ကင်းချထားသည်။ ၎င်း ချင်းစစ်ဗိုလ်က …

“ကင်း ၃ ထပ်ချထားတယ်ကွာ၊ မင်းကျွန်းကသာ ပြေးလို့လွတ်မယ်၊ တို့လက်ထဲမှာတော့ မင်းပြေးလို့ မလွယ်ဘူး”

ပြောဆိုပြီး ကျောင်းပေါ်ပြန်တက်သွားသည်။

၎င်းညတညလုံး ကျနော်အိပ်၍မရပါ။ ကျနော့်ကို ခြေတောက်ချည်ထားသည့် ပျဉ်ပြားပေါ်တွင် အိပ်ရသည်မှာ ခေါင်းရင်း ဘက်က မြင့်သွားလိုက်၊ ခြေရင်းဘက်က မြင့်သွားလိုက်၊ လှိုင်းစီးနေရသလို ခံစားရပြီး အိပ်မရပါ။ ၎င်းညအဖို့ လှိုင်းမူးသကဲ့သို့ဖြစ်ပြီး မနက်မိုးလင်းလာပါသည်။

မနက် ထမင်းစားချိန်ရောက်လျှင် စစ်သားများ စားသောက်ကြသောအခါ ချင်းစစ်ဗိုလ်ရောက်လာသည်။

“ဒီကောင့်ကို ထမင်းခဲတခဲ ထည့်ကျွေးလိုက်”

ဟု အမိန့်ပေးသွားသည်။ စစ်သားများက ထမင်းတပန်းကန်တွင် ထမင်းထည့်ပြီး ကျွေးသည်။ ကျနော်စိတ်ထဲက တွေးလိုက်သည်။ ငါတော့ မသေခင် ဝအောင်စားထားမယ်။ တကယ်တွင် ကျနော် ထမင်းမြိုလို့မရပါ။ ညက ကျနော့် လည်ပင်းကို တက်နင်းထားသည်မှာ အတော်ပင်နာနေပါသည်။

၁၀ နာရီထိုးလောက်တွင် ၎င်းတို့ ဘုန်းကြီးကျောင်းမှ ထွက်ကြသည်။ စစ်သားတယောက်လက်ကိုအပ်ပြီး ကျနော့်လက်ပြန် ကြိုးစကို သူ့စစ်ခါးပတ်နှင့် ချည်ပါသည်။ မွန်းလွဲပိုင်းတွင် ရေးမြို့သို့ ရောက်လာသည်။ ရေးမြို့အချုပ်သို့ ပို့သည်။

ပင်လယ်ထဲမှာ ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရသည်။ ယခုတော့ အချုပ်ခန်း အနှောင်အဖွဲ့ထဲသို့ ရောက်ခဲ့ရပြန်သည်။ ကျနော့်စိတ်ထဲက ဘာမှ ပူပန်ဆင်းရဲခြင်းမဖြစ်ပါ။ ငါ့ကို မိပါစေ၊ ဖထီးမန်းအောင်ကြည်နဲ့ ဆရာဦးအောင်ငွေ လွတ်သွားရင် တော်ပါပြီ။ စိတ်ထဲ က ကျေနပ်နှစ်သိပ်လိုက်သည်။

၎င်းညတွင် ကျနော့်ကို စစ်တပ်မှ လာခေါ်ထုတ်ပါသည်။ ကျနော့်ကို မေးသည်။ ကျွန်းမှာရှိသည့် ကျောင်းသား ခေါင်းဆောင်များကို မေးသည်။ ဗကသ၊ တကသ၊ ရကသ ကျောင်းသားခေါင်းဆောင်များ၏အမည်ကို ကျနော် ပြောပြသည်။ သူက တောင်ငူကလို့ ပြောသည်။ ကျနော်က တောင်ငူ အထက ကျောင်းအုပ်ဆရာမကြီးသား ကိုသက်ဝင်းကို သိလား မေးရာ စစ်ဗိုလ်က သူငယ်ချင်းဖြစ်ကြောင်း၊ တအိမ်ထဲ အတူနေခဲ့ရကြောင်း ပြောပြသည်။

နောက်တနေ့မနက် နေ့လည်တွင် မမျှော်လင့်ဘဲ ဦးအောင်ငွေ ရေး ဂါတ်ထဲသို့ ရောက်လာပါသည်။ ကျနော် မမျှော်လင့်ပါ။ ကျနော့်စိတ်တွေလေးလံပြီး အလွန် စိတ်ထိခိုက်သွားပါသည်။ ဦးအောင်ငွေက ၎င်းအဖြစ်အပျက်ကို ပြောပြပါသည်။

စစ်သားတွေလာဝိုင်းတော့ သူနှင့်ဖထီးမန်းအောင်ကြည် တယောက်တကွဲစီ ဖြစ်သွားကြောင်း၊ မနက်လင်းတော့ ရွာသား တွေပြောပြီး လူကြီးဆီသွားအပ်ကြောင်း၊ သူကြီးဆီရောက်သောအခါ ဦးအောင်ငွေက သူကြီးအကြောင်းကို လေ့လာပြီးမှ အကူအညီတောင်းဖို့ လာကြောင်း၊ တော်လှန်ရေးသမားဖြစ်ကြောင်း မွန်ပြည်သစ်ပါတီသို့ ပို့ပေးစေလိုကြောင်း ပြောပြပါသည်။

သူကြီးက လက်မခံဘဲ ရေးစစ်တပ်သို့ လာပို့ပါသည်။ ကျနော်တို့သည် ဒူးယားသူကြီးကို အားကိုးယုံကြည်စွာဖြင့် လာခဲ့သည်။ ကျနော်တို့မှာ သူကြီး၏ သစ္စာဖောက်မှုကို ခံလိုက်ရသည့်အတွက်ကြောင့် ရည်မှန်းချက်တွေ ကတိမ်းကပါးဖြစ်ပြီး ဆုံးရှုံးခဲ့ရသည်။ ဒုက္ခဆင်းရဲကို ထပ်မံ ကြုံခဲ့ရပြန်သည်။

ဦးအောင်ငွေ အချုပ်ခန်းသို့ရောက်ပြီး ခဏအကြာတွင် သူကြီးက အချုပ်ခန်းသို့ကပ်လာပြီး ကျနော့်ကို ပြုံးပြ၍ နှုတ်ဆက်ပါသည်။ သူကြီးအပြုံးသည် ကျနော့်ရင်ကို ထိုးဆွလိုက်သကဲ့သို့ပင် ခံပြင်းလှပါသည်။ ကျနော့်ရင်မှာ တလိပ်လိပ် ဒေါသထွက်လာပါသည်။ ကျနော်အချုပ်ခန်း သစ်သားတိုင်နားသို့သွားပြီး သူကြီးကို ပြောလိုက်သည်။

“သူကြီး၊ ခင်ဗျား ကျနော့်မျက်နှာကို သေသေချာချာကြည့်ထား၊ ကျနော်မသေရင် ခင်ဗျားဆီကို အရောက်ပြန်လာခဲ့မယ်”

သူကြီး မျက်နှာပျက်ပြီး ပြန်လှည့်သွားပါသည်။ ကျနော် အလွန် စိတ်ထိခိုက်ပါသည်။ ဦးအောင်ငွေနားကို ပြန်လာပြီး …

“တိုက်ပွဲဟာ သိပ်ပြီး အဆုံးအရှုံးများတယ်ဗျာ၊ ဒါပေမယ့် တိုက်ပွဲဟာ မပြီးသေးဘူး၊ ဆက်တိုက်ရမယ်”

ဆက်လက်ဖော်ပြပါမည်။

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၅၀)

September 4, 2010

ရန်သူလက်သို့ ကျပြီ

ကျနော်လည်း မှောင်ကြီးမဲမဲထဲမှာ ဘယ်ကိုထွက်လျှင် ကောင်းမလဲ၊ ကျနော်တို့ ၂ ယောက် အချီအချ တိုင်ပင်နေစဉ် ခြံအပြင် လမ်းမပေါ်တွင် စကားသံတိုးတိုး ပြောသံ ကြားရသည်။ လူရိပ်လူယောင်လို့ ထင်ရသည်။ ကျနော်က ဖထီးမန်းကို အိမ်နောက်ဖေး ခြံတဖက်သို့ ပြန်သွားခိုင်းသည်။

မကြာချေ၊ ဓာတ်မီး လေးငါးလက်ခန့် တပြိုင်တည်း လင်းလာသည်။ ကျနော်တို့နေသော အိမ်ခြံဝင်းသို့ ဝင်လာသည်။ ဓာတ်မီးရောင်အောက်တွင် ဂျီးသရီး၊ ဂျီဖိုး သေနတ်ကို အသင့်အနေအထားနဲ့ ချိန်ပြီး ဝင်လာသည်။

ကျနော်လည်း ခြံစည်းရိုး ချုံကွယ်တွင် ဒူးထောက်ထိုင်လိုက်သည်။ ခြံထဲသို့အဝင် လမ်းနှင့် ကျနော်ထိုင်နေသည့် ချုံကွယ်မှာ လက်တကမ်းသာ ရှိသည်။ စစ်သား ၆ ယောက် ၇ ယောက်ခန့် ကျနော်ဘေးမှ လွန်သွားသည်။ ကျနော့်ကို မတွေ့ကြပါ။

နောက်ဆုံးလူတယောက်တွင် သူ့ခါးမှာ ရှေ့ကစစ်သားများကဲ့သို့ သေနတ် မပါပါ။ ကျနော်အထင်တွင် ရွာသားပဲ ဖြစ်ရမည်။ ကျနော် ပိုပြီးလုံခြုံသည့် ချုံအကွယ်သို့ နေရာရွေးလိုက်သည်။ ထိုအချိန်တွင် ဓာတ်မီးတလက်သည် ဝှေ့ပြီး ကျနော့်ကို တွေ့သွားသည်။

သေနတ်မပါဟု ကျနော် ထင်ရသူမှာ သူ၏ပုခုံးပေါ်တွင် ကာဘိုင်သေနတ်ကို ထမ်းပြီးကိုင်လာခြင်းဖြစ်သည်။ ကျနော်နှင့် အနီးဆုံးပင်။ သူက ကာဘိုင်နှင့် ကျနော့်ခေါင်းကို ထိုးချိန်လိုက်သည်။

“ဟေ့ကောင် မလှုပ်နဲ့၊ ဓားချ၊ ဓားချ”

ပါးစပ်က ပြောပါသည်။

ဘေးမှ စစ်သားတယောက်က ဂျီသရီးနှင့် ကျနော့်ကို တအားလွဲရိုက်လိုက်သည်။ စစ်သားများ ဝိုင်းလာသည်။ ကျနော့်ကို လက်ပြန်ကြိုး တုပ်၊ သေနတ် တွင်တွင် တောင်းပြီး သေနတ်ဒင်နှင့် ဝိုင်းဆောင့်ကြပါသည်။ ၎င်းတို့ပါးစပ်က …

“ဒီကောင် ပြည်ပြေးအဖွဲ့ကပဲ၊ သေနတ် ဘယ်မှာဖွက်ထားလဲ”

တွင်တွင်မေးပြီး ရိုက်တော့သည်။ ကျနော်က သေနတ်မရှိကြောင်း၊ ပြည်ပြေး မဟုတ်ကြောင်း ပြောပြသည်။

ထိုစစ်သားများ က ကျနော့်ကို ရွာလယ်သို့ ပြန်ခေါ်လာပါသည်။ ဘုန်းကြီးကျောင်း အရောက်တွင် ကျောင်းအောက်သို့ခေါ်သွားပြီး ဝိုင်းကန် ဝိုင်းရိုက်ကြသည်။ ကျနော့်ခြေသလုံးကို ၂ လက်မ မော်တာပြောင်းနှင့် လှိမ့်ပါသည်။ သုံးရစ်နှင့် တပ်ကြပ်ကြီးတယောက်က ကျနော့်လည်ပင်းကို တက်နင်းသည်။ ကျနော် အသက်ရှူ မရတော့ပါ။ သူ့ခြေတောက်ကို ကျနော် လက်မောင်းနှင့်ရိုက်ချ လိုက်သည်။

“ခင်ဗျားတို့ ကျနော်တို့ ဒီလိုမရိုက်နဲ့”

“ကျနော် ကောင်းကောင်းပြောမယ်၊ ခင်ဗျားတို့ဗိုလ်ကို မှာပေးပါ”

ခဏအကြာတွင် ဗိုလ်ဆိုသူက ဆင်းလာပါသည်။ ၎င်းမှာ ချင်းလူမျိုးဖြစ်သည်။ အရင်က နာမည်မှတ်ထားသည်။ ယခုတော့ မမှတ်မိတော့ပါ။ တပ်ခွဲမှူး ဖြစ်သည်။ ၎င်းစစ်ဗိုလ်က …

“မင်း ဘာပြောချင်သလဲ”

“ကျနော် သူပုန် မဟုတ်ဘူး၊ သေနတ်လည်း မရှိဘူး၊ ကျနော်ဟာ ကျောင်းသားပဲ၊ နိုင်ငံရေးအကျဉ်းသားတယောက် ဖြစ်တယ်။ အခု ကိုကိုးကျွန်းကထွက်ပြေးလာ တာ”

ဖထီးမန်းအောင်ကြည်က ပြောထားပါသည်။ ရန်သူပြန်မိရင် ကျွန်းကထွက်ပြေး လာတဲ့အကြောင်း အမှန်အတိုင်း ပြောလိုက်၊ သတ်ပစ်ရင်လည်း ရင်ကော့ပေးလိုက်၊ ဘယ်တော့မှာ ရန်သူကို မတောင်းပန်နဲ့။ သူက ဒီစကား အထပ်ထပ်ပြောခဲ့သည်။

၎င်းစစ်ဗိုလ်က …

“ကြေးနန်းရိုက်ကြည့်လို့မဟုတ်ရင် မင်းကို ဘယ်လိုလုပ်ရမလဲ”

“ခင်ဗျားတို့လက်ထဲမှာပဲ ခင်ဗျားတို့လုပ်ချင်သလို လုပ်ပေါ့”

“ဟ … ဒီကောင်စကားပြောတာ သိပ်မာတယ်ကွ၊ ဒီကောင် သူပုန်ပဲဖြစ်ရမယ်”

သူက ပြောပြီး…

“ကင်း ၃ ထပ်ချစမ်း၊ သေသေချာချာ စောင့်”

ဆက်လက်ဖော်ပြပါမည်။

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၄၉)

August 25, 2010

ရုတ်တရက် ကြုံလိုက်ရတဲ့ အန္တရာယ်

သူကြီးထည့်ပေးလိုက်သော လူငယ်လေးနောက်သို့ ကျနော်တို့ ၃ ယောက်လိုက်သွားပါသည်။ ၁၅ မိနစ်လောက်လျှောက်မိ ရာ ခြံစပ်တခု၏အဆုံးတွင် ရှေ့မှလယ်ကွင်းတကွင်း ခံနေပါသည်။ ကျနော်က လိုက်ပို့သည့် လူငယ်နောက်မှ ကပ်လျှက်ပါ လာပါသည်။ လယ်ကွင်းစပ်တဖက်သို့ ကျနော် လှမ်းကြည့်လိုက်ရာ စစ်သား ၁၅ ယောက်ခန့်သည် တောစပ်ထဲမှ ထွက်လာသည်။ အသင့်အနေအထားနှင့် လျှောက်လာသည်ကို လှမ်းတွေ့ရပါသည်။ ကျနော်က ..

“ဖထီးမန်း … ဟိုမှာ ရန်သူတွေ ကျနော်တို့ ပြန်ဆုတ်မယ်”

ကျနော် ကပျာကယာ ပြန်လှည့်ပါသည်။ လိုက်ပို့သည့်ကောင်ကလေးလည်း ထွက်ပြေးသွားပါသည်။ ကျနော်တို့ ၃ ယောက် နောက်ကြောင်းသို့ ပြန်လှည့်ပြီး ဆုတ်လာပါသည်။ ရွာအပြင်သို့ရောက်လာပါသည်။ လမ်းတွင် ရန်သူစစ်တပ်လာ၍ ထွက်ပြေးသော ရွာသားအချို့ကို တွေ့ရပါသည်။ လမ်းတွင် အသက် ၅၀ ခန့်ရှိ မွန်အမျိုးသား ဦးလေးကြီးတဦးကို တွေ့ပါ သည်။ ကျနော်တို့ကိုတွေ့ရာ အလွန်လန့်နေပါသည်။ သူသည် အဖျားတက်နေပါသည်။

ဦးအောင်ငွေက ကြောက်စရာမလိုကြောင်း၊ ကျနော်တို့လည်း စစ်တပ်နဲ့တွေ့လို ထွက်ပြေးတာဖြစ်ကြောင်း၊ အဖျားပျောက်သွားအောင် ဆေးပေးမည်ဖြစ်ကြောင်း၊ ဦးအောင်ငွေကပြောပြီး ခေါ်လာပါသည်။ တနေရာအရောက်တွင် အဖိုးကြီးက စိတ်ချရသည်ဟုပြော၍ နားကြပါ သည်။ ဦးအောင်ငွေက ပါလာသည့်ဆေးတွေ ထုတ်တိုက်ပါသည်။

အဖိုးကြီးလည်း ကျနော်တို့အပေါ် ယုံကြည်မှုရှိလာပါသည်။ ဖထီးမန်းအောင်ကြည်က ပိုက်ဆံ ၅ ကျပ်ထုတ်ပေးပြီး စားစရာတခုခု စီစဉ်ပေးရန် အကူအညီတောင်းပါသည်။ အဖိုးကြီးသည် လိုလိုလားလားပင် လုပ်ပေးမည်ပြောပြီး ပြန်သွားပါသည်။

တနာရီခန့်ကြာမည် ထင်သည်။ အဖိုးကြီးပြန်လာသည်။ ထမင်းတထုပ်လည်း ယူလာပေးသည်။ ထမင်းထုပ်ကို ဖြေကြည့်လိုက်ရာ ကြက်ပေါင်ကင်တခုနှင့် ငရုပ်သီးတောင့် တထုပ်ကို တွေ့ရသည်။ ကျနော်တို့စားသောက်ပြီး အဖိုးကြီးကို ရွာနှင့်ခပ်လှမ်းလှမ်းအထိ လိုက်ပို့ခိုင်းပါသည်။

နယ်မြေ အခြေအနေကိုမေးကြည့်ရာ ၎င်းပြောပြချက်အရ တောင်ကျော်လိုက်လျှင် ကျောင်းရွာဆိုသော ကရင်ရွာရှိကြောင်း အတော်လေးဝေးကြောင်း ပြောပြသည်။ အဖိုးကြီးလိုက်ပို့ပြီး တနာရီခရီးခန့်တွင် နားလိုက်ပါသည်။ အဖိုးကြီးလည်း ပြန်သွားပါသည်။

ကျနော်တို့ ၃ ယောက်တိုင်ပင်ပါသည်။ တောင်ကျော်ပြီး ကျောင်းရွာသွားမလား၊ ဒူးယားသူကြီးကို ဆက်မလား တိုင်ပင်ပါသည်။ တောင်ကျော်လျှင် လမ်းမသိ၊ အခြေအနေမသိ၊ သွားရန်မသင့်ကြောင်း ဒူးယားသူကြီးမှာ တော်လှန်ရေးနှင့်ပတ်သက်သူ လူကြီးတဦးဖြစ်၍ စိတ်ချရကြောင်း ညမိုးချုပ်လျှင် ရွာနားပြန်ကပ်ပြီး သူကြီးနှင့်ဆက်ရန် ဆုံးဖြတ်လိုက်ပါသည်။

ညမိုးချုပ်ခါနီးတွင် လမ်းမကြီးအတိုင်း ဝင်လာပါသည်။ ရွာအစွန်နားက အိမ်ကလေးတလုံးအပေါ်တက်နားပြီး မွန်အဒေါ်ကြီး ကို အကူအညီတောင်းပါသည်။ မနက်ပိုင်းက လှေပျက်လာသူများဖြစ်ကြောင်း၊ စစ်တပ်လာ၍ ထွက်ပြေးခဲ့ရကြောင်း၊ သူကြီးနှင့်တွေ့လိုကြောင်း၊ စစ်တပ်ရှိ မရှိကြည့်လာခဲ့စေလိုကြောင်းပြောပြီး အဒေါ်ကြီးကို အကူအညီတောင်းပါသည်။

အဒေါ်ကြီးလည်း သူကြီးသွားခေါ်ပေးမည်ဟု ပြောပြီးထွက်သွားပါသည်။ အဒေါ်ကြီးသွားသည်မှာ တနာရီကျော်ပါပြီ။ ပြန်လည်းပေါ်မလာပါ။ လကွယ်နေ့ညမို့ မိုးမှောင်နေသည်။ မိုးကလည်း ဖွဲဖွဲရွာနေသည်။ ကျနော်က အိမ်ခြံဝ၏ ခြံစည်းရိုး အကွယ်တွင် ကင်းစောင့်နေသည်။ ဖထီးမန်းသည် ကျနော် ကင်းစောင့်သည့်နေရာသို့ ရောက်လာသည်။

“အဖွားကြီး လွှတ်လိုက်တာကြာပြီ၊ သူကြီးလည်း ရောက်မလာဘူး။ အခြေအနေ မကောင်းဘူး ထင်တယ်၊ ကျနော်တို့ ဒီနေရာကနေ ထွက်သွားလျှင် ကောင်းမယ်”

ဆက်လက်ဖော်ပြပါမည်။

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၄၈)

August 17, 2010

ဆက်၍ချီ

ဦးအောင်ငွေက နာရီဝက်လောက် အဖိုးနှင့်အဖွားကို စကားပြောပါသည်။ တဲပေါ်တွင် ဖထီးမန်းနှင့် ကျနော်အပြင် ကျွဲကျောင်းသည့် မွန်တူဝရီး ၂ ယောက် ရှိပါသည်။ ဦးအောင်ငွေလေ့လာမှုအရ ယခု ကျနော်တို့လှေဆိုက်သည့် နေရာမှာ ရေးချောင်းဝ ဖြစ်သည်။

ချောင်းတဖက်တွင် ဇီးဖြူသောင် ရှိသည်။ ရေတပ်စခန်းလည်း ရှိသည်။ အစင်ရွာတွင် ပြည်သူ့စစ် ရှိသည်။ အဖိုးနှင့်အဖွား၏သားမှာ မွန်ပြည်သစ်ပါတီတွင် တော်လှန်ရေးလုပ်သည်။ ယခု ကမ်းနားကနေဆက်သွားလျှင် ၃ နာရီခရီးလောက် တွင် ဒူးယားဆိုသော မွန်ရွာကြီး ရှိသည်။

ဒူးယားရွာသူကြီးမှာ မွန်ပြည်သစ်ပါတီမှ ရွေးကောက်တင် မြှောက်ထားသော သူကြီးဖြစ်သည်။ ဒူးယားသူကြီးကို ဆက်လိုက်လျှင် မွန်ပြည်သစ်ပါတီသို့ ရောက်သွားမည် ဖြစ်ပါသည်။

ဦးအောင်ငွေသည် စည်းရုံးရေးမှူးကောင်း တယောက်ဖြစ်သည်။ လူ့သဘော၊ လူ့သဘာဝနှင့် ပတ်ဝန်းကျင်းကို လေ့လာပြီး လိုက်လျောညီထွေစွာ ပြုမူကျင့်ကြံ လုပ်ဆောင်နိုင်သည်။ အရည်အချင်းရှိသော စည်းရုံးရေးမှူး ဖြစ်သည်။ ယခု သူယူဆောင် လာသောသတင်းများမှာ အလွန်ကောင်းမွန်သည့် သတင်းကောင်းပင် ဖြစ်ပေသည်။

လေ့လာသိရှိထားသည့် ပတ်ဝန်းကျင် အခြေအနေနှင့်အညီ လက်တွေ့ကျင့်ကြံလုပ်ဆောင်သွားရန်သာ ရှိပါတော့သည်။ ကျနော်က ဖထီးမန်းကို အကြံပေးသည်။ ကျနော်တို့ ညတွင်းချင်း ခရီးဆက်ထွက်လျှင်ကောင်းကြောင်း အကြံပေးသည်။

ဖထီးမန်းကလည်း သဘောကျပါသည်။ အဖိုး၊ အဖွားနှင့် ကိုအောင်သိန်း စီစဉ်ပေးမှုကြောင့် ကျွဲကျောင်းသည့် တူအရီး ၂ ယောက်ထဲမှ ဦးလေးကို လမ်းပြအဖြစ် လိုက်ပို့စေပါသည်။ တဲပေါ်တွင် ဘုရားစင်ကလေးတခု ရှိသည်။ ဘုရားကန်တော့ပြီး အဖိုးနှင့်အဖွားကို ကန်တော့ခဲ့ကာ နှုတ်ဆက်ထွက်ခဲ့ပါသည်။ အဖိုးအဖွားကတော့ ဆုတွေ တတွတ်တွတ်ရွတ်ရင်း ကျနော်တို့လည်း ထွက်လာခဲ့ပါသည်။

လမ်းပြ မွန်ဦးကြီးသာ ဓာတ်မီးပါသည်။ ညအမှောင်တွင် ရှေ့မှသွားနေသော လမ်းပြ မွန်ဦးကြီး၏ ဓာတ်မီးရောင်ကို နောက်မှမှန်းလိုက်ရင်း ကျနော့်စိတ်မှာ အလွန်တက်ကြွပြီး ပျော်နေပါသည်။ တွေ့ရတော့မည့်၊ ရောက်ရတော့မည့် မွန်တော်လှန်ရေးသမားတွေနှင့် တွေ့ရတော့မည်။ သူတို့ဆီရောက်တော့မည်။ မွန်ပြည်သစ်ပါတီနှင့် အဆက်ရလျှင် ဘာများပူစရာလိုပါသေးသနည်း။ ကရင့်တော်လှန်ရေးကို ရောက်တာနဲ့ အတူတူ မဟုတ်ပါလား။

တနာရီကျော်လောက် လျှောက်လာရာ တဲတလုံးသို့ ရောက်လာပါသည်။ လိုက်ပို့သည့် မွန်အဖိုးကြီးက ဤတဲတွင် ညအိပ်မည်။ မနက် ဝေလီဝေလင်း ထသွားမည်ဟု ပြောပါသည်။ ဖထီးမန်းအောင်ကြည်က သဘောကျလက်ခံလိုက်ပြီး တဲတွင် အိပ်ဖို့နားကြပါသည်။

ကျနော်ကတော့ မောမောနှင့် ခဏကလေး အိပ်ပျော်သွားပါသည်။ ကျနော့်ကို ဖထီးမန်းနှိုးတော့ ဝေလီဝေလင်း ရှိနေပါပြီ။ မျက်နှာသစ်ပြီး ခရီးဆက်ထွက်သည်။ တနာရီကျော်လောက် လျှောက်လာကြသောအခါ ဒူးယားရွာစပ်သို့ ရောက်ပါသည်။

လိုက်ပို့သည့် မွန်ဦးကြီးက သူ လိုက်မပို့နိုင်တော့ကြောင်း၊ သူလိုက်ပို့ပေးတာကို လူသိ လူမြင်မှာ ကြောက်ကြောင်း၊ ဒီလမ်းအတိုင်းဝင်သွားလျှင် ရွာထဲကိုရောက်ပြီး သူကြီးကိုမေးသွားလျှင် ရောက်သွားမည်ဖြစ်ကြောင်းပြောပြီး လှည့်ပြန်သွားမည် လုပ်ပါသည်။

ဦးအောင်ငွေက အကျိုးအကြောင်းပြောပြ တောင်းပန်ပြီး သူကြီးဆီအထိ လိုက်ပို့ပေးရန်ပြောသော်လည်း မရတော့ပါ။ သူ လှည့်ပြန်ပါသည်။ ကျနော်တို့ ၃ ယောက်လည်း ရှေ့ဆက်နည်းနည်းလျှောက်လိုက်ရာ ရွာစွန်ရှိ မွန်အိမ်ကလေး များကို တွေ့ပါသည်။ ဖထီးမန်းအောင်ကြည်က မွန်ရွာသား တဦးအား သူကြီးဆီသွားလိုကြောင်း လှေပျက်လာကြောင်းပြောပြပြီး အကူအညီ တောင်းပါသည်။

ဖထီးမန်းအောင်ကြည်အား ၎င်းရွာသားက သူကြီးအိမ်သို့ လိုက်ပို့ပေးပါသည်။ ကျနော်နှင့် ဦးအောင်ငွေမှာ ၎င်းရွာသားကြီး၏ ခြံကလေးထဲတွင် စောင့်နေပါသည်။ နာရီဝက်ကျော်ကျော်လောက် ကြာမည်ထင်သည်။ ဖထီးမန်းအောင်ကြည်နှင့် လူငယ်လေးတယောက် ရောက်လာပါသည်။ ပြီးမှ အခြေအနေကို သူက ရှင်းပြသည်။

“ဒီနေ့ဟာ တော်သလင်းလကွယ်နေ့၊ သူကြီးက ဘုန်းကြီးကျောင်းကိုသွားတယ်၊ ဘုန်းကြီးကျောင်းကိုလိုက်သွားပြီး သူကြီးနဲ့တွေ့တယ်၊ အကြောင်းစုံပြောပြတော့ သူကြီးက ပြောတယ်။ ကျနော့်အိမ်ကို လိုက်သွားပြီးစောင့်နေပါ၊ ဒီနေ့ဥပုဒ်နေ့ ဖြစ်လို့ ဥပုဒ်သည်တွေရဲ့ ဝေယာဝစတွေလုပ်ပေးပြီးလျှင် လာခဲ့မယ်ဆိုပြီး ကောင်လေးတယောက် ထည့်ပေးလိုက်တယ်”

ဆက်လက်ဖော်ပြပါမည်။


Follow

Get every new post delivered to your Inbox.