2010-12-29 – RFA
သဘာဝဘေးအန္တရာယ်ကြောင့် အတိ ဒုက္ခရောက်နေကြတဲ့ မြန်မာနိုင်ငံက နာဂစ်နဲ့  ဂီရိ မုန်တိုင်းသင့် ပြည်သူတွေကို နှစ်သစ်မှာ ကူညီကြဖို့  မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ အင်အားစုတွေက Appeal For The Cyclone Victims of Burma မြန်မာပြည်က မုန်တိုင်းသင့် ဒုက္ခသည်တွေကို ကူညီကြပါ ဆိုတဲ့ ပန်ကြားလွှာ ထုတ်ပြန်ပြီး စေတနာရှင် တသီးပုဂ္ဂလတွေ၊ အသင်းအဖွဲ့ တွေနဲ့  ကမ္ဘာ့နိုင်ငံ အသီးသီးကို တိုက်တွန်း နှိုးဆော် လိုက်ပါတယ်။
ရခိုင်ကမ်းရိုးတန်းသို့ အောက်တိုဘာ ၂၂ ရက်က ဆိုင်ကလုံး ဂီရိ မုန်တိုင်း တိုက်ခတ်ပြီးနောက် လေဘေးဒုက္ခသည်များ ကျောက်ဖြူမြို့ရှိ ဘုန်းကြီးကျောင်းတခုသို့ စုရုံး ရောက်ရှိလာပုံ ဖြစ်ပါသည်။ (Photo: RFA Listener)
ဒေါ်အောင်ဆန်းစုကြည် နဲ့  NLD ခေါင်းဆောင်တွေ၊ ၀ါရင့် နိုင်ငံရေး ခေါင်းဆောင်တွေ၊ ပြည်သူ့  လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP အဖွဲ့ ဝင်တွေ ၊ နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေနဲ့  တသီး ပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ စုပေါင်း လက်မှတ် ရေးထိုး ထုတ်ပြန်တဲ့ ဒီပန်ကြားလွှာနဲ့ ပတ်သက်ပြီး NLD ဗဟို အလုပ် အမှုဆောင် အဖွဲ့ ဝင် ဦးအုန်းကြိုင်က အခုလို ရှင်းပြပါတယ်။
“ဂီရိ၊ နာဂစ် မုန်တိုင်းဒဏ်သင့်တဲ့ ပြည်သူတွေကို ကူညီဖို့ ပန်ကြားလွှာ မနေ့က အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးနဲ့ ၀ါရင့် ခေါင်းဆောင်များ၊ CRPP ခေါင်းဆောင်များ၊ နောက် အဖွဲ့ချုပ်နဲ့ လူမှုရေး ကွန်ယက်တွေမှာ အတူလက်တွဲ လုပ်ဆောင်ဖို့ သဘောတူထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ လက်မှတ်ရေးထိုးပြီးတော့ ထုတ်ပြန်လိုက်တယ်။
မုန်တိုင်းဒဏ်သင့်တဲ့ ပြည်သူတွေဟာ ပြည့်ဝတဲ့ ကူညီမှုတွေ မရတဲ့အတွက်ကြောင့် ဘ၀ ပြန်လည်ထူထောင်ရေးမှာ အခုထက်ထိ ပြည့်ပြည့်၀၀ အကူအညီ ရတာမတွေ့ရသေးပါဘူး။ ဒါကြောင့် နှစ်သစ်ရောက်ခါနီးမှာ မုန်တိုင်းဒဏ်သင့်တဲ့ ပြည်သူတွေရဲ့ အရေးကိုလည်း စဉ်းစားပေးကြပါ။
နှစ်သစ်မှာ စေတနာ အသစ်တွေနဲ့ အကူအညီ ပေးကြပါလို့ စေတနာရှင် တသီး ပုဂ္ဂလတွေ၊ အသင်းအဖွဲ့ တွေနဲ့  ကမ္ဘာ့နိုင်ငံ အသီးသီးကို တိုက်တွန်း နှိုးဆော် လိုက်ပါတယ်လို့ ဖော်ပြ ထားပါတယ်။” ဒီဇင်္ဘာလ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်က မုန်တိုင်းသင့်ဒုက္ခသည်တွေကို သွားရောက်ကူညီခဲ့တဲ့ CRPP နဲ့  NLD အဖွဲ့ ဝင်တွေရဲ့  အတွေ့ အကြုံတွေ၊ ဒေသခံပြည်သူတွေရဲ့  တောင်းဆိုချက်တွေနဲ့ ကုလသမဂ္ဂရဲ့  အစီရင်ခံစာတွေပါ အချက်အလက်တွေပေါ်မူတည်ပြီး ဒီကြေညာချက် ထုတ်ပြန်ရတာဖြစ်ကြောင်းလည်း ဦးအုန်းကြိုင်က ရှင်းပြပါတယ်။
“ဒေသခံပြည်သူတွေက အားကိုးတကြီးနဲ့ သူတို့ ရဲ ဘ၀အခြေအနေကို တင်ပြပြီး အကူအညီ တောင်းခံတဲ့၊ မေတ္တာရပ်ခံတဲ့ စာတွေ ပေးလိုက်ပါတယ်။ အဲဒီစာပေါင်း နှစ်ထောင်လောက် ရရှိခဲ့ပါတယ်။ စာတွေကို တွက်ချက်ပြီးတော့ အသေအချာ ကြည့်လိုက်တဲ့အခါမှာ အဲဒီဒေသမှာ လယ် ဧကပေါင်း ထောင်သောင်းကို အကာအကွယ်ပေးဖို့ အတွက် လိုအပ်နေတဲ့ ရေငံတား တမံတွေ မိုင် ၉၀ လောက် ပြန်လည် ပြုပြင်တည်ဆောက်ပေးဖို့၊ ရေလုပ်သားပေါင်း ၈၅၀ လောက်က စားဝတ်နေရေး ပြန်လည် လုပ်ကိုင်နိုင်ဖို့ ငါးဖမ်းစက်လှေတို့၊ ခါးဖမ်းပိုက်တို့၊ ပြန်လည် ထူထောင်ပေးဖို့ အကူအညီတောင်းတဲ့ စာတွေ၊ နောက် ပျက်သွားတဲ့ စာသင်ကျောင်းပေါင်း ၁၂၀ နဲ့ ဘုန်းကြီးကျောင်းပေါင်း ၇၀ လောက်ကို ပြန်လည်မွန်းမံ တည်ဆောက်ပေးဖို့၊ အဲဒါတွေကို ဖြည့်ဆည်းနိုင်ဖို့ ဆိုရင်တော့ ပေါက်တောနဲ့ မြေပုံ ၂ မြို့နယ်ထဲ အတွက်တင် ဒေါ်လာ ၆ သန်းလောက် အကူအညီ လိုအပ်နေတယ်။”
မြန်မာပြည်က မုန်တိုင်းသင့် ဒုက္ခသည်တွေကို ကူညီပေးဖို့  မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေ စုပေါင်း လက်မှတ် ရေးထိုးထားတဲ့ ဒီပန်ကြားလွှာကို ကမ္ဘာ့နိုင်ငံ အသီးသီးနဲ့  စေတနာရှင် အလှုရှင်အသင်းအဖွဲ့တွေကို ဒီသတင်းပတ် အတွင်း ဖြန့် ဝေ ပန်ကြားသွားမယ်လို့  သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး လက်မှတ်ရေးထိုး တောင်းဆိုရာမှာ ပါဝင်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) က ဥက္ကဌ ဦးသုဝေကို RFA က ဒေါ်ခင်ခင်အိ ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။