Archive for the ‘ကျောင်းသား ထောင် တော်လှန်ရေးသမား’ Category

ကျောင်းသား ထောင် တော်လှန်ရေးသမား (နိဂုံးပိုင်း)

May 19, 2010

အင်တာနေရှင်နယ် (The Internationale)

ထလော့ … အငတ်ဘေး ကျရောက်သူတို့တတွေ
ထလော့ … ကမ္ဘာ့တဝှမ်းက ကျေးကျွန်တွေ
တော်လှန်ကာ ထစ်ချုန်းမြည် ကြွေးကြော်လို့နေ
နောက်ဆုံးပိတ်တိုက်ပွဲ နွှဲဆင်မလေ …။

ရှေးရိုးအစဉ်အလာ အယူအဆစွဲတွေ စွန့်လေ
ကျေးကျွန်တွေ … ထလေ ထကြလေ …
အခြေအနေတွေ ဒို့တော်လှန်ကာသာ ပြောင်းမလေ
အောင်မြင်ဖို့ရာ ရှင်းပစ်စို့လေ …။

(သံပြိုင်) – ရဲဘော်တို့လာ စုရုံး နေ
အဆုံးစစ်ပွဲ နွှဲဆင်မလေ
အင်တာနေရှင်နယ် ကမ္ဘာမှာ အကုန်ညီစေ …။
ရဲဘော်တို့လာ စုရုံးနေ
အဆုံးစစ်ပွဲ နွှဲမယ်လေ
အင်တာနေရှင်နယ် စည်းရုံးစုစည်းကာနေ …။

ကယ်တင်ရှင် ဘယ်သောခါကမှ မရှိပေ
နတ်သိကြားနဲ့ မင်းဘုရား ဒို့မယုံပေ
နှောင်ကြိုးကို ဒို့လက်ရုံးဖြင့် ချိုးဖျက်မလေ
သောက ဗျာပါဒ လောဘကင်းစင်စေ …။

လုယက်ခြင်းမှ မှန်မလွဲပင် ကင်းမလေ
များပြည်သူ တူညီပျော်မြူးကြစေ
အားလုံးက တာဝန်ကိုယ်စီထမ်းမလေ
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ …။

(သံပြိုင်)
လယ်သမား လုပ်အားစိုက်ထုတ်သူ အပေါင်းတွေ
ပစ္စည်းမဲ့များနဲ့ ပေါင်းစည်းဟေ …
ညီရင်းအကိုပမာ သစ္စာအဓိဋ္ဌာန်ပြုစို့ဟေ
သွေးစုပ်ကောင်တွေ မောင်းထုတ်ဟေ …။

ဒို့ရဲ့သွေးသား သူတို့ဝါးမြိုစားသလေ
နှစ်ကာလ ရှည်ကြာခံခဲ့ရပေ …။
ကြောက်လန့်စိတ် အကုန်အစင်စွန့်လေ
အရုဏ်ကျင်းကာ အလင်းသို့ရောက်ပြီဟေ …။

(သံပြိုင်)

ကိုကိုးကျွန်းမှာ ကျဆုံးသူ၊ ထွက်ပြေးလွတ်မြောက်သူများ စာရင်း

* ရဲနီတင်ငြိမ်း
အသားဝါရောဂါဖြင့် ကွယ်လွန်။
သူသေဆုံးမှုကို အကြောင်းပြုပြီး ရက် ၄၀ တိုက်ပွဲပေါ်ရ။

* ဦးထွန်းရှိန် (မန္တလေး၊ ကျောင်းဆရာ)
ပင်လယ်ကမ်းစပ်မှာ ခရု၊ ငါး ဟင်းစားရှာရင်း မုန်တိုင်းမိ၊ လှိုင်းထဲ နစ်မြုပ်သေဆုံး။

* ရဲနီမြင့်သိန်း
အုန်းပင်ပေါ်မှ လိမ့်ကျသေဆုံး။

* မန်းအောင်ကြည် (ABKO)
လှေနဲ့ထွက်ပြေးလွတ်မြောက်။ KNU ရောက်ပြီး ရောဂါနဲ့သေဆုံး။

* မန်းငြိမ်းမောင်
လှေနဲ့ထွက်ပြေးလွတ်မြောက်။ ယခု KNU ဗဟိုကော်မတီဝင်။

* ရဲဘော်အောင်ဝေ (ဗမာပြည်ကွန်မြူနစ်ပါတီ)
လှေနဲ့ထွက်ပြေးလွတ်မြောက်။ ပဲခူးရိုးမမှာ ကျဆုံး။

* ရဲနီဗိုလ်ကြူ (မန္တလေးတက္ကသိုလ်၊ ပခုက္ကူ)
အလံနီတွေရဲ့တိုက်ပွဲ ၄၆ ရက်မြောက်မှာ ကျဆုံး။

* ရဲနီနေလင်း (တောင်တွင်းကြီး)
အလံနီတွေရဲ့ ၄၆ ရက်တိုက်ပွဲအပြီး ကျန်းမာရေးဆိုးရွားလို့ ပြည်မပြန်အပို့ သင်္ဘောပေါ်မှာ ဆုံးသွား။

* ရဲဘော်သိန်းကြည်
၅၃ ရက်တိုက်ပွဲ၊ ၃၆ ရက်မြောက်မှာ ကျဆုံး။

* ရဲဘော်အုန်းမော်
၅၃ ရက်တိုက်ပွဲ၊ ၄၆ ရက်မြောက်မှာ ကျဆုံး။

* ရဲဘော်ချစ်ဆွေ (ပြည်ခရိုင်က ဗကသ)
၅၃ ရက်တိုက်ပွဲ၊ ၄၈ ရက်မြောက်မှာ ကျဆုံး။

* ရဲဘော်ထွန်းမြင့် (အစိုးရဝန်ထမ်း၊ ရန်ကုန်)
၅၃ ရက်တိုက်ပွဲ၊ ၄၃ ရက်မြောက်မှာ ကျဆုံး။

* ရဲဘော်စိန်ချင်း (ပခုက္ကူ)
၅၃ ရက်တိုက်ပွဲ၊ ၄၃ ရက်မြောက်မှာ ကျဆုံး။

* ရဲဘော်မောင်မောင်စိုး (ခ) ကိုလတ် (ကျောက်ဆည်သား၊ မန္တလေးတက္ကသိုလ်)
၅၃ ရက်တိုက်ပွဲ၊ ၅၃ ရက်မြောက်မှာ ကျဆုံး။

* ကိုလေးမောင် (ကဗျာဆရာ)
၅၃ ရက်တိုက်ပွဲ၊ ၅၃ ရက်မြောက်မှာ ကျဆုံး။

* ရဲဘော်ထွန်းဝင်း (မြစ်ဝကျွန်းပေါ်သား၊ အစိုးရ လေတပ်က၊ ပဲခူးရိုးမ UG)
၅၃ ရက်တိုက်ပွဲ၊ ၅၃ ရက်မြောက်မှာ အဋ္ဌမမြောက်၊ နောက်ဆုံး ကျဆုံး။

ပြီးပါပြီ။

ကျောင်းသား ထောင် တော်လှန်ရေးသမား (၄၆)

May 6, 2010

ကျနော်တို့ ခြေရင်းအဆောင်မှာက ကျွန်းပြန် ဗကသ က ရဲဘော်တွေ။ တယောက်က မင်းလှက ကိုထွန်းကြည်၊ ပဲခူး ဘုရားကြီးဘက်က ကိုလှရွှေ။ သူတို့အဆောင်နဲ့ ကျနော်အဆောင်နဲ့ဆိုလို့ရှိရင် မီတာ ၅ဝ လောက်ပဲ ဝေးမယ် ထင်တယ်။

ဟိုဘက် ခပ်လှမ်းလှမ်းမှာဆိုရင် မီတာ ၇၀/၈ဝ လောက်မှာက ကိုနီအောင်မေသု၊ သူကတယောက်တည်း။ သူနဲ့တော့ တယောက်နဲ့တယောက် လက်ပြနှုတ်ဆက်လို့ ရတယ်။ ကျနော်တို့ မမြင်ရတဲ့အဆောင်မှာ ကိုဉာဏ်ဝင်းနဲ့ ကိုတင်မောင်ဝင်း ရှိသလိုလို ကြားတယ်။ သေတော့ မသေချာဘူး။ အဲဒါပဲ။ အဲဒီ ထောင်ကြီးတခုလုံးမှာ။ အရင်တုန်းကတော့ အဲဒီထောင်ထဲမှာ သူတို့ အာဏာသိမ်းခါစက လူမျိုးစုခေါင်းဆောင်တွေ အများကြီးထားတာပေါ့။ စဝ်ရွှေသိုက်တို့ ဘယ်သူတို့ ထားတာ အဲ့ဒီမှာပဲ။

အဲဒီ တွဲဖက်ထောင်မှာ ထောင်သက်တမ်းအရင့်ဆုံးက လူထုကိုစိန်ဝင်းလို့ ပြောရလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ သူက သူ့ကျန်းမာရေးဆိုးတာနဲ့ ကိုကိုးကျွန်းကနေ အစောကြီးပြန်ပို့လိုက်ရတာ။ ပြန်ပို့လိုက်ကတည်းက တလျှောက်လုံး သူက အဲဒီ တွဲဖက်ထောင်မှာပဲနေတာ။ အဲ့ဒီမှာ အားလုံး အကြောင်းသိတွေ၊ ကိုယ့်အချင်းချင်းတွေဆိုတော့ နေရထိုင်ရတာ စိတ်ချမ်းသာတယ်။ သူတို့ကလည်း လွှတ်ရတော့မှာဆိုတော့ သိပ်ပြီး ကျနော်တို့အပေါ် တင်းတင်းကျပ်ကျပ် မကိုင်တော့ဘူး။ လူကလည်း နည်းတဲ့အခါကျတော့ လွှတ်ထားလိုက်တာပဲ။ အဆောင်ဝင်းကြီးထဲမှာ လွတ်လွတ်လပ်လပ်နေရတယ်။

ကျနော်တို့နေတဲ့ အဆောင်ပတ်ဝန်းကျင်မှာ လွတ်လွတ်လပ်လပ်ပဲ နေရတယ်။ သရက်ပင်တွေ ရှိတယ်။ သူတို့ ထမင်းကျွေးတဲ့အခါ၊ တံခါးပိတ်တဲ့အခါကျမှ ရောက်လာတာပဲ။ နို့မို့လို့ရှိရင် လာလည်းမလာဘူး။ ဘာမှ မပြောဘူး။ ကျနော်တို့ ကျန်းမာရေး လေ့ကျင့်ခန်းလုပ်၊ ကျားထိုး။ ဒါပဲ။ ဖတ်စရာ စာအုပ်ကတော့ များများစားစား ဘာမှမရှိဘူး။ အဲ့ဒီမှာ ကျနော် ၄/၅ လလောက် ထင်တယ်။ နေရတယ်။ နေရပြီးတဲ့နောက် တနေ့မှာ …

တနေ့ဆိုတာက ၁၉၇၂ ခုနှစ်၊ မေလ ၄ ရက် ထင်တယ်။ မနက် ၁ဝ နာရီမှာ ကျနော့်ကို လာခေါ်တယ်။ လာခေါ်ကတည်းက လွှတ်မယ်ဆိုတာ ဗြောင်ပြောခေါ်တာပဲ။ အဲ့တော့ ကျန်တဲ့သူတွေကို နှုတ်ဆက်ရတာပေါ့။ သူတို့လည်း မှာစရာရှိတာ မှာကြပေါ့။ ခေါင်းပေါ် စောင်အုပ်တာတော့ မရှိတော့ဘူး။ ကျနော်လည်း ကျနော့် ရှိသမျှပစ္စည်းလေး ထုပ်ပိုးပြီး လိုက်သွားတယ်။ ကျွန်းကပြန်ပါလာတဲ့ စာအုပ်တွေ ဘာတွေလည်း မရှိတော့ဘူး။ ထောင်အဝင်ကတည်းက သိမ်းထားတာ ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ နည်းတဲ့စာအုပ်တွေ မဟုတ်ဘူး။ စာအုပ်ကောင်းတွေ။

ကျနော်ကိုခေါ်သွားတော့ ထောင်ဗူးဝက ရုံးခန်းထဲမှာ ခေါ်သွားတယ်။ အဲ့ဒီမှာ ကျနော်ကိုလာကြိုတဲ့ ကျနော့် အဖေရယ်၊ ကျနော့် အမေရယ်၊ ကျနော့်အမေရဲ့မောင် (ကျနော့် ဦးလေး) ဒေါက်တာခင်မောင်အေး၊ ရန်ကုန်မှာ အဖေတို့ အမေတို့တည်းတဲ့ (ကျနော်တို့နဲ့ ဆွေရင်းမျိုးရင်းလို ဖြစ်နေတဲ့) ဦးထွန်းမြတ်လမ်းက ဦးလေး ဦးအေးကြည်။ သူတို့စောင့်နေတာ တွေ့ရတယ်။ ကျနော့်ကိုမြင်တော့ အမေနဲ့ ဦးအေးကြည်က မျက်ရည်ကျတယ်။ အဖေက အိနြေ္ဒရရပဲ။ ပြုံးနေတယ်။ ကျနော့် ဦးလေး ဒေါက်တာခင်မောင်အေးကလည်း ပြုံးနေတယ်။ ဒါပေမယ့် ဦလေးမျက်လုံးထဲမှာ မျက်ရည်စတွေ မြင်နေရတယ်။

ထောင်အပြင်ရောက်တယ်ဆိုတာနဲ့ပဲ ကျနော်တို့ကားကိုမောင်းလာတဲ့ ကျနော့် ဦးလေးက …

“ဖိုးသံရေ … မင်း ဘာစားချင်လဲ”

လို့ ကြင်ကြင်နာနာနဲ့ မေးတယ်။ သူလည်း ထောင် ၂ ခါကျဖူးတာဆိုတော့ သိပ်ကိုယ်ချင်းစာတာပေါ့။ ဒါပေမယ့် ကျနော့် ခေါင်းထဲမှာ စားချင်တာလည်း မရှိဘူး။ ရှုတ်ထွေးနေတယ်။ အပြင်မှာက အရောင်အသွေးတွေက သိပ်တောက်ပနေတယ်။ အဲဒီခေတ်က ဖော့ခရစ်ခေတ်ကိုး။ ကျနော်တို့ တလျှောက်လုံး မြင်ခဲ့ရတာက အရောင်အသွေး မွဲခြောက်နေတဲ့ အဝတ်အစားတွေနဲ့ လူတွေ၊ မဲမဲခြောက်ခြောက်၊ ဆံပင် ရှည်ရှည်၊ ညှင်းသိုးသိုး လူတွေချည်း မြင်တွေ့ခဲ့ရတာ။ ခုတော့ အကုန်လုံး တောက်ပြောင်နေပြီးတော့ နေရောင်ကလည်း လွန်လွန်ကျူးကျူးကို လင်းနေသလား အောက်မေ့ရတယ်။ နောက် အင်းစိန်ဈေးကလည်း လူတွေများလွန်းတယ်လို့ ထင်နေမိတယ်။

အဲဒီညကျတော့ ကျနော်အိပ်တဲ့ အိပ်ရာဘေးမှာ ကျနော့်အမေကလာပြီးတော့ စကားပြောတာနဲ့ ကျနော် တညလုံးနီးပါး ကျနော့် ကျွန်းကအကြောင်းတွေ အမေ့ကို ပြောပြနေမိတယ်။ ကိုစွမ်းရည်ရဲ့ ‘အမေ့ခေါ်သံ’ ကဗျာထဲကလိုပဲ ထင်တယ်။

တကယ်က ကျနော် ထောင်ထဲကိုရောက်သွားတုန်းက ကျောင်းသားအသိ၊ ကျောင်းသားအသွင်နဲ့ ဝင်သွားတဲ့ ကျောင်းသားတယောက်ပဲ။ ဒါပေမယ့် ထောင်က ထွက်လာတဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုယ် ကွန်မြူနစ်တယောက်၊ တော်လှန်ရေးသမားတယောက်လို့ သတ်မှတ်ထားလိုက်ပြီ။

ကျနော့် ခေါင်းပေါ်မှာ တာဝန်တွေ အများကြီး ပါလာတယ်လို့ ခံစားမိတယ်။ ။

ဆက်လက်ဖော်ပြပါမယ်။

ကျောင်းသား ထောင် တော်လှန်ရေးသမား (၄၅)

April 26, 2010

ဦးတင်ညွန့်ကို သူတို့ကခေါ်တွေ့ပြီးတဲ့ နောက်တနေ့ နေ့လည်မှာပဲ ကျနော်ကိုလည်း ခေါ်တွေ့တယ်။ ထောင်ထဲကလို့ပဲထင်ရတဲ့ ရုံးခန်းတခန်းဆီကို စောင်အုပ်ပြီးခေါ်သွားတာပေါ့။ အခန်းလေးက တခန်းတည်းပါ။ တထပ်အဆောက်အဦလေးထဲက အခန်းလေးတခန်းလို့ ကျနော် ထင်တယ်။

အထဲရောက်တော့ အတွင်းဘက်ရှိတဲ့ အခန်းတခန်းထဲကို တွန်းပို့လိုက်တယ်။ အဲ့ဒီမှာ စားပွဲတလုံး ချထားတယ်။ စားပွဲက လေးထောင့်ရှည်ရှည်ပေါ့။ စားပွဲထိပ်မှာက ထောက်လှမ်းရေးက ဗိုလ်မှူးတယောက် ထိုင်နေတယ်။ (သူ့နာမည်က ဗိုလ်မှူးစိုးမြင့်လို့ နောက်မှ သူ့ကိုယ်သူပြောပြလို့ သိရတယ်။)

တံခါးပေါက်နဲ့ မျက်နှာချင်းဆိုင် အတွင်းဘက်မှာက ‘သခင်သန်းထွန်း နောက်ဆုံးနေ့များ’ စတဲ့ ထောက်လှမ်းရေးရဲ့ ဝါဒဖြန့် စာအုပ်တွေကို နာမည်ခံရေးထုတ်နေတဲ့ မြရာပင်စာပေဆိုတာက (သူတို့ခေါ်တဲ့) ရဲဘော်မြ၊ ရဲဘော်ဘခက်၊ ရဲဘော် တင်ရှိန်ဆိုတဲ့ လူ ၃ ယောက် ထိုင်နေကြတယ်။ ကျွန်းကတည်းက ကျနော်တို့က အင်မတန် မုန်းတဲ့သူတွေပေါ့။ သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ ကျနော်တယောက်တည်း ကုလားထိုင်တလုံးမှာ ထိုင်ရတယ်။

ထောက်လှမ်းရေးဗိုလ်မှူးက သူ့ကိုယ်သူ ဘယ်သူဆိုတာ ပြောပြတယ်။ ပြီးတဲ့အခါကျတော့ မျက်နှာချင်းဆိုင်က ရှိတဲ့သူတွေနဲ့ မိတ်ဆက်ပေးတယ်။ သူတို့ ကျနော်ကို စီးကရက် တည်တယ်။ ကျနော်က (နဂိုကတည်းက ဆေးလိပ်မသောက်တဲ့ သူဆိုတော့) ငြင်းလိုက်တယ်။

အဲ့တော့ သူက အင်မတန်အေးဆေးတဲ့ လေသံနဲ့ …

“ခင်ဗျားတို့က ထောင်ထဲမှာနေတာ ကြာသွားတော့ကာ အပြင်မှာကိစ္စတွေ ဘာမှမသိဘူး။ အထူးသဖြင့် ဗကပ ဗဟိုမှာ ဘာဖြစ်နေတယ်ဆိုတာ ခင်ဗျားက မသိဘူး။ ဟောဒီ ခင်ဗျားရှေ့က ထိုင်နေတဲ့ လူ ၃ ယောက်ကတော့ အဲ့ဒီက လာတဲ့လူတွေပဲ၊ သူတို့က အသိဆုံးပဲ၊ သူတို့ထက် ပိုသိတဲ့သူ မရှိဘူး။ အဲတော့ သူတို့ပြောပြတဲ့ဟာတွေကို ခင်ဗျား နားထောင်ကြည့်စမ်းပါဗျာ၊ ခင်ဗျား ရေးထားတဲ့ဟာတွေကိုလည်း ကျနော်တို့ ဖတ်ရပါတယ်။ အဲ့တော့ ထင်ထားတဲ့ဟာတွေနဲ့ တူလား မတူလားဆိုတာ သူတို့ပြောတာကို ခင်ဗျား နားထောင်ကြည့်စမ်းပါ”

အဲ့ဒီလို ပြောတယ်။ (သူညွှန်းတာ ကျနော်တို့ကို စာမေးပွဲစစ်တုန်းက ကျနော်ရေးခဲ့တဲ့ဟာတွေကို ညွှန်းတာ။)

သူက အဲလိုပြောလိုက်တော့ ကျနော်က …

“ဗိုလ်မှူးနဲ့ကတော့ ထောင်အာဏာပိုင်နဲ့ဆိုတော့ ကျနော်က ပြောစရာရှိတာ ပြောရမှာပေါ့၊ ဒါပေမယ့် ဒီလူ ၃ ယောက်ကတော့ သစ္စာဖောက်တွေပဲ၊ လက်နက်ချတွေပဲ။ ကျနော့်မှာ သူတို့နဲ့ ပြောစရာ ဘာစကားမှ မရှိဘူး”

လို့ ကျနော် ပြောလိုက်တယ်။ ဒါဟာ ဦးတင်ညွန့်ပြောပြတာကို ကျနော်ကြားပြီးကတည်းက စဉ်းစားထားတဲ့ စကားတွေ။

အိုး … အဲဒီအချိန်မှာ ဗိုလ်မှူးစိုးမြင့်ဆိုတဲ့သူက အကြီးအကျယ် ဒေါပွသွားတယ်ဗျို့၊ မျက်နှာ အကြီးအကျယ် ပျက်သွားတယ်။ အိနြေ္ဒကို မဆယ်နိုင်ဘူး။ စကားပြောတော့လည်း အစကတော့ ‘ခင်ဗျားနဲ့ ကျနော်’ကနေ ချက်ချင်း ‘မင်းနဲ့ ငါ’ ဖြစ်သွားတယ်။ ဟို ၃ ကတော့ သိပ်မပျက်ဘူး။ သူတို့ ၃ ယောက်က ဒီဘက်မှာ ဗိုလ်မှူးစိုးမြင့်ထက် ဝါရင့်တာ သိပ်ပြီး သေချာတယ်။

ဒါပေမယ့် ဘယ်လိုပဲပြောပြော သူတို့နဂိုက စဉ်းစားထားတဲ့ ကျနော့်ကို ကျနော့်အကို ကိစ္စပြောပြပြီးတော့ မိချောင်းမျက် ရည်ကျပြမယ်ဆိုတဲ့ အစီအစဉ် ပျက်သွားတယ်။ နောက်ဆုံး သူတို့အချင်းချင်းပဲ စကားပြောကြတယ်၊ တိုးတိုး တိုးတိုးနဲ့။ “အင်း … ရုပ်ကတော့ သူ့အကိုနဲ့ ဆင်သားပဲ” ဒီလောက်ပဲ ပြောတယ်။ အခြားတော့ သူတို့ ဘာမှမပြောကြတော့ဘူး။ တခါတည်း နှုတ်ပိတ် သွားတယ်။ ကျနော် ထိပ်ကနေ ပိတ်ပြောလိုက်လို့။

ဗိုလ်မှူးစိုးမြင့်ဆိုတဲ့လူကတော့ ပြောရင်းပြောရင်း ဒေါသထွက်ထွက်လာတယ်။ ထိန်းလို့ မရဘူး။ သူကပြောလည်း ကျနော်ကတော့ ဘာမှမပြောဘူး။ နားထောင်နေတာပဲ။ ပြောရင်းပြောရင်းနဲ့ နောက်ကျတော့ စိန်ခေါ်တဲ့သဘောတွေ၊ ပြိုင်တဲ့သဘောတွေ ပါလာတယ်။ တခါကျတော့သူက

“မင်းက ဘာမှမသိဘဲ ပြောနေတာ၊ မင်းတို့ ဗဟိုရှိတဲ့ ရိုးမကိုသွားရင် မင်းလည်းသေမှာ၊ မင်းသွားရဲသလား။ သွားမယ်ဆို ငါ အခုထုတ်သွားပြီး မင်းကို ငါတို့ကိုယ်တိုင် လိုက်ပို့ပေးမယ်”

လို့ ပြောတယ်။ ဟာ … ဒီအထိပြောလာတာတော့ လွန်လာပြီလို့ ကျနော် စဉ်းစားမိတယ်။ (ဒါပေမယ့် သူတို့ ပြောတဲ့အတိုင်း လိုက်သွားလို့ရှိရင်လည်း လမ်းမှာ သတ်ပစ်လိုက်မှာ သေချာတယ်။) အဲ့တော့ ကျနော်က ခပ်အေးအေးပဲ …

“ဒါဖြင့်လည်း ခင်ဗျားတို့ လွှတ်ကြည့်ပါလား၊ လိုက်ပို့ဖို့ မလိုပါဘူး”

လို့ တခွန်းပဲ ပြန်ပြောလိုက်တယ်။

အဲ့တော့ သူဘာမှ ဆက်မပြောတော့ဘူး။ နှုတ်ပိတ်သွားတယ်။ အဲ့လို လွှတ်ပေးမယ်လို့လည်း သူ အာမခံလို့ မရဘူးလေ။ ဒါပေမယ့် အကြီးအကျယ်ကို မျက်နှာပျက်သွားတယ်။ နောက်ဆုံးကျတော့ ပြောစရာကို မရှိလောက်အောင် နှစ်ဖက်ဖြစ် သွားကြတယ်။

နောင် … ကျနော် ထောင်က လွတ်လာတဲ့အခါကျတော့ ထောက်လှမ်းရေးကရော၊ ခုနက မြရာပင်အဖွဲ့က လူတွေကပါ ကျနော့်ဆွေမျိုးတွေ၊ ကျနော်တို့နဲ့ သိတဲ့သူတွေကို ကြုံတိုင်းကြုံတိုင်း ကျနော်က ‘သိပ်ခေါင်းမာတာပဲ’ လို့ လျှောက်လျှောက်ပြောကြတယ်။ အဓိပ္ပာယ်က မလွတ်တာလည်း မဆန်းဘူးလို့ ဆိုချင်သလား မသိပါဘူး။

ဒီလိုနဲ့ပဲ ကျနော်တို့စကားဝိုင်းဟာ အရည်ရရ အဖတ်ရရ ဘာမှမရှိဘဲနဲ့ ကျနော်ကို တိုက်ခန်းထဲ ပြန်ပို့လိုက်တယ်။ တိုက်ခန်းထဲ ပြန်ရောက်တော့ အင်မတန် စိုးရိမ်တကြီးနဲ့စောင့်နေတဲ့ ဦးတင်ညွန့်ကို တွေ့ရတယ်။ တပ်ထားတဲ့ မျက်မှန်ကြားထဲက မျက်လုံးလေးတွေ ဝိုင်းလို့ ကျနော့်ကိုမျှော်နေတာ။ ပြီးတော့ ကျနော်တို့ ၂ ယောက်သား အဲဒီအကြောင်းတွေ ပြန်ပြီး ပြောကြ၊ စားမြုံ့ကြတာပေါ့။

နောက် ဘာမှမကြာဘူး။ ရက်ပိုင်းအတွင်းပဲဖြစ်မယ်။ ကျနော်တို့ ၂ ယောက်ကို အင်းစိန်တွဲဖက်ထောင်ကို ပို့လိုက်တယ်။ တွဲဖက်ထောင် အဆောင် ၁ မှာ ကျနော်တို့ နေရတယ်။ (ကျနော်တို့ ကျွန်းမသွားခင်တုန်းကတော့ အဆောင် ၂ မှာ) အဲဒီတုန်းက အင်းစိန်တွဲဖက်ထောင်ကြီးထဲမှာ လူက နည်းနည်းလေးပဲရှိတယ်။ လွှတ်ကုန်ပြီကိုး။ အခုက လက်ကျန်လေးပဲ ကျန်တော့တာ။ အဲ့တော့ ထောင်ကြီးတခုလုံး ထားတဲ့သူတွေက ချောင်နေတယ်။ အဆောင် အားလုံးပေါင်း ၆ ခုလား၊ ၇ ခု လား ရှိတာ။

အဲ … လူက ၁ဝ ယောက်လောက်ပဲ ရှိတယ်ထင်တယ်။ နောက် အားလုံးကလည်း ကျွန်းက ပြန်လာကြတဲ့ သူတွေချည်းပဲ။ ကျနော်မှတ်မိသလောက် ကျနော်နဲ့ အတူနေရတာက ခုနက ဦးတင်ညွန့်၊ လူထုကိုစိန်ဝင်း၊ (မြန်မာနိုင်ငံ အလုပ်သမား ညီညွတ်ရေးပါတီဖြစ်လာတဲ့) ပြည်သူ့ရဲဘော်က ခေါင်းဆောင် ဗိုလ်မျိုးထွဋ်၊ နောက်ပြီးကတော့ ဗိုလ်ဟိန္ဒက၊ ဗမာပြည်ကွန်မြူနစ်ပါတီကို အကူအညီပေးလို့ အဖမ်းခံရတဲ့ ဦးချစ်ဆွေ၊ အဲ့ဒီလူတွေလောက်ပဲရှိတယ်။ ဒါ ကျနော်နဲ့ အတူ နေရတဲ့အဆောင်။

ဆက်လက်ဖော်ပြပါမယ်။

ကျောင်းသား ထောင် တော်လှန်ရေးသမား (၄၄)

April 11, 2010

ကျနော်တို့ ၂ ယောက် လမ်းလျှောက်နေတာပဲ။ တနေကုန် လမ်းပဲ လျှောက်နေတာပဲ။ ဦးတင်ညွန့်က နဂိုကတည်းက လမ်းလျှောက်တာ ဝါသနာပါတယ်။ သူ အဖမ်းမခံရခင် ရန်ကုန်မှာနေတုန်းကလည်း လမ်းလျှောက် ဝါသနာပါတယ်။ ကျွန်းပေါ်ရောက်တော့လည်း လမ်းလျှောက်နေတာပဲ။ သူက အရပ်ပုတယ်။ ဒါပေမယ့် လမ်းလျှောက်ရင် သုတ်သုတ် သုတ်သုတ်နဲ့ လျှောက်တယ်။ ကျနော်တို့ ၂ ယောက် နေ့တိုင်းပဲ တိုက်ခန်းထဲ လမ်းအတူလျှောက်ရင်း စကားတွေပြောကြတယ်။ အများအားဖြင့်တော့ ကျနော်က နားထောင်သူ။ သူ့ဆီက သိချင်စရာတွေ အများကြီး။

ဒီလိုနဲ့ တနေ့မှာ လမ်းလျှောက်ရင်း ပါးစပ်ထဲမှာပေါ်လာတဲ့ အင်တာနေရှင်နယ်သီချင်းကို ဆိုမိတယ်။ ဘာရည်ရွယ်ချက်မှရှိလို့ မဟုတ်ဘူး။ တိုးတိုးလေးဆိုတာတော့ မဟုတ်ဘူး။ အသံတော့ထွက်တာပေါ့။ အသံ နည်းနည်းကျယ်တာပေါ့။ ကျနော်ဆိုတော့ ဦးတင်ညွန့်လည်း လိုက်ဆိုတယ်။ သူလည်း သီချင်းဆိုကောင်းတယ်။ ဘာမှလည်း မစဉ်းစားမိဘဲနဲ့ လှမ်းလျှောက်ရင်း ဆိုနေတယ်။

အဲဒီမှာ ဗြုန်းဆို ဝါဒါ ၃/၄ ယောက် ပေါက်ချလာတယ်။ ဒီကောင်တွေက ဘာမပြော ညာမပြောနဲ့ သံတံခါးဖွင့်ပြီး ကျနော့်ကို ဝိုင်းရိုက်ကြ၊ ကန်ကြတာ။ ဦးတင်ညွန့်ကိုတော့ လူကြီးမို့ထင်ပါရဲ့။ ဘာမှမလုပ်ဘူး။ ဒီအချိန်မှာ ဦးလေး ဦးတင်ညွန့်က …

“ဟာ … မလုပ်ကြပါနဲ့ဗျာ”

ဆိုပြီးတော့ ကျနော့်ကို သူ့ကိုယ်လုံးနဲ့ ဝင်ပြီးကာပေးရှာတယ်။ ဒါလည်း ကျနော် တသက်လုံး မမေ့နိုင်တဲ့ ခံစားချက်တရပ်ပဲ။ ထောင်အာဏာပိုင်တွေက ကျနော့်ကို ဝိုင်းရိုက်နေတယ်။ ကျနော်တို့ရဲ့ရဲဘော်က သူ့ကိုယ်လုံးလေးနဲ့ ဝင်ပြီးကာပေးတယ်။ ဘယ်တော့မှ မမေ့နိုင်တဲ့ကိစ္စပဲ။

တကယ်တော့ ကျနော့်ကို ဖမ်းပြီးထောင်ထဲက ထုတ်စစ်တဲ့အခါမှာ(ဖမ်းကာစကပေါ့လေ) ကျနော့်ကို ကျုံးအနောက်ဘက်က MI ရုံးမှာ တညလုံး ရိုက်တယ်။ ဒါကိုရှေ့မှာ ကျနော် မပြောခဲ့ဘူး။ ကိုယ့်အကြောင်းမို့လို့ သိပ်မပြောချင်တာ။ ခုမှ ကျနော်ပြောတဲ့အကြောင်းက ကျနော့်အတွေးအခေါ်ကို ပုံသွန်းလောင်းပေးသလိုဖြစ်တဲ့ ဒီကိစ္စတွေကို တဆက်တည်း သိစေချင်လို့ပဲ။ လူတယောက်အနေနဲ့ တော်လှန်ရေးသမားတယောက် ဖြစ်လာတယ်ဆိုတာဟာ သာမန်စာအုပ်ဖတ်ပြီး ဖြစ်လာတာတင်မကဘူး။ နာစရာ ကျည်းစရာတွေ အများကြီး ဖြစ်လာတဲ့အခါမှာ ပိုပြီးတော့ စွဲမြဲတယ်ဆိုတာ ကျနော် ပြောပြချင်လို့ပါ။

အဲဒီလိုနဲ့ တနေ့လည်းကျတော့ ထောင်အာဏာပိုင်တွေက ဦးတင်ညွန့်ကို လာခေါ်သွားတယ်။ စောင်အုပ်ပြီး ခေါ်သွားတာ။ ဘာမှလည်း မပြောဘူး။ သူ့ပစ္စည်းတွေ ဘာတွေလည်း ယူမသွားဘူး။ ကျနော်တယောက်တည်းပဲ ကျန်နေခဲ့တာ။ သူ့ကို လွှတ်လိုက်တာလား။ အခန်းပြောင်းလိုက်တာလား။ ဘာလုပ်တာလဲ စဉ်းစားနေတယ်။ ပစ္စည်းတွေ ဘာတွေလည်း မယူခိုင်းတော့ လွှတ်တာတို့၊ အခန်းပြောင်းတာတို့ ဟုတ်ချင်မှဟုတ်မယ်လို့လည်း စဉ်းစားနေတယ်။ ဒါပေမယ့် အဲဒီ အချိန်မှာ လူတချို့ကို လွှတ်နေပြီ။ လွှတ်တဲ့အထဲမှာ ကျွန်းပြန်တွေလည်း ပါနေတယ်။

ကျနော်တို့နေတဲ့တိုက်ရဲ့ နောက်ကျောမှာ ‘ရင်ကွဲတိုက်’ လို့ခေါ်တဲ့ ၆ တိုက် ရှိတယ်။ အဲဒီမှာက သာမန် အကျဉ်းသမားတွေကို ထားတာ။ (အဲဒီအချိန်တုန်းကပေါ့လေ။) ညဘက်ဆိုလို့ရှိရင် အဲဒီဘက်က သတင်းစာ ဖတ်သံတွေကို ကြားရတယ်။ တခါတလေပေါ့လေ။ ကြားရတဲ့အချိန်မှာ သတင်းစာထဲမှာပါတဲ့ ထောင်ကလွှတ်တဲ့ သတင်းတွေကို အကျယ်ကြီး အော်ဖတ် ပြတာ ကြားရတယ်။ ဒါ တမင် ကျနော်တို့ ကြားအောင် လုပ်နေတယ်လို့ ထင်တယ်။ ကျနော်တို့ကို စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေတာပဲ။ “ဘယ်သူတွေတော့ လွတ်ပြီ၊ ဘယ်သူတွေတော့ လွတ်ပြီ” ဆိုတာကို တမင်ဖတ်ပြနေတာ။

အဲဒီလိုနဲ့ ကျနော် ဦးတင်ညွန့်ရဲ့ ကံကြမ္မာကို တွေးနေတုန်း ၂ နာရီလောက်ကြာတဲ့အခါကျတော့ သူ့ကို ပြန်ခေါ်လာတယ်။ စောင်အုပ်ပြီး ပြန်ခေါ်လာတာ။ အခန်းထဲသွင်းပြီး စောင်အုပ်ကို ဖယ်၊ တံခါးကို ဂျိမ်းခနဲ ပိတ်၊ ဝါဒါတွေ ပြန်သွားတော့ သူက တံတွေးကိုမြိုချပြီး …

“အမယ်လေး … ကိုဖိုးသံရေ”

လို့ စပြောတယ်။ ဟာ … သူတော့ ဘာပြောမလို့လဲ၊ ကျနော်က သူ့မျက်နှာကိုကြည့်ရင်း မှန်းကြည့်နေတယ်။ သူက အင်မတန်ကို ထူးဆန်းတာတခုကို တွေ့ခဲ့တဲ့ပုံပဲ။

“ဟာ … ဘယ်လိုမှကို မထင်တဲ့ကိစ္စမျိုးဗျို့”

လို့ ပြောတာပဲ။ ဖြစ်ပုံကဒီလို … သူ့ကို ပဲခူးရိုးမက လက်နက်ချလာတဲ့၊ ထောက်လှမ်းရေးနဲ့ အတူတွဲလုပ်နေတဲ့ ဦးမြ၊ ရဲဘော်တင်ရှိန်၊ ရဲဘော်ဘခက်ဆိုတဲ့ လူတွေနဲ့ ထောက်လှမ်းရေးက တွေ့ပေးတာ။ ထောက်လှမ်းရေးက ဗိုလ်မှူးတယောက်ဆိုတာလည်း ပါတယ်။ သူတို့ သိဖူးတဲ့သူတွေ အချင်းချင်းမို့လို့ နားချတဲ့သဘောပေါ့လေ။ ဗကပ အကြောင်း၊ သူတို့ကိုယ်တွေ့ဆိုတဲ့အကြောင်း မကောင်းတာတွေ လျှောက်ပြောတာပဲ။

ပြီးတော့ ဦးတင်ညွန့်ရဲ့တုန့်ပြန်မှုတွေကို အဲဒီထောက်လှမ်းရေး ဗိုလ်မှူးက စောင့်ကြည့်အကဲခတ်၊ သူတို့ချင်း ပြန်ညှိကြတဲ့ပုံစံပဲ။ ဦးတင်ညွန့်အပြောအရဆိုရင် တခြားသူတွေကို ခေါ်တွေ့ဦးမယ့်သဘောရှိတယ်။ တချို့ကိုလည်း ခေါ်တွေ့ ပြီးပြီ။ ထပ်လည်း တွေ့ဦးမယ်။ နောက်ပြီး ကျနော့်ကိုလည်း ခေါ်တွေ့မယ်ထင်တယ်လို့ သူက ကျနော့်ကို ပြောတယ်။

ဆက်လက်ဖော်ပြပါမယ်။

ကျောင်းသား ထောင် တော်လှန်ရေးသမား (၄၃)

April 2, 2010

နောက်ပြီးတော့မှ ဒီဘက်က ဦးမြသန်းတင့်တို့၊ ကိုအောင်မေသုတို့နဲ့ အဆက်အသွယ် ရတယ်။ အဲဒီနောက် တဖြည်းဖြည်း ဝါဒါအလစ်မှာ စကားပြော ဖြစ်ကြတယ်။ ကျနော်တို့ ထမင်းပို၊ ဟင်းပိုတွေ ရှေ့ကို ပစ်လိုက်လို့ရှိရင် ဆက်ရက်တွေက လာစားတယ်။ ကျနော်တို့ အနားမှာ ဆက်ရက်တွေရှိတဲ့ အခါကျတော့ ကောင်းတယ်။ ဘာကောင်းလည်းဆိုတော့ ဝါဒါလာရင် ဆက်ရက်တွေက ထပြန်တယ်။ ဝါဒါ လာ မလာ ကျနော်တို့ သိနိုင်တယ်။

ဒါပေမယ့် စကားအပြောများတာကတော့ ညပိုင်း ပိုပြောကြတယ်။ ခုနက ကိုထွန်း အောင်ကျော်နဲ့ ကျနော်က ကိုးကိုးကျွန်းပေါ်တုန်းက လေ့လာရေးအတူတူပဲ ဆိုတော့ ပြောစရာတွေက အများကြီး၊ နောက် ဒီဘက်က ဦးမြသန်းတင့်တို့ ကို အောင်မေသုတို့နဲ့ကလည်း စကားကပြောမယ်ဆိုရင် ပြောစရာတွေအများကြီး …။

ကျနော်မှာ မှတ်မှတ်ရရပြောချင်တာတခုက ဦးမြသန်းတင့်က ကျနော့်ကို သူခေါင်းထဲမှာ စဉ်းစားထားတဲ့ သူစာရေးမယ့် အကြောင်းအရာတွေကို ပြောပြတယ်။ ညတိုင်းမှာ တခုချင်း တခုချင်း ပြောပြတယ်။ သိပ်စိတ်ဝင်စားစရာ ကောင်းတယ်။ သူ ထောင်ထွက်လာပြီးတဲ့အခါမှာ သူ ပထမဆုံးရေးတဲ့၊ လူကြိုက်လည်းများတဲ့ ‘ကျနော်ဆက်ရေးချင်သော ဝတ္ထုများ’ အကြောင်းကို သူ အဲဒီမှာ ကျနော့်ကို ပြောပြတာ။ တခြား ဘယ်သူ့ကိုမှ မပြောပြသေးဖူးဘူး။ ဒါ ကျနော် ခုမှ ပြန်ပြောတာ ဂုဏ်လည်းယူတယ်။ သူရေးမယ့်သူတွေရဲ့ တဦးချင်းရဲ့ ဝတ္ထုတွေကို သူက အသေးစိတ်ပြောပြတာ။

နောက်ပြီးတော့ သူ ဘယ်လိုလုပ်မယ်၊ အရင်စာရေးဆရာတွေထဲက ဘယ်အချက်ကို အားမရတာ၊ ဒါကြောင့်မို့လို့ ဒီခေတ်အမြင်နဲ့ ပြန်ရေးမယ်ဆိုရင် ဘယ်လိုရေးမယ်ဆိုတာကို သူက အသေးစိတ်ပြောပြတာ။ ဟာ … ကျနော်လည်း သဘောကျလွန်းလို့ “ ဦးရယ်… ထွက်ရင် ရေးဖြစ်အောင်ရေးပါ” လို့ တိုက်တွန်းတာ။

ဦးလေးဦးမြသန်းရဲ့ ထူးခြားချက်တခုက စာတွေ အများကြီးဖတ်တာတင်မကဘူး။ အများကြီး မှတ်မိတာ။ ခုနက ပြောတဲ့ သူရေးချင်တဲ့ ‘ကျနော်ဆက်၍ရေးချင်သော ဝတ္ထုများ’ ဆိုတာ အရင် အနှစ် ၃၀ ကျော်လောက်က ဟာတွေ၊ စစ်မဖြစ်ခင် ကဟာတွေ။ အဲဒါတွေကို သူက အကုန် အသေးစိတ်မှတ်မိနေတာ။ ဇာတ်ကောင်တွေ နာမည်ကအစ အသေးစိတ်တွေ။ အတော့်ကို အံသြဖို့ ကောင်းတာ။ အဲဒါအပြင် အခြားပြည်တွင်း ပြည်ပက စာပေရေးရာ အကြောင်းတွေလည်း အများကြီး ပြောကြတယ်။ ကျနော်က နားထောင်တာပါ။ ကျနော်က ပြောစရာ သိပ်မရှိပါဘူး။

ကိုအောင်မေသုကတော့ ကျနော့်ကို အင်းစိန်ထောင် ဗဟုသုတပေါ့လေ။ ကျနော်တို့ကို တာဝန်ယူတဲ့ အာဏာပိုင်တွေ၊ ဝါဒါတွေအကြောင်း အကုန်လုံး မိတ်ဆက်ပြတယ်။ အင်းစိန်ထောင်မှာ ဆောင်ရန် ရှောင်ရန်တွေလည်း ပြောတယ်။ သူက ကျနော့်ထက် ၄/၅ နှစ်လောက် ကြီးမလား မသိဘူး။ သူက ရဲဘော်တွေကို ခေါ်ရင် ဘယ်တော့မှ တုံးတိကြီး မခေါ်ဘူး။ နာမည်ရှေ့မှာ ‘ရဲဘော်’ တပ်ပြီး ခေါ်တယ်။ စကားပြောရင်လည်း ဘယ်တော့မဆို ‘ခင်းဗျား … ကျနော်’ ပဲပြောတယ်။ ကျနော်တို့အထဲမှာ အသက်အငယ်ဆုံးဖြစ်တဲ့ ကိုလှဋ္ဌေးကိုတောင်မှ ‘မင်း … ငါ’ မပြောဘူး။

ကျနော်တို့ ရန်ကုန်ထောင်ကိုရောက်တဲ့အခါ ဆောင်းဝင်စပြုနေပြီ။ နောက်ပိုင်း ဆောင်းတွင်းကိုရောက်တဲ့အခါ မနက်ပိုင်းနဲ့ ညပိုင်းမှာ အတော်လေးအေးတယ်။ ရှေ့တံခါးက ပိတ်မထားတော့ အမြဲပဲ လေဝင်တယ်။ ကျနော်တို့ကို ပေးထားတာ ဘာဘူစောင်အစုတ်ကလေး တထည်တည်း။

ညမှာဆိုရင် အောက်က အခင်းမရှိတဲ့၊ ၄ လက်မလောက်မြင့်တဲ့ ပျဉ်ပြား ကွပ်ပျစ်ပေါ်မှာ အဲဒီ ဘာဘူစောင်လေးနဲ့ ကွေးရတာပဲ။ မနက် အိပ်ယာအစောကြီး ထရတယ်။ ထပြီး အဲဒီစောင်ကို ခေါက်၊ အဲဒီကွပ်ပျစ်ပေါ်မှာ ရှေ့ကခင်း၊ အဲဒီစောင်ခေါက်ရဲ့ နောက်မှာ တင်ပလ္လင်ခွေထိုင်ပြီး လာစစ်မယ့် ထောင်မှူးကို စောင့်ရတာ။ သူတို့ ဘယ်အချိန်မှလာမလဲ အတိအကျ မပြောဘူး။ အဲဒီလို တုပ်တုပ်မှမလှုပ်ဘဲနဲ့ ထိုင်ပြီးတော့ စောင့်ရတာ။ အေးကလည်း အေး၊ ချမ်းကလည်း ချမ်း၊ စောင်လည်း ခြုံလို့မရဘူး။ စောင်က ရှေ့မှာ ခေါက်ပြီးတော့ ထားရတာ။ တခါတလေ နာရီဝက်လောက်ကို အကြာကြီး ထိုင်စောင့်ရတာ။

တနေ့တော့ ကျနော်က ထောင်မှူးလည်းမလာသေးတော့ စောင်ကိုယူပြီး ကိုယ်မှာပတ်ထားတယ်။ ဒီလိုအချိန်မှာ ထောင်မှူးဆိုတဲ့ကောင်က ဘာသံမပေး၊ ညာသံမပေးနဲ့ ဗြုန်းဆို ပေါက်ချလာရော။ ရောက်လာတော့ ကျနော်က စောင်ကို ကမန်းကတန်း ပြန်ခေါက်တယ်။

ဒါပေမယ့် မမီတော့ဘူး။ အဲဒီကောင်က တွေ့သွားတယ်။ အဲဒီမှာ ဒီကောင်က ရှူးရှူးရှားရှားနဲ့ ပါလာတဲ့ ဝါဒါ ၂ ယောက်ကို တံခါးဖွင့်ခိုင်း၊ ဝင်လာပြီး ကျနော်ကို လက်ပိုက်ခိုင်းပြီး သူစီးထားတဲ့ ဖိနပ်ကိုချွတ်ပြီး ကျနော့်ပါးကို ရိုက်တာပဲ။ ကျနော့်ပါးကို ရိုက်တာ။ ကျနော့်တသက်မှာ ဒါမျိုး ကျနော် ဘယ်လိုမေ့လို့မလဲ။ အခဲရော ဘယ်ကျေနိုင်မလဲ။ အဲဒီ ထောင်မှူးဆိုတဲ့အကောင်ရဲ့ နာမည်က ‘သောင်းရွှေ’ တဲ့။ အရင်က အင်မတန် ဆိုးတယ်လို့ နာမည်ကြီးတဲ့သူ။ ရုပ်က သွေးမရှိတဲ့ရုပ်မျိုး။ အင်မတန် ရက်စက်တဲ့ရုပ်မျိုး။

အဲဒီလိုနဲ့ တနေ့မှာကျတော့ ကျနော်တို့ကို စာမေးပွဲ ဖြေခိုင်းတယ်။ သူတို့ မေးခွန်းတွေကို ဖြေရတာပေါ့။ အရင်တုန်းက လုပ်နေကျအတိုင်း မေးခွန်းတွေကလည်း အရင်ကအတိုင်းပဲ။ ကျွန်းမပို့ခင် မန္တလေးထောင်မှာ မေးတဲ့အတိုင်း။ နောက် ကျွန်းပို့ခါနီး အင်းစိန် တွဲဖက်ထောင်ထဲမှာ မေးတဲ့အတိုင်း ဘာမှမကွဲဘူး။ ကျနော်ကလည်း ဖြေတော့ အဲဒီအတိုင်းပဲ။ ဘာမှ မကွဲဘူး။ အဲဒီနောက် ကျနော်တို့ကို အခန်းပြောင်းတာတွေ လုပ်တယ်။ ကျနော့်ကို ၄ တိုက်ရဲ့ ဒီဘက်အဆုံးကနေ ဟိုဘက်အဆုံးကို ပို့လိုက်တယ်။

ကျနော်နဲ့အတူနေရတဲ့သူက ကျနော်တို့ ကိုကိုးကျွန်းက ပြန်လာတဲ့ ဦးတင်ညွန့်။ ဗမာပြည်ကွန်မြူနစ်ပါတီကပဲ။ ဝါရင့် တော်လှန်ရေးသမားတယောက်။ ကျနော့်ထက် အသက်အများကြီး ကြီးတယ်။ ကျနော့်အပေါ် အင်မတန်မှ ကြင်နာတယ်။ စိတ်ရင်းစေတနာ သိပ်ကောင်းတယ်။ ပါတီဗဟိုရဲ့ ဆက်သားအဖြစ် သူ့လုပ်ကိုင်ခဲ့ပုံတွေကို ပြောပြောပြတယ်။ အင်မတန် စိတ်ဝင်စရာကောင်းတယ်။

၂ ယောက်သား ကျွန်းအကြောင်းတွေ၊ အာဇာနည်အကြောင်းတွေ ပြောဖြစ် ကြတယ်။ ကျနော်ကတော့ သူ့ဆီကနေ လေ့လာစရာတွေ အများကြီးပေါ့ လေ။ သူပြောသမျှ မှတ်ထားရတာပေါ့။ ကျနော်တို့တိုက်ထဲမှာ နေရတဲ့အခါကျတော့ ဘာမှလုပ်စရာရှိတာ မဟုတ်ဘူး။ ကျန်းမာရေးလေ့ကျင့်ခန်း လုပ်ဖို့ဆိုတာလည်း ၂ ယောက်အတူနေရတဲ့အခါကျတော့ ဘာမှလုပ်လို့မဖြစ်ဘူး။ အခန်းက ကျဉ်းကျဉ်းလေး။

အထူးသဖြင့် ကိုယ့်ထက်အသက်ကြီးတဲ့ လူကြီးတယောက်နဲ့ အတူနေရတာ ဆိုတဲ့အခါကျတော့ လှုပ်ရှားမှုက ပိုပြီးတော့ သတိထားရတယ်။ ဦးတင်ညွန့်ကတော့ လူငယ်လိုပါပဲ။ ကျနော်တို့ကို ဘာမှ အားနာအောင် မလုပ်ပါဘူး။ သူက အင်မတန် နားလည်ခွင့်လွှတ်နိုင်တဲ့လူ။ သဘောထား သိပ်ကြီးတယ်။

ဆက်လက်ဖော်ပြပါမယ်။

ကျောင်းသား ထောင် တော်လှန်ရေးသမား (၄၂)

March 15, 2010

အဲဒီမှာ အံ့သြစရာတခုပြောချင်သေးတယ်။ အဲဒါကဘာလဲဆိုတော့ ကျနော်တို့တတွေ အဲဒီလို ထူးထူးခြားခြား အလုပ်ရှုပ်နေကြတယ်၊ ပုံပျက်ပန်းပျက်ဖြစ်နေတယ်ဆိုတာကို ကျနော်တို့ မွေးထားတဲ့ ခွေးတွေကလည်း သတိထားမိကြတယ်။ သူတို့လည်း မျက်နှာ မသာဘူး။ ကျနော်တို့က အမဲသားတွေကို သူ့တို့လည်း ကျွေးတယ်။ သူတို့လည်း မစားတော့ဘူး။

အရင်ဆို ကျနော်တို့ခွေးတွေက အသားဆို အငမ်းမရ၊ သူတို့လည်း ကျနော်တို့လိုပဲ ငတ်ပြတ်နေတဲ့ဟာတွေ။ အဲတော့ ခွေးတွေကတောင် သတိထားမိတယ်။ ကျနော်တို့ပြန်ရတာက အောက်တိုဘာလလား၊ နိုဝင်ဘာလလား ကျနော် အသေအချာ မမှတ်မိတော့ဘူး။ အခု ကျနော်ပြန်စဉ်းစားမိတာကတော့ ကျွန်းကိုလာတုန်းကကိစ္စတွေကို ကျွန်းကပြန်တဲ့ ကိစ္စတွေထက် ပိုပြီးမှတ်မိနေတယ်။ ကျွန်းကပြန်တဲ့ကိစ္စကို ခေါင်းထဲမှာ သိပ်မရှိဘူး။

အဲဒါ ပြန်ကြတယ်ပေါ့ဗျာ။ ပြန်ကြတော့ ကျနော်တို့ကို လာကြိုတာက အလာတုန်းက ‘ပြည်တော်ညွန့်’ သင်္ဘောပဲ။ ပြန်မယ့်နေ့ မနက်အစောကြီးမှာ ကျနော်တို့ မိုးတောင် မလင်းသေးဘူး။ အာဇာနည်တွေကိုသွားပြီး အသုတ်လိုက် အလေးပြုကြတယ်။ ဘာနဲမှမတူတဲ့ ခံစားမှုပဲလေ၊ ကျနော်တဦးချင်းမှာတော့ အဲဒီနားမှာတင် ကျနော့်ဘဝအတွက် ဆုံးဖြတ်ချက်ကျသွားတယ်လို့ ထင်တယ်။ ငါရှေ့မှာ ဘာဆက်လုပ်မယ်ဆိုတာ အဲဒီမှာ ဆုံးဖြတ်လိုက်တဲ့သဘောပဲ။

အဲဒီလိုပဲ ကျနော်တို့ လာတဲ့နေရာဘက်ကပဲ ပြည်တော်ညွန့် သင်္ဘောပေါ် ပြန်တက်ကြတယ်။ ဒါပေမယ့် ကျနော်တို့အလာတုန်းက သင်္ဘောကြီးက အဖြူရောင်ကြီး၊ အခုတော့ သူတို့ ဆေးပြောင်းသုတ်ထားတယ်။ အနက်ရောင်ကြီး၊ ဒါပဲကွာတယ်။ သင်္ဘောဝမ်းထဲမှာ ကျနော်တို့အလာတုန်းက ဘာမှမရှိဘူး။ ဒီ အောက်ခံ ရိုးရိုးသံကြမ်းပြင်ပေါ်မှာ ဖင်ချထိုင်ရတာ။ အခု အပြန်ကြ သင်္ဘောဝမ်းထဲမှာ နှစ်ထပ်အိပ်စင် အပြည့်လုပ်ထားတာ။ ကြည့်ရတာသူတို့ ခရီးသည်တွေဆွဲတဲ့ သဘောပဲ။ နောက်ပြီး အိပ်စင်တိုင်းမှာလည်း အသက်ကယ်ဘော အင်္ကျီလေးတွေ ချိတ်ထားတာ တွေ့ရတယ်။

ကျနော်တို့ကို သင်္ဘောဆိပ်ကဆင်း ရန်ကုန်ဆိပ်ကမ်းတက်တော့ ညပိုင်း ၈ နာရီ၊ ၉ နာရီလောက်ရှိပြီ ထင်တယ်။ အလာတုန်းကလိုပဲ ကျနော်တို့ကို ကားကြီးတွေပေါ်တင်ပြီး အင်းစိန်ထောင်ကို တန်းမောင်းသွားတယ်။

မှန်ပြူတင်းပေါက်မှာတော့ အလာတုန်းကလို စက္ကူအဖြူတွေ ကပ်မထားတော့ဘူး။ ကျနော်တို့ကို အင်းစိန်ထောင်မကြီးထဲကို အကုန်လုံး သွင်းလိုက်တယ်။ ထောင်ဘူးထဲရောက်တော့ နာမည်နဲ့လူစစ်ပြီး ခေါင်းပေါ်စောင်အုပ်ပြီး ခေါ်သွားတာပဲ။ အသုတ်လိုက် အသုတ်လိုက် ခေါ်သွားတာ။

ဘူးခန်းထဲကနေပြီး ကျနော်တို့ ကြက်တူရွေး လှောင်အိမ်ကိုဖြတ်၊ ဟိုဘက်ရောက်တာနဲ့ ကျနော်တို့ကို ပုံစံထိုင်ခိုင်းတာပဲ။ ကျနော်တို့က မထိုင်တက်တော့ မထိုင်ကြဘူး။ မထိုင်တော့ အသင့်စောင့်နေတဲ့ ကောင်တွေက ဝိုင်းရိုက်တာပဲ။ ခေါင်းကိုအုပ်ထားတော့ ဘာမှမမြင်ရဘူး။ လဲကျသွားပြီးနောက်ကျတော့ ထိုင်လိုက်ရတာပဲ။

အဲဒီနောက်မှာ ကျနော့်ကိုကျတော့ ၄ တိုက်ကို ခေါ်သွားတယ်။ ကျနော်တို့ ကျွန်းပြန်တွေအားလုံးကို တခြား ဘယ်အကျဉ်းသားနဲ့မှ မရောဘူး။ ကျနော်တို့ ကျွန်းပြန်တွေချည်းပဲ သပ်သပ်ထားတယ်။ ကျနော်နေတဲ့ ၄ တိုက်မှာလည်း အားလုံး ကျွန်းပြန်တွေချည်းပဲ။

ကျနော်နဲ့ တခန်းထဲနေရတာက မန္တလေးဘက်ကလာတဲ့လူ။ လူငယ့်တပ်ဦးက ကိုအောင်မြင့် တဲ့၊ သူက ရွှေဘိုသား။ အရင်က မန္တလေးပန်တျာကျောင်းက ပန်းချီကျောင်းသား။ မန္တလေးထောင်မှာလည်း နေဖူးတယ်။ ကျနော်ရဲ့ညာဘက်အခန်းမှာက စာရေးဆရာ ဦးလေး ဦးမြသန်းတင့်။ ဦးလေး ဦးမြသန်းတင့်နဲ့ အတူနေတာက (တလောက NLD က ကျသွားတဲ့ အုတ်ဖိုက ကိုနီအောင်မေသုပေါ့။ မျက်နှာက ပြုံးပြုံး ပြုံးပြုံးနဲ့၊ အင်းစိန်ထောင် အာဏာပိုင်တွေကြားမှာ အလွန်ခေါင်းမာတယ်လို့ နာမည်ကြီးတဲ့လူ။)

ကျနော့်ဘယ်ဘက်အခန်းမှာက ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂက ကိုထွန်းအောင်ကျော်၊ ကျနော်တို့က ကိုထွန်းအောင်ကျော်(အဖြူ) လို့ ခေါ်တယ်။ ကိုထွန်းအောင်ကျော် ၂ ယောက်ရှိတာမိုလို့ သူက ရန်ကုန် ရေကျော်က။ သူနဲ့အတူနေရတာက ခုနက ကိုအောင်မြင့်နဲ့ အမှုတွဲတခုတည်းဖြစ်တဲ့ လူငယ့်တပ်ဦးက ကိုခင်မောင်သန်း၊ သူလည်းပဲ ရွှေဘိုကပဲ။

ထောင်ထဲသွင်းလိုက်ပြီဆိုကတည်းက အားလုံးစောင်အုပ်ပြီး ခေါ်သွင်းလာတာ။ ဘေးခန်းတွေနဲ့ မဆက်သွယ်ရဘူး။ စကားမပြောရဘူး။ ပြောရင်အသေပဲ ဆိုတာမျိုးပြောပြီး အထဲကို ကန်ထည့်လိုက်တာ။ ကျနော်တို့လည်း ရောက်ရောက်ချင်းဆိုတော့ အရိပ်အခြေ ကြည့်နေရတာ။ နောက်ကျမှ ဘေးခန်းနံရံကို ခေါက်ပြီးဆက်သွယ်ရတယ်။ ‘ဒေါက်ဒေါက် ဒေါက်ဒေါက်’ ပေါ့လေ။

ပထမဆုံး အဲဒီဘက်အခန်းမှာ ဘယ်သူရှိလည်းဆိုတာပဲ မေးကြရတာ။ ဒါ အလွယ်ဆုံးနည်းပဲ။ အဲဒါကတော့ … A B C D စကားလုံးတွေကို A ဆိုရင် ၁ ချက်၊ B ဆိုရင် ၂ ချက်၊ C ဆိုရင် ၃ ချက်၊ Z ဆိုရင် ၂၆ ချက်။ အဲဒီလိုခေါက်ပြီး ဆက်ကြရတာ။ အတော်လက်ဝင်တဲ့ ကိစ္စ။ ထောင်ထဲမှာကတော့ အချိန်ကလည်း ပေါတာကိုး။ အဲဒီတော့ လက်ဝင်ပေမယ့်လည်း ကြာကြာကြီး အလုပ်လုပ်လို့ ရတယ်။ ဒါပေမယ့် နားထောင်တဲ့လူကလည်း နားဝင်တယ်။ သိပ်လွယ်တာ မဟုတ်ဘူး။

စရိုက်တာကတော့ ထုံးစံအတိုင်း Who ဘယ်သူလဲပေါ့ ဗျာ။ ဒီတော့မှ တဖက်က နာမည်ကို ပြန်ရိုက်ပြတယ်။ ကိုထွန်းအောင်ကျော်ကလည်း သူ့နာမည် ကျနော့်ကို အတို TAK လို့ ရိုက်ပြတယ်။ ပြဿနာက ကျနော်တို့အထဲမှာက ကိုထွန်းအောင်ကျော်ဆိုတာ နှစ်ယောက်ရှိတယ်။ ဒီ ကိုထွန်းအောင်ကျော်ကို ကျနော်တို့က လိပ်ကလေးလို့ ခေါ်တယ်။

အဲဒီတော့ ကျနော်က ‘လိပ်ကလေးလား’ လို့ မေးချင်တာနဲ့ ကျနော်က အင်္ဂလိပ်စာလုံး လိပ်(tortoise) ဆိုတဲ့ စကားလုံးကို ရိုက်ပြတယ်။ ဒါပေမယ့် အဲ့ဒီစာလုံးက t o r t o i s e ရှစ်လုံးတောင်၊ ရိုက်ရတာ အရှည်ကြီး။ အဲဒီတော့ သူက စိတ်မရှည်ဘူး၊ နံရံကို ဂျစ်ဂျစ် ဂျစ်ဂျစ် ဆိုပြီး ဆွဲခြစ်ပစ်လိုက်တယ်။ ပြီးတော့မှ သူက ရိုက်တယ်။ l a k e လိပ် တဲ့။ အဲဒီလိုဆိုတော့ ပွဲက ပြတ်သွားရော။ ရယ်လည်း ရယ်ရတယ်။

ဆက်လက်ဖော်ပြပါမယ်။

ကျောင်းသား ထောင် တော်လှန်ရေးသမား (၄၁)

March 4, 2010

ဒီလိုနဲ့ ‘ပြည်သူ့သူရဲကောင်းများရဲ့ဈာပန’ ကို ကျနော်တို့ ၁၉၇၁ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှာ ကျင်းပတယ်။ ခေါင်းတလုံးကို လူ ၈ ယောက်စီ ထမ်းကြတယ်။ ကျနော်တို့ ရဲဘော်တွေတင်မကဘူး။ မဟာမိတ် ပါတီအဖွဲ့တွေက ရဲဘော်တွေလည်း ဝင်ထမ်းကြတယ်။ အဲ့ဒီနေ့က ရာသီဥတုဟာ သာယာကောင်းမွန်ပါတယ်။ မုန်တိုင်းလည်း စဲသွားပြီ။

အာဇာနည်တွေကိုမြှုပ်ဖို့ ကျနော်တို့ရွေးလိုက်တဲ့နေရာကတော့ ကင်းစခန်းရဲ့အရှေ့ဘက်ထောင့်၊ ပင်လယ်ကမ်းကနေ တက်လာမယ်ဆိုရင် မီတာ ၇ဝ-၈ဝ လောက် တက်ရမယ်ထင်တယ်။ အဲ့ဒီမှာ အုန်းပင် ၃ ပင် ဖိုခနောက်ဆိုင် ပေါက်နေတဲ့နေရာရှိတယ်။ အဲဒီ အုန်းပင် ၃ ပင်ရဲ့အလယ်မှာပဲ ဆိုကြပါစို့။ အဲ့ဒီမှာပဲ ကျနော်တို့ သူတို့ကို မြှုပ်ပါတယ်။

အဲ … ခပ်လှမ်းလှမ်းမှာကတော့ အိုနာဆစ်သင်္ဘောပျက်ကြီးကို လှမ်းမြင်နေရတယ်။ သင်္ဘောပျက်ကြီးကတော့ လှိုင်းတွေထဲမှာ ယိမ်းထိုးနေတယ်။ ကျနော်တို့ ခေါင်းတွေထမ်းသွားတဲ့အခါမှာ လေပြေလေးက တသုန်သုန် ဖြူးနေတယ်။ အုန်းပင် ၃ ပင်ရဲ့အလယ်မှာ ကျင်းအကျယ်ကြီး၊ အနက်ကြီးတခု ကျနော်တို့ တူးထားတယ်။ အာဇာနည်တွေရဲ့ခေါင်းတွေကိုမပိတ်မီမှာ သူတို့ရဲ့နာမည်နှင့်တကွ အသက်၊ သူတို့ရဲ့ဆောင်ပုဒ်၊ စတာတွေကို ရေးထားတဲ့ ကြေးပြားလေးတွေကို အထဲမှာထည့်ပြီးမှ ခေါင်းပိတ်ပါတယ်။

အာဇာနည် သုသာန်နေရာမှာ ခေါင်း ၈ လုံးစုံပြီဆိုတဲ့အခါကျတော့ ကျနော်တို့ရဲ့တူရိယာဝိုင်းကနေပြီးတော့ ‘အင်တာနေရှင်နယ်’ လို့ ခေါ်တဲ့ နိုင်ငံတကာသီချင်းကို တယော ၈ လက်နဲ့ အခြားတူရိယာအစုံနဲ့ တီးမှုတ် ဂုဏ်ပြုကြတယ်။

ပြီးတော့ ရဲဘော်တယောက်စီကို သူတို့အတွက် ဂုဏ်ပြုတဲ့သီချင်းတွေသီဆိုပြီး ခေါင်းတခေါင်းစီ မြေချပါတယ်။ သူတို့ ကျဆုံးတဲ့အစဉ်အတိုင်း တယောက်ပြီးတယောက် ဂုဏ်ပြုပြီးတော့ မြေချတာပါ။ ခေါင်း ၈ လုံး မြေကျပြီးပြီဆိုတော့ သူတို့ ၈ ယောက်စလုံးအတွက် ဂုဏ်ပြုစပ်ထားတဲ့ ‘ပြည်သူ့သူရဲကောင်းများသို့’ ဆိုတဲ့ ဂုဏ်ပြုသီချင်းကို တီးမှုတ်သီဆိုပါတယ်။ အဲဒီနောက် မြေဖို့ကြတာပါပဲ။

မြေဖို့ပြီးပြီဆိုတဲ့အခါမှာ လွမ်းသူ့ပန်းခွေတွေ ချကြပါတယ်။ ပထမဆုံးချတာက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပန်းခွေပါ။ ပန်းခွေချပြီးတော့ အဲ့ဒီအဖွဲ့အစည်းရဲ့ သက်ဆိုင်ရာရဲဘော်တွေက ဦးညွတ်အလေးပြုကြပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက ပန်းခွေချပြီးတဲ့အခါမှာ ကျန် ပါတီအဖွဲ့အစည်းတွေက ပန်းခွေတွေ အသီးသီးချကြပါတယ်။

ထူးထူးခြားခြားပြောရမှာက မန္တလေးက နိုင်ငံရေးသမားဟောင်းကြီး သခင် ရန်ချွေ။ သူက သူ့ပုဂ္ဂိုလ်တဦးချင်းအနေနဲ့ကို ပန်းခွေချ သီးသန့်အလေးပြုပါတယ်။

ကျနော်တို့နဲ့ အတူတိုက်ပွဲဝင်လာကြတဲ့ ရဲဘော်တွေရဲ့ခန္ဓာကိုယ်များဟာ ပထဝီမြေကြီးအောက်ကို ရောက်သွားပါပြီ။ ဒါပေမယ့် သူတို့ရဲ့စိတ်ဓာတ်ဝိဉာဉ်ကတော့ ကျနော်တို့နဲ့ အခုအထိအတူ ဆက်ချီတက်နေပါတယ်။ ကျနော် တဦးချင်းအနေနဲ့ပြောရမယ်ဆိုရင် ကိုယ့်ဘဝရဲ့ အရေးကြီးတဲ့ အကွေ့အချိုးတိုင်း၊ ဆုံးဖြတ်မှုတိုင်းမှာ သူတို့ကို သတိရပါတယ်။ သူတို့ကို ပြန်စဉ်းစားပြီးတော့ ကိုယ့်ကိုယ်ကိုယ် မောင်းတင်ရ၊ သံပတ်တင်းရတာမျိုးတွေလည်း မကြာခဏ ကြုံရဖူးပါတယ်။

အာဇာနည် သူရဲကောင်းတွေသာမရှိရင် တော်လှန်ရေးအောင်ဖို့ မပြောနဲ့။ တော်လှန်ရေးတခုလုံးကို သယ်ဆောင်ဖို့တောင်မှ မဖြစ်နိုင်ပါဘူး။ အခု ကိုကိုးကျွန်းသမိုင်းဟာ အနှစ် ၃ဝ ကျော်သွားပါပြီ။ ဘယ်သူတွေ ဘယ်လိုပဲပြောနေနေ။ ကိုကိုးကျွန်းသမိုင်းကြောင်း အာဇာနည်များရဲ့စိတ်ဓာတ်နဲ့ သူတို့ရဲ့စွန်လွှတ်မှု၊ သူတို့ကြောင့်ရရှိတဲ့ အောင်ပွဲကိုတော့ အသိအမှတ်မပြုလို့ မနေနိုင်ပါဘူး။

အမေ့ခေါ်သံ

ကျနော်တို့အနေနဲ့ ကိုယ်ထူကိုယ်ထလုပ်ဖို့ မလိုတော့ဘူးဆိုတဲ့အခါကျတော့ အချိန်တွေက အများကြီးရတယ်။ အချိန်တွေ ပိုလာတယ်။ စာဖတ်လို့ရတာပေါ့လေ။ ဒါပေမယ့် ကျနော်တို့ အားကစားတွေ ဘာတွေ လုပ်ချင်စိတ်လည်း မရှိတော့ဘူး။ အဲ့ဒီ ရဲဘော်တွေမရှိတော့တဲ့အခါမှာ သူတို့ကိုပဲ သတိရနေတယ်။

အဲ့တော့ ကျနော်တို့လူစုမိတိုင်း သူတို့အကြောင်းတွေကိုပဲ ပြောကြတယ်။ တခါတခါ သူတို့ကိုဂုဏ်ပြုတဲ့ တေးတွေ စုပြီး သီချင်း ဆိုကြ၊ တီးကြ၊ မှုတ်ကြတယ်။ ရေကြည်သောက်တိုင်း ရေတွင်းတူးတဲ့သူတွေကို မမေ့ကြတာပေါ့လေ။ အဲ့လို ဈာပနပြီးတဲ့နောက် တလအကြာမှာ သူတို့ကိုဂုဏ်ပြုတဲ့ ကဗျာစာအုပ်တအုပ် ထုတ်ခဲ့ကြတယ်။

ဒီလိုနဲ့ မုတ်သုန်လွန်တဲ့အခါမှာ ထောင်အာဏာပိုင်တွေက ကျနော်တို့ကို ပြည်မ ပြန်ပို့တယ်။ သူတို့က လာကြိုတဲ့သင်္ဘော ရောက်လာတဲ့အခါမှာ ကျနော်တို့ကိုလာပြီးတော့ အကြောင်းကြားတယ်။

“နောက် ၂ ရက်နေရင် ထွက်ခွာရမယ်။ ခင်ဗျားတို့ ပြင်ဆင်ကြပါ”

လို့ လာပြီးပြောတယ်။

ဒါနဲ့ ကျနော်တို့ ပြင်ဆင်ကြပါတယ်။ ပြည်မ ပြန်ရမယ်ဆိုပေမယ့် ကျနော်တို့ စိတ်ထဲမှာ ပျော်လှတယ်လို့ မရှိပါဘူး။ ပြည်မကထောင်တွေ (အထူးသဖြင့် အင်းစိန်ထောင်)အကြောင်းကို ကောင်းကောင်း သိထားတော့ ကျွန်းကပြန်ရတယ်ဆိုတာဟာ ဒယ်အိုးထဲကနေ မီးတောက်ထဲကို ခုန်ချရတာဖြစ်နိုင်တယ်လို့ တွက်ထားကြတယ်။ ဟိုရောက်ရင် ကျွန်းမှာလို လွတ်လွတ်လပ်လပ် အားလုံးအတူတူ မနေရမှာကလည်း သေချာနေတယ်။ ဘာပဲပြောပြော ကျနော်တို့ ပြင်ကြတယ်။

ပြင်ကြတယ်ဆိုတာ ဘာပြင်လဲဆိုတော့ အဓိကအားဖြင့် ကျနော်တို့ရှိတဲ့ စာရွက်စာတမ်းတွေ အကုန်လုံး ဖျက်ဆီးကြ၊ မြေမြှုပ်တန်တာ မြှုပ်ကြပေါ့လေ။ ပြီးတော့မှ ကိုယ်ပိုင်ပစ္စည်းလေးတွေ ထုပ်ကြပိုးကြတာ။ ကိုယ်ပိုင်ပစ္စည်းကတော့ များများ မရှိပါဘူး။ ကျနော်လို လူသာ အိမ်ကပို့တဲ့ စာအုပ်တွေ များနေတာ။ (အဲဒီစာအုပ်တွေလည်း အင်းစိန်ထောင် ရောက်ပြီးတဲ့နောက် ဘယ်ရောက်သွားမှန်းကို မသိတော့ဘူး၊ ပြန်မတွေ့တော့ဘူး။)

နောက်တခုက ကျနော်တို့မှာ စုထားတဲ့ စားစရာ၊ သောက်စရာတွေရှိတယ်။ ဥပမာ … အမဲသားဘူးတို့၊ လိပ်သားခြောက်တို့၊ နို့ဆီဗူး အပါအဝင်ပေါ့လေ၊ ကျနော်တို့ ရိက္ခာတွေ ပိုနေတဲ့ဟာတွေ ရှိတယ်။ တမင်စုထားတာ၊ ကျနော်တို့ အခမ်းအနားတွေ၊ ပွဲတွေလမ်းတွေကြရင် စားရ သောက်ရအောင်ဆိုပြီးတော့။ အခုတော့ အဲဒါတွေ ကျနော်တို့ အပြတ်ရှင်းကြတယ်။

ကျနော်တို့ရိက္ခာရုံမှာရှိတဲ့ နို့ဆီတွေ၊ လိပ်သား ခြောက်တွေ၊ အမဲဗူးတွေကို အနပ်တိုင်း စားကြတာပဲ။ အမဲဗူးထဲက အမဲသားတွေဆိုရင် အခြောက်ကြော်ပြီး ဗန်းကြီးတွေနဲ့ စားပွဲပေါ်မှာ တင်ထားတယ်။ စားလို့လည်း မကုန်တော့ဘူး။ ကျနော်တို့လည်း စားချင် သောက်ချင်စိတ် မရှိတော့ဘူး။

ဆက်လက်ဖော်ပြပါမယ်။

ကျောင်းသား ထောင် တော်လှန်ရေးသမား (၄၀)

February 24, 2010

အဲ့လို သီချင်းဆိုပြီးလို့ ကိုဖေအောင်ကနေ “သက်သာ” လို့ အမိန့်မပေးခင် တိုက်ပွဲဝင်ရဲဘော်တယောက် ရပ်နေရာကနေ ယိုင်ကျသွားတာ တွေ့လိုက်ရတယ်။ ရဲဘော် ထွန်းဝင်း။ သူအဲ့လို့ ယိုင်ကျသွားတော့ သူ့ဘေးမှာရှိနေတဲ့ ရဲဘော်တေဇက သူ့ကို လက်မောင်းကနေဖေးပြီးတော့ ထိန်းထားလိုက်တယ်။

ဒါပေမယ့် … သူ ကျဆုံးသွားတယ်။ သူဟာ နံပါတ် ၈၊ အဌမမြောက် နောက်ဆုံး အာဇာနည်ပေါ့။ အင်မတန် ဝမ်းနည်းစရာ၊ အသည်းနာစရာ ကောင်းပါတယ်။ တိုက်ပွဲအောင်ပွဲရပြီးမှ ကျသွားရှာတယ်။ အဲ့တော့ ကျနော်တို့အားလုံး ခုနက ထောင်မှူးကြီးနဲ့အဖွဲ့ကို ပြန်ထွက်ခွင့်မပေးသေးဘဲနဲ့ ကျနော်တို့ သူတို့ကို ဝိုင်းလိုက်တယ်။ ဝိုင်းပြီးတော့ …

“ရဲဘော်ထွန်းဝင်းကို သတ်တာ … စစ်အစိုးရ၊ စစ်အစိုးရ”

“ရဲဘော် ၈ ယောက်ကို သတ်တာ … စစ်အစိုးရ၊ စစ်အစိုးရ”

“ဖိနှိပ်ချုပ်ချယ်မှု … အလိုမရှိ၊ အလိုမရှိ”

“ကိုယ်ထူကိုယ်ထစနစ် … ဖျက်သိမ်းပစ်၊ ဖျက်သိမ်းပစ်”

လို့ ဝိုင်းကြွေးကြော်ကြတယ်။ ဒါဟာ ကိုကိုးကျွန်းပေါ်မှာကြားရတဲ့ နောက်ဆုံးကြွေးကြော်သံပဲ။

ရဲဘော် ထွန်းဝင်းဆိုတာက ကျွန်းပေါ်မှာ ကျနော်နဲ့ အဆောင်တဆောင်တည်းနေတာ။ သူဟာ မြစ်ဝကျွန်းပေါ်သား၊ အစိုးရလေတပ်က။ ပဲခူးရိုးမ UG အဖြစ်နဲ့ အလုပ်လုပ်ရင်း အဖမ်းခံရတာ။ (သူတို့လေတပ်က အဲဒီတုန်းကဖမ်းတာ လူတွေ အများကြီးပဲ)

သူက လေတပ်သားဆိုပေမယ့် အင်မတန် အနုပညာဘက်မှာလည်း ထူးချွန်၊ အားကစားဘက်မှာလည်း ထူးချွန်၊ လက်မှုပညာမှာလည်း ထူးချွန်၊ ပေါင်းသင်းဆက်ဆံရေးမှာလည်း ထူးချွန်တဲ့သူဖြစ်တယ်။ ဒုံမင်းတွေ၊ ဂစ်တာတွေ သူလုပ်တာ အများကြီး။ တယောလည်း သူ လုပ်တတ်တယ်။ ဆေးလည်း ထိုးတတ်တယ်။ အားကစားမှာ ဘောလုံးကန်၊ ဘောလီဘော ရတယ်။ အပြေး ရတယ်။ အလေးမ ရတယ်၊ ခြင်းခတ် ရတယ်။ အင်မတန် ချစ်စရာကောင်းတဲ့ လူတယောက်။

ကျနော်တို့က လွတ်တဲ့ငါး ကြီးတာမဟုတ်ဘူး။ ဒီအာဇာနည် ၈ ယောက်ဟာ တဦးချင်းအရကော အင်မတန် တန်ဖိုးရှိတဲ့သူတွေ။ အာဇာနည်ဖြစ်မှ တန်ဖိုးရှိတာ မဟုတ်ဘူး။ ရှင်နေရင်လည်း အင်မတန် တန်ဖိုးကြီးတဲ့ ပုဂ္ဂိုလ်တွေပဲလို့ ကျနော် အာမခံရဲတယ်။

ကျနော်တို့ တိုက်ပွဲပြီးသွားပြီဆိုတော့ တိုက်ပွဲနောက်ပိုင်းအလုပ်တွေ ဆက်လုပ်ရသေးတယ်။ ဒီတိုက်ပွဲမှာ အရင်တိုက်ပွဲတွေနဲ့ မတူတဲ့ကိစ္စတခုက ဒီ အာဇာနည်တွေရဲ့ကိစ္စပဲ။ အရင်တိုက်ပွဲတွေတုန်းက တိုက်ပွဲပြီးတယ်ဆိုလိုရှိရင် တိုက်ပွဲဝင် ရဲဘော်တွေရဲ့ ကျန်းမာရေးပြန်ပြီး နာလန်ထူအောင် လုပ်ရကိုင်ရတယ်။ အဲဒီအလုပ်ပဲ ရှိတယ်။ ခုကျတော့ ကျသွားတဲ့ ရဲဘော်တွေရဲ့ ရုပ်အလောင်းတွေ ရှိသေးတယ်။ သူတို့ကို ဂုဏ်ပြုဖို့ ထိုက်ထိုက်တန်တန် အသိအမှတ်ပြုဖို့၊ သင်္ဂြိုလ်ဖို့ကိစ္စတွေ ဆက်ပြီး စဉ်းစားဖြေရှင်းကြရတယ်။

ပထမဆုံးအနေနဲ့ ကိုကိုးကျွန်း ပါတီကော်မတီကနေပြီးတော့ ဇူလိုင် ၃၁ ရက်နေ့ကို ‘ပြည်သူ့သူရဲကောင်းများနေ့’ လို့ သတ်မှတ်လိုက်တယ်။ ကျနော်တို့ ပထမဆုံးပြင်ဆင်ကြတာကတော့ သူတို့ကို ဂုဏ်ပြုရေး၊ အမှတ်တရ ကျောက်တိုင်တတိုင် စိုက်ထူရေးဖြစ်တယ်။

ကျဆုံးသွားတဲ့သူတွေကို တဦးချင်းကို ဂုဏ်ပြုတဲ့သီချင်းတွေ စပ်ကြတယ်။ သီချင်းစပ်တဲ့ အဖွဲ့တွေဖွဲ့ပြီး အဖွဲ့လိုက်၊ အဖွဲ့လိုက် စပ်ကြတယ်။ တီးလုံးတွေလည်း တိုက်ကြတယ်။ နောက်တခါ ၈ ယောက်စလုံးကို ဂုဏ်ပြုတဲ့ သီချင်းလည်း တပုဒ်ပါတယ်။ ဒါပေမယ့် အားလုံးထဲမှာ (ကျနော့် အထင်) အဓိကအကျဆုံးကတော့ အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူရေးပဲလို့ ထင်တယ်လေ။

အဲ့ဒီအချိန်မှာ ကျနော်တို့အနေနဲ့ ကိုယ်ထူကိုယ်ထ လုပ်ဖို့မလိုတော့ဘူး။ ထောင်အာဏာပိုင်တွေက ဆန်တို့၊ ထင်းတို့၊ ဆီ၊ ဆား၊ ငါးပိ၊ ငရုပ်သီး အဲဒါတွေကို ကျနော်တို့ဆီကိုအရောက် သူတို့က လာပို့ပေးနေရပြီ။ အရင်တုန်းကတော့ ကျနော်တို့ ကိုယ်တိုင် သွားပြီးတော့ သယ်ရတယ်။ ထမ်းရတယ်။ ထင်းလည်း ရှာရတယ်။ ရေလည်း ထမ်းရတယ်။ အခုတော့ သူတို့ကုန်လုံး လာပို့ပေးတယ်။ ကျနော်တို့ဘာသာလုပ်တာဆိုလို့ ထမင်း၊ ဟင်းချက်တာပဲ ရှိတော့တယ်။ ဒါကတော့ ကျနော်တို့ ကိုယ့်ဟာကိုယ်ပဲ ချက်စားကြတယ်။

ဒီတော့ အထိမ်းအမှတ်ကျောက်တိုင်ကို ကျနော်ဘာသာပဲ ဆွဲကြတော့တယ်။ ကျောက်တိုင်အတွက် လိုအပ်တဲ့ ဘိလပ်မြေ၊ အုတ် စတာတွေကို ထောင်အာဏာပိုင်တွေဆီက တောင်းယူတယ်။ လုပ်တဲ့အခါကြတော့ ကျနော်တို့ ရဲဘော်တွေပဲ ကိုယ်ဟာကိုယ် လုပ်ကြတယ်။ ကျောက်တိုင်ရဲ့တည်နေရာဟာ အာဇာနည်ဗိမာန်ရဲ့ အရှေ့တည့်တည့်။ တိုက်ပွဲဝင်အဓိက အဆောင်ဖြစ်တဲ့ အဆောင် ၉ ရဲ့အရှေ့တည့်တည့်။

တိုက်ပွဲဝင်အာဇာနည်တွေရဲ့ဗိမာန်နဲ့ဆိုရင် ၃/၄ ကိုက်ပဲ ကွာမယ် ထင်တယ်။ သဏ္ဍာန်က ၈ မြှောင့်သဏ္ဍာန်။ အောက်ခြေကနေ ကျောက်တိုင်ထိပ် ကြယ်နီရဲ့ ထိပ်ဖျားကနေဆိုလို့ရှိရင် ၈ ပေ၊ ၈ လက်မ တိတိမြင့်တယ်။ အဲ့ဒီကျောက်တိုင်ရဲ့အခြေမှာ အုတ်ခုံအသေးလေးတွေ ရှိတယ်။ အဲဒီ အုတ်ခုံလေးတွေရဲ့ပေါ်မှာ ကျဆုံးသူတွေရဲ့ တဦးချင်းနာမည်။ အသက် စတာတွေ ရေးထားတယ်။

သူ့အထက်က ကျောက်တိုင်မျက်နှာပြင်ပေါ်မှာကြတော့ သူ့ရဲ့ဆောင်ပုဒ်ကို ရေးထားတယ်။ ဥပမာ … ရဲဘော် ထွန်းဝင်းဆိုလို့ရှိရင် အုတ်ခုံပေါ်မှာ ‘ရဲဘော် ထွန်းဝင်း၊ အသက် ၂၈ နှစ်’ ကျောက်တိုင်မျက်နှာပြင်ပေါ်မှာက မျက်တောင်အဖွင့်အပိတ်နဲ့ …

“ကွန်မြူနစ်တယောက်ဟာ
ကိုယ့်ကိုကိုယ် လေထီးတပ်သားလိုသဘောထားပြီး
ရောက်ရာအရပ်မှာ တော်လှန်ရေးတာဝန်ကို ထမ်းဆောင်ရမယ်”

အဲဒါကို ဘိလပ်မြေထဲမှာ ထွင်းပြီး ကျနော်တို့ ရေးထားတယ်။

အဲ့တော့ အရှေ့ဘက်ဆုံးမျက်နှာ ပထမဆုံးကျဆုံးသွားတဲ့ ရဲဘော် သိန်းကြည်ကို အထိမ်းအမှတ်ပြုတယ်။ ကျန်တဲ့ရဲဘော်တွေကို သူတို့ကျတဲ့ အစီအစဉ်အတိုင်း တယောက်ပြီးတယောက် မျက်နှာစာ တခုစီ တခုစီ အထိမ်းအမှတ်ပြုသွားတယ်။ အဲဒီကျောက်တိုင်ကို ‘ပါတီနေ့’ ဖြစ်တဲ့ ၁၉၇၁ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့အထိ ပြီးအောင်လုပ်ကြတယ်။ ဈာပနအခမ်းအနားကို အဲ့ဒီနေ့မှာကျင်းပဖို့ သတ်မှတ်ထားလိုက်တယ်။

ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ အခေါင်းတွေရှေ့မှာ သူတို့ရဲ့ရုပ်ပုံတွေကို ပုံတူပန်းချီကားကြီးတွေ ထောင်ထားတယ်။ ခုနက ကျနော်ပြောတဲ့ ရဲဘော်မြအောင်က ပန်းချီဆွဲကောင်းတယ်။ အထူးသဖြင့် ပုံတူဆွဲ ကောင်းတယ်။ တိုက်ပွဲစလို့ ရက် အတော်လေးရလာတော့ သူဆန္ဒနဲ့ သူပဲ တိုက်ပွဲဝင်ရဲဘော်တွေရဲ့ပုံတွေကို Sketch ခေါ်တဲ့ ပုံကြမ်းလေးတွေ လိုက်ဆွဲတယ်။

ရဲဘော်တွေကျဆုံးသွားတဲ့အခါကြတော့ သူက အဲဒီပုံကြမ်းလေးတွေကို ပုံချောအဖြစ် Sepia အရောင် ဆွဲတယ်။ ပန်းချီကားတွေက အလျား ၁ ပေခွဲ၊ အမြင့် ၂ ပေလောက် ရှိမယ်ထင်တယ်။ အောက်ခံက မျက်နှာကျက်လုပ်တဲ့ ကွန်ကရစ်ပြား။ တချို့ရဲဘော်တွေရဲ့ပုံက ကျဆုံးပြီးမှ အလောင်းကိုကြည့်ဆွဲရတဲ့ ပုံတွေပါ။

ဆက်လက်ဖော်ပြပါမယ်။

ကျောင်းသား ထောင် တော်လှန်ရေးသမား (၃၉)

February 17, 2010

ကိုလေးမောင်က ကျနော့်ထက် အသက် ၆ နှစ်လောက် ကြီးပါတယ်။ တက္ကသိုလ်ရောက်တာလည်း အများကြီး စောတယ်။ ကျနော် တက္ကသိုလ်ရောက်လို့ ကျောင်းသားလှုပ်ရှားမှုတွေထဲမှာ စပြီးပါတော့ အခြေအနေတွေဟာ အရင်ကာလတွေနဲ့ မတူတော့ဘူး။

အထူးအဖြင့် ၁၉၆၂ ခုနှစ် ဇူလိုင်၇ ရက်နောက်ပိုင်းမှာ ကျောင်းသားလှုပ်ရှားမှု လှုပ်ရှားရတဲ့ပုံသဏ္ဍာန်ဟာ လုံးဝပြောင်းသွားပြီ။ အဲ့ဒီအချိန်မှာ သမဂ္ဂကို အဓိက တာဝန်ယူနေတဲ့ ခေါင်းဆောင်တွေဟာ အဖမ်းခံသူ ခံရ၊ တိမ်းရှောင်သူ ရှောင်ရ အဲဒီလိုဖြစ်နေတဲ့ အချိန်။

အဲ့တော့ ကျောင်းထဲမှာရှိနေတဲ့ ကျန်ရစ်တဲ့ အစိုးရက မဖမ်းသေးတဲ့အထဲက အားလုံးရှိသမျှ အင်အားစုပြီးတော့ လုပ်ငန်းကို ပြန်ဆက်ထူထောင်နေကြတဲ့အချိန်၊ အဲ့ဒီမတိုင်ခင်အချိန် ကိုလေးမောင်ဟာ ကဗျာဆရာအဖြစ်နဲ့ပဲ အဓိက ရပ်တည်နေတာ။ သူဟာ နာမည်ကြီးတဲ့ ကဗျာဆရာတယောက် ဖြစ်နေပြီ။ အဲ့တော့ အခုလို လူနည်းလာတဲ့အခါကျတော့ သူလည်း ပြန်ပါဝင်လာတယ်။

အဲ့ဒီအချိန် သမဂ္ဂအဆောက်အဦဟာ မန္တလေးမှာ မရှိတော့ဘူး။ အဖျက်ခံလိုက်ရပြီ။ နောက် ကျနော်တို့စုနေကြ ဗောဓိကုန်းက ‘သပြေ’ ဆိုတဲ့ အိမ်လေးမှာ ကိုအောင်သူတို့က မရှိတော့ဘူး။ ဒါကြောင့် လူမစုနိုင်တော့ဘူး။ ဒါကြောင့် အဲ့ဒီတုန်းက အများအားဖြင့် လူစုကြတယ်ဆိုလို့ရှိရင် လဘက်ရည်ဆိုင်ထိုင်ရင် ရေနီမြောင်းထိပ်က ကိုကံရဲ့ လက်ဘက်ရည်ဆိုင်။ စကားပြောစရာရှိရင် အဲ့ဒီဗောဓိကုန်းထဲက ကိုလေးမောင်တို့အိမ်မှာ ပြောတယ်။ သူနေတဲ့အိမ်က ထုံးဖြူသုတ်ထားတဲ့ ဝါးကပ်တဲ။

ဒါကြောင့် ကျနော်တို့ အားလုံးက အဲ့ဒီ ဝါးကပ်တဲကြီးကို ‘အိမ်ဖြူတော်’လို့ ရယ်စရာ မောစရာ ပြောကြတယ်။ တကယ်တော့က အိမ်တအိမ်လုံးမှ ဝါရှင်တန်က အိမ်ဖြူတော်ရဲ့ စားပွဲတလုံးလောက်တောင် တန်ဖိုးရှိမှာ မဟုတ်ပါဘူး။

အဲ့ဒီနောက် ၆၃ ခုနှစ်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပျက် ဖိနှိပ်မှုတွေ ပြင်းပြင်းထန်ထန်လုပ်လာတဲ့ နောက်ပိုင်းမှာ ကျနော်တို့ ကျောင်းသားသမဂ္ဂလုပ်ရှားမှုကို မြေအောက်လုပ်ရတယ်။ အဲ့ဒီတုန်းကလည်း ကိုလေးမောင်နဲ့ ကျနော်နဲ့ အတူတူ လှုပ်ရှားရတာပဲ။ ဒီအချိန်မှာ သူနေတာက မန္တလေး၊ မလွန်ရပ်က ၈၅ လမ်းပေါ့။ အဲ့ဒီမှာ ကွယ်လွန်သွားတဲ့ စာရေးဆရာ ကိုတောလူ (ကိုစောလွင်)ရဲ့ တိုက်ကလေးတလုံး ရှိတယ်။ ကိုစောလွင်က မန်းတက္ကသိုလ်သမဂ္ဂမှာ ဥက္ကဋ္ဌ လုပ်ဖူးတယ်။

အဲ့ဒီတိုက်ဝန်းနောက်က တိုက်ခန်းထဲမှာ ကိုလေးမောင် နေတယ်။ ကိုလေးမောင်နဲ့ ကိုသာနိုးနဲ့ အတူတူနေကြတယ်။ အဲ့ဒီတုန်းက ကျနော်တို့ရဲ့လှုပ်ရှားမှုဟာ အဲ့ဒီနေရာမှာ အတော်များများ အခြေခံတာ။ (ကိုသာနိုးကတော့ မပါတော့ပါဘူး) ကိုလေးမောင်ရှိတဲ့ဆီမှာပဲ ကျနော်တို့က အခြေခံလုပ်ကြတာများတယ်။

မအေးစန်း ခေါ် မစိမ်းပင်တို့နဲ့အတူ ခွပ်ဒေါင်းစာစောင် ထုတ်ကြတော့လည်း အဲဒီနေရာမှာပဲ။ ကျနော်တို့ အတူတူ စာအုပ်ထုတ်ကြ။ စာအုပ်အဖုံး ဖုံးကြ။ နောက် ဖြန့်ဝေကြ။ ကိုလေးမောင်နေတဲ့နေရာမှာပဲ ကျနော်တို့ လုပ်ခဲ့ကြတယ်။ ကိုလေးမောင်တို့နေတဲ့နေရာမှာပဲ ကျနော်တို့လုပ်ခဲ့ကြတယ်။ အဲ့ဒီက ဆက်ပြီးတော့ ၆၆ ခုနှစ်မှာ အဖမ်းခံရတော့လည်း အတူတူ။ မန္တလေးထောင်ထဲမှာ ၁ တိုက်၊ ၄ တိုက်၊ ၂ တိုက်၊ စစ်ထောင်တွေကို သူနဲ့ကျနော်နဲ့ တနေ့တည်း အမြဲအတူပြောင်းရတာချည်းပဲ။

မန္တလေးထောင်ထဲမှာ ကျနော်တို့ လှုပ်ရှားမှုရဲ့အဓိက တာဝန်ခံလို့ဆိုရမယ့် ကိုဌေးလှ ကျဆုံးပြီးတဲ့နောက်ပိုင်းမှာ ကျနော်အဖို့ အစစအရာရာ ကိုလေးမောင်ကိုပဲ အဓိက တိုင်ပင်ခဲ့ရတယ်။ လူဆိုတာ ထောင်ထဲမှာ ဖြတ်သန်းတဲ့အခါမှာ (အထူးသဖြင့် ကျနော်တို့လို အဲ့ဒီတုန်းက အသက်ငယ်ငယ်နဲ့ လူတွေအဖို့မှာ ဆိုလို့ရှိရင်) အတွေးအခေါ် အတက်အကျ၊ ခေါင်းထဲမှာ ရှုပ်ထွေးမှုတွေအမျိုးမျိုး ကြုံတွေ့ရတယ်။

အဲ့တော့ ကိုယ့်တယောက်တည်း ဖြေရှင်းလို့မရဘူး။ တိုင်ပင်စရာ အမြဲလိုတယ်။ အဲဒီအခါမှာ ကိုလေးမောင်ဟာ ကျနော့်အတွက် အင်မတန် အဖိုးတန်တဲ့ အကူအညီတွေ ပေးနိုင်ခဲ့တယ်။

ပြောရမယ်ဆိုရင် ကျနော့်ဘဝမှာ သာမန် ကျောင်းသားလှုပ်ရှားမှုလုပ်နေရာကနေ တော်လှန်ရေးသမား ဖြစ်လာအောင် အတွေးခေါ်အရ၊ နိုင်ငံရေးအရ အပြောင်းလဲကြီးပြောင်းလဲတဲ့နေရာမှာ ကိုလေးမောင်ရဲ့ သြဇာတွေ အများကြီးပါနိုင်တယ်လို့ ပြောနိုင်တယ်။

အဲတော့ သူနဲ့ကျနော်နဲ့ ခုနကပြောသလို တိုက်တွေမှာလည်း အတူတူ။ တလျှောက်လုံး အတူတူပေါ့လေ။ ကျွန်းရောက်လာတော့လည်း အတူတူပေါ့လေ။ ကျွန်းရောက်တော့ သူဟာ အများရဲ့ ချစ်ခင်လေးစားမှုလည်း ခံရတယ်။ လူက စကားနည်းတယ်။ ပြောရင် တိတိကျကျနဲ့ စကားကိုတန်ဖိုးထားပြီး ပြောတယ်။ နောက် ရိုးသားတယ်။ ပွင့်လင်းတယ်။ နှိမ့်ချတယ်။ အနစ်နာခံတယ်။ ဒါကြောင့် လူချစ်လူခင်သိပ်များတယ်။

ခုပြောခဲ့တဲ့ အကြောင်းရင်းတွေကြောင့် သူ ကျဆုံးတယ်ဆိုတဲ့အခါကျတော့ ကျနော်ဟာ မျက်ရည်ကျရုံတင် မကဘူး။ ကျနော်နဲ့ ကုတင်ချင်းကပ်လျက်အိပ်တဲ့ ရဲဘော်အောင်ဘော်ရဲ့ပုခုံးပေါ်မှာ ကျနော် ရှိုက်ကြီးတငင် ငိုခဲ့မိတယ်။ ဒါ ကျနော့်ဘဝမှာ ပထဆုံးအကြိမ် ဒီလိုငိုတာပဲ။

ဒီမှာစပ်မိလို့ ကိုအောင်ဘော်ဆိုတာက ကျနော်တို့နဲ့ အမှုတွဲအတူတူ၊ တလျှောက်လုံး မန္တလေးထောင်မှာလည်း အတူတူ၊ နောက် ကျွန်းမှာလည်း အတူတူ။ သူက ကျောက်ပန်းတောင်းသား၊ မန္တလေးတက္ကသိုလ်က။ သူက ကျွန်းကပြန်လာ၊ ထောင်ကလွတ်လာပြီးတဲ့နောက် ၁၉၇၅ ခုနှစ်လောက်မှာ အခြားကျွန်းပြန်တွေဖြစ်တဲ့ ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုဉာဏ်ဝင်း၊ ကိုဉာဏ်ဝင်းရဲ့ညီ ကိုတင်မောင်ဝင်းတို့နဲ့အတူတူ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ပဲခူးရိုးမကို ရောက်သွားခဲ့တယ်။ နောက်တော့ ပဲခူးရိုးမမှာပဲ ကျဆုံးသွားခဲ့တယ်။

ကိုလေးမောင်ကျဆုံးတာက နေ့လည် ၂ နာရီလောက် ထင်တယ်။ သူရဲ့တိုက်ပွဲဝင်ဆောင်ပုဒ်အဖြစ်ကတော့ သူ့ကဗျာ တပုဒ်ထဲက သူလုပ်ခဲ့တဲ့ UG လုပ်ငန်းရဲ့ နိမိတ်ပုံဖြစ်တဲ့ …

‘ရန်သူ့နှလုံးအိမ်တွင်း စိုက်သွင်းထားတဲ့ ဓားမြှောင်နီ’

ဆိုတာကို ရွေးထားခဲ့တယ်။

အဲ့ဒီလို သူကျဆုံးပြီးတဲ့နောက် ၂ နာရီ ၃ နာရီလောက်ကြာတော့ ထောင်မှူးကြီးနဲ့ ထောင်မှူးတွေ စာရွက်လေးတရွက်ကိုင်ပြီး ကျနော်တို့ စခန်းထဲကို ရောက်လာကြတယ်။ သူတို့က တိုက်ပွဲဆောင်တွေထဲဆီ ရောက်လာပြီး ကျနော်တို့ တောင်းဆိုတဲ့အတိုင်း ‘ကိုယ်ထူကိုယ်ထစနစ်ကို ဖျက်သိမ်းပါပြီ’ ဆိုတဲ့အကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုးပေးတယ်။

အဲ့ဒီတော့မှ ကျနော်တို့လည်း အောင်ပွဲခံပြီဆိုတဲ့ အထိမ်းအမှတ်နဲ့ တိုက်ပွဲသိမ်းပြီဆိုတဲ့ အထိမ်းအမှတ်နဲ့ အင်တာနေရှင်နယ် (နိုင်ငံတကာသီချင်း)ကို အားလုံးသံပြိုင်ဝိုင်းဆိုကြတယ်။ သီချင်းဆိုရင်း ကျဆုံးသွားတဲ့ ရဲဘော်တွေကို မြင်ယောင်နေတယ်။ ဒါကြောင့်မို့ သီချင်းဆိုတဲ့နေရာမှာ နာနာကျည်းကျည်းဆိုနေကြတာ။ ရင်ပွင့်မတတ်ပဲ။ ဝမ်းသာတယ်ဆိုတဲ့ ခံစားမှုမရှိဘူးဆိုတာ အဲဒီတုန်းက အမှန်ပဲ။

ဆက်လက်ဖော်ပြပါမယ်။

ကျောင်းသား ထောင် တော်လှန်ရေးသမား (၃၈)

February 9, 2010

ကိုဖေအောင်ဆိုတာကလည်း ၅၈ ခုနှစ်ကတည်းက ကိုကိုးကျွန်းကို တခေါက်ရောက်ပြီးသား။ ၂ ကျွန်းပြန်။ သူတို့အကြောင်း နောကျေနေလှပြီ။ ကိုဖေအောင်က တိုက်ပွဲဝင်ရဲဘော်တွေရဲ့ ခြင်ထောင်တွေကို လှပ်ပြီး …

“ဟောဒီမှာ ကြည့် … ခင်ဗျားတို့ ကြည့်သွား၊ နောက်ထပ် အသေခံဖို့ တန်းစီနေတဲ့ ရဲဘော်တွေ။ ကျနော်တို့ တောင်းထားတာမရရင် အသေခံမယ်”

လို့ မာမာပြတ်ပြတ် ပြောပစ်လိုက်တယ်။

အဲ့ဒီတော့မှ ထောင်အာဏာပိုင်တွေဟာ သူတို့မှာ ပါလာတဲ့ ဝှက်ဖဲကို ချပြကြတယ်။ သေချာပြန် စဉ်းစားလိုက်ရင်တော့ ဒီလူတွေဟာ အတော်တော့ ယုတ်မာတာ။ နောက်ဆုံး အချိန်အထိ၊ သူတို့ အလျှော့ပေးရတော့မယ့် အချိန်အထိ ဈေးဆစ် အကျပ်ကိုင်နေတာ။ ကျနော်တို့ ရဲဘော်တွေရဲ့ အသက်ကို သူတို့ အကျပ်ကိုင်နေကြတာ။ ဒါ … ရန်ကုန်က ခိုင်းလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ။ တကယ်တမ်းတော့ ဒီထောင်အာဏာပိုင်တွေဟာ တိုက်ပွဲဝင်ရဲဘော်တွေရဲ့မျက်နှာတွေကို မကြည့်ရဲဘူး။ စိတ်မလုံတဲ့သဘောပဲ။

သူတို့ ဒီတခါဝင်လာတာ ထူးခြားတဲ့အတွက် တိုက်ပွဲဆောင်ပတ်ဝန်းကျင်မှာလည်း ကျနော်တို့ ရဲဘော်တော်တော်များများ ကျနော် အပါအဝင် သူတို့ကို စိုက်ကြည့်နေကြတယ်။ အဲ့ဒီလို သူတို့ကို ဝိုင်းပြီး သတိထားနေကြမှန်းသိတဲ့အခါကျတော့ သူတို့လည်း သိပ်ပြီးတော့ ရေရှည် အချိန်မဆွဲနိုင်တော့ဘူး။ ဒါနဲ့သူတို့လည်း မျက်လွှာချပြီး

“ကဲ … သပိတ်လှန်လိုက်ကြပါ ဗျာ၊ ကိုယ်ထူ ကိုယ်ထစနစ်ကို ဖျက်သိမ်းပေးပါ့မယ်”

လို့ ပြောထွက်လာတယ်။

အဲဒီတော့ ကျနော်တို့ဘက်က

“ဒါဖြင့်ရင် ခင်ဗျားတို့ စာရွက်စာတမ်းနဲ့ လက်မှတ်ထိုးပေး”

အဲဒီလို တောင်းဆိုလိုက်တယ်။ ထောင်အာဏာပိုင်တွေဆိုတာက လက်ဝါးလှန်လိုက် မှောက်လိုက်ဆိုတာမျိုး၊ ခုတမျိုး ခုတမျိုးလုပ်တတ်တယ်လေ။ အဲ့ဒီတော့ အပိုင်ချည်မှ တုတ်မှဖြစ်မှာ။

ဒါကြောင့်မို့လို့ ကျနော်တို့က ဒီလိုချည်တုတ်ပြီးပြောတဲ့အခါကြတော့ သူတို့က ဘယ်လိုတုန့်ပြန်သလဲဆိုတော့ …

“ဟာ … ဒါကတော့ ကျနော်တို့မှာ လုပ်ပိုင်ခွင့် မရှိဘူး” တဲ့။ “မနက်ဖန်မှ Navy စခန်းဘက်သွားပြီး ကျနော်တို့ ယူပေးမယ်။ ခင်ဗျားတို့ သပိတ်အရင်လှန်နှင့်ပေါ့”

လို့ ထပ်ပြီးတော့ ဈေးဆစ်ပြန်တယ်။ ကျနော်တို့ဘက်က သံသယရှိတာ မလွန်ဘူးဗျ။ အတော်ကို မတရားတဲ့ လူတွေ၊ ကျနော်တို့ဘက်က ခေါင်းဆောင်တွေကတော့ …

“ခင်ဗျားတို့ဘက်က လက်မှတ်ထိုးပေးပြီးမှ ကျနော်တို့ သပိတ်ကို လှန်မယ်။ အဲဒီဘက်က လက်မှတ်ထိုးပြီးတော့ စာနဲ့ပေနဲ့ ကတိစကား မရမချင်း ဆက်တိုက်မယ်”

လို့ မတုန်မလှုပ် တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တာ၊ အဲဒီလိုနဲ့ပဲ အဲဒီနေ့က ပွဲပျက်မသွားဘူး။ သူတို့ ပြန်ထွက်သွားကြတယ်။

အဲဒီနေ့ညနဲ့ နောက်တနေ့ကဖြင့် ကျနော့်တသက်မှာ အချိန်တွေကုန်လွန်တာ အနှေးဆုံး နေ့နဲ့ညလို့ ပြောချင်တာပဲ။ တဖက်မှာ သေတွင်းနှုတ်ခမ်းမှာ တိုက်ပွဲအလံကိုကိုင်ပြီး တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ၊ တဖက်မှာက အထက်အမိန့် သွားပြီးတော့ ခံယူပါမယ်ဆိုပြီး ပြန်ထွက်သွားတဲ့ အာဏာပိုင်တွေ။

ဒီနှစ်ဖက် ပြန်ဆုံကြမယ့်အချိန်ကို စောင့်ရတဲ့ဟာက အင်မတန် ရှည်ကြာတာပဲ။ အောင်ပွဲနဲ့ ကျဆုံးခြင်း အကြားမှာ ဘယ်လောက်မှ မကွာခြားဘူးဆိုတာလည်း တနုတ်နုတ်ခံစားမိတယ်။

ဒီလိုနဲ့ နောက်တနေ့ ရောက်လာတယ်။ တိုက်ပွဲဝင် ၅၃ ရက် မြောက်နေ့ပေါ့။ နောက်ဆုံးနေ့ပဲ။ မနက်စောစောမှာ ထောင်မှူးကြီးရယ်၊ နောက် ထောင်မှူးတယောက်ရယ်၊ ဝါဒါ ၂ ယောက် ၃ ယောက်ရယ် မော်တော်ကားလမ်းအတိုင်း Navy စခန်းဘက်ကို လမ်းလျှောက်ထွက်သွားကြတယ်။ မိုးက မပြတ်အောင် ရွာထားတာမို့လို့ မူလက ထွန်စက်သွားနေကြ မော်တော်ကားလမ်းဟာ သွားမရတော့ဘူး။

ဒါကြောင့်မို့လို့ သူတို့ဟာ ကားလမ်းပေါ်မှာ လမ်းလျှောက်ပဲ သွားကြရတယ်။ ရွှံ့တွေကလည်း များပါဘိ၊ တချို့နေရာမှာ ရေတောင်ကျော်နေတယ်လို့ ပြောတယ်။ အဲဒီတော့ ဒီ ထောင်အာဏာပိုင်တွေက ကုန်းကြောင်းသွားကြတာ။ မြန်ချင်ပါတယ်ဆိုမှ ဒီလိုဖြစ်နေရတယ်။

လမ်းခရီးက ၇ မိုင် ၈မိုင်လောက် ရှိမယ်ထင်တယ်။ အဲဒါကို သူတို့ ခြေလျှင်သွားကြ၊ ဟိုကနေ ပြန်လာရဦးမှာ။ ဘယ်လောက်စောင့်ရဦးမလဲဆိုတာကို စဉ်းစားသာကြည့်ပေတော့။ အဲဒီလို ကျနော်တို့က စိတ်လောနေ၊ စိတ်ထဲမှာ မချင့်မရဲဖြစ်နေချိန်မှာ တိုက်ပွဲဆောင်ထဲက ရဲဘော်တွေကတော့ ဘာမှ ထူးခြားမှု မပြဘူး။ သူတို့က ခါတိုင်းလို ပုံမှန်ပဲ။ တည်တည်ငြိမ်ငြိမ်နဲ့ နားနားနေနေပဲ သူတို့ စောင့်ဆိုင်းနေကြတယ်။

ကျနော်ကတော့ အမှန်အတိုင်ပြောရရင် ထောင်အာဏာပိုင်တွေ လာမယ့်ဘက်ကို လည်ပင်းတမျှော်မျှော်၊ နားတစွင့်စွင့် စောင့်ဆိုင်းနေတာ။ အဲဒီလို စောင့်ဆိုင်းနေတုန်းမှာပဲ မနက် ၁၀ နာရီ ၁၁ နာရီလောက် ဖြစ်မယ် ထင်တယ်။ ကျနော်တို့ တိုက်ပွဲဝင် အဆောင်တဆောင်မှာ (ကျနော်က ၁၀ ဆောင်မှာ၊ ၉ ဆောင်ဘက်ကနေ) ကိုလတ် ကျဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားလိုက်ရတယ်။

ဒါကြောင့် ကျနော်လည်း အဲဒီအဆောင်ထဲကို ကမန်းကတန်း စဝင်လိုက်တယ်။ ကျနော်ရောက်တော့ နိုင်ငံတကာ သီချင်းကို စဆိုနေကြပြီ။ ဒါပေမယ့် ကျနော်လည်း ကိုလတ်ရဲ့ခြေရင်းမှာပဲ ညာလက်ရုန်းကို ကွေးမြှောက်ပြီး အဲ့ဒီ အင်တာနယ် ‘နိုင်ငံတကာသီချင်း’ကို လိုက်ဆိုမိတယ်။ ဆိုရင်း မျက်ရည်တွေလည်း ကျနေတယ်။

ကိုလတ်ဟာ ကျနော်နဲ့အတူတူ မန္တလေးထောင်က လာကြတာ။ ကျနော်နဲ့အတူ ၂ တိုက်မှာ နေခဲ့ကြတာ။ သူ့နာမည်ရင်းက မောင်မောင်စိုး၊ သူ့အသက်က ကျနော့်ထက်လတချို့တောင် ငယ်သေးတယ်။ လူကောင် ထွားတယ်။

ဒါပေမယ့် သူက ရိုးလွန်းလို့ လူချစ်လူခင် သိပ်များတယ်။ ကျောက်ဆည်သား၊ မန္တလေးတက္ကသိုလ်က၊ ကျောင်းသားလှုပ်ရှားမှုနဲ့ အဖမ်းခံရတာ။ သူက စာပေအနုပညာလည်း သိပ်ဝါသနာပါတယ်။ ဒီတိုက်ပွဲအတိုင်ခင် ၄-၅-၆ လကပဲ ကျနော်နဲ့အတူ သီချင်းတပုဒ် စပ်ခဲ့ကြသေးတယ်။ သူ့ရဲ့ အံ့မခန်းစိတ်ဓာတ်ကို မှတ်တမ်းတင် ပြောစမှတ်ဖြစ်လောက်အောင် သူဟာ ချန်ထားနိုင်ခဲ့တယ်။ အဲဒါက ဒီလို။

သူက ဒီနောက်ပိုင်း ရောက်လာတဲ့အခါ အကျအဆုံးတွေ များလာတဲ့ နောက်ပိုင်းမှာ သူဟာသူ့ဘေးမှာရှိတဲ့ သူ့ကိုပြုစုတဲ့ ရဲဘော်တွေကို …

“တကယ်လို့များ ကျနော့် ခြေတွေလက်တွေ အေးလာရင် ကျနော့်ကို သတိပေးစမ်းပါဗျာ”

လို့ မှာထားတယ်။ သူ ဘာလို့ ဒီလိုမှာတယ်ဆိုတာ အဲဒီ ရဲဘော်တွေက နားမလည်ဘူး။ သိပ်လည်း အလေးထား မစဉ်းစားတတ်ကြဘူး။ သာမန်လိုပဲ သဘောထားခဲ့ကြတာ။

ကိုလတ်ကတော့ သူ့အခြေအနေ သူ အမြဲ သတိထားနေတာ။ သူ့ ခြေတွေ လက်တွေ အေးလာပြီဆိုတာဟာ သူသေတော့မယ့် လက္ခဏာဆိုတာကို သူက သူ့အရင် အာဇာနည်တွေကျဆုံးတုန်းက အတွေ့အကြုံအရ သိထားတယ်။

ဒါကြောင့် အခု သူ မကျဆုံးခင်လေးမှာပဲ သူ့ ခြေတွေလက်တွေ အေးလာပြီဆိုတာနဲ့ သူဟာ အားယူမာန်တင်းလိုက်ပြီး အံကြိတ်ပြီး ညာလက်ရုံးကို မြှောက်တယ်။ အလေးနီပြုတယ်။ အဲဒီလို အလေးနီပြုနေတုန်းမှာပဲ သူ့မျက်နှာလည်း တဖြည်းဖြည်း ပြေလျော့သွား၊ လက်တွေလည်း ပြေလျော့သွား၊ ကျဆုံးသွားတယ်။ သူ့ရဲ့ ဒီသတင်းဟာ ချက်ခြင်းပဲ အကျဉ်းစခန်းတခုလုံးကို ပြန့်သွားပြီး ကြားရသူ အားလုံးဟာ စုတ်တသပ်သပ်နဲ့ ဝမ်းပမ်းတနည်း ဖြစ်ကြရတယ်။

ကိုလတ်ဟာ သူတိုက်ပွဲဝင်တဲ့ နေ့မှာပဲ သူအိပ်မယ့် ကွပ်ပစ်ခြေရင်းမှာ (ခြေရင်းက ခါးပန်းမှာပေါ့လေ) ကားမတ်စ် ငယ်စဉ်က ဆောင်ပုဒ်တခုဖြစ်တဲ့ …

‘ငါ့ဘဝမှာ တိုက်ပွဲတွေနဲ့ ပြည့်လျှမ်းနေပါစေ’

ဆိုတဲ့ စာတန်းကို မြေဖြူနဲ့ရေးခဲ့တယ်။ သူ့ဆန္ဒကတော့ ပြည့်စုံသွားတာပေါ့ဗျာ။ သူ့နောက်မှာ ကျဆုံးတာက ကိုလေးမောင် (ကဗျာဆရာ ကိုလေးမောင်)။ ကျနော် တဦးချင်းအရပြောရရင် စိတ်အထိခိုက်ဆုံး ကျဆုံးမှုပဲ။

ဆက်လက်ဖော်ပြပါမယ်။


Follow

Get every new post delivered to your Inbox.