အစိုးရသစ်ကို ၀အဖွဲ့ စကားပြောမည်

ကြာသပတေး, 23 ဒီဇင်ဘာ 2010 – VOA

တရုတ်၊ မြန်မာ နယ်စပ်ဒေသက ၀ပြည် သွေးစည်းညီညွတ်ရေး ပါတီက နောက်တက်လာမယ့် အစိုးရသစ်နဲ့ ဆွေးနွေးဖို့နဲ့ ၀ပြည်နယ် သီးခြားဖွဲ့စည်းဖို့ အပါအ၀င် သူတို့ရဲ့ အခြေခံမူ ၆ ချက်ကို ထုတ်ပြန်လိုက်ပါတယ်။ အခုရက်ပိုင်းအတွင်း ကျင်းပနေတဲ့ ခရိုင် ပါတီညီလာခံ တခုမှာ ဒီအခြေခံမူတွေကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဝပြည်သူတွေကို ကာကွယ်ဖို့အတွက် စစ်တပ် ဆက်လက်ထားရှိဖို့ ဆိုတာလည်း ပါဝင်ပါတယ်။ ၀ပြည် သွေးစည်းညီညွတ်ရေး ပါတီဟာ မြန်မာစစ်အစိုးရက ကမ်းလှမ်းထားတဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတဲ့ ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ရဲ့ မိခင်ပါတီ ဖြစ်သလို အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အတွင်းမှာ အင်အား အတောင့်တင်းဆုံးအဖွဲ့ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဝပြည် သွေးစည်းညီညွတ်ရေး ပါတီရဲ့ အခြေခံမူ ၆ ချက်ကို သူတို့ပါတီရဲ့ အင်အားအကောင်းဆုံး ဒေသတခု ဖြစ်တဲ့ မိုင်းမောခရိုင်က ၅ ကြိမ်မြောက် ခရိုင် ပါတီညီလာခံကို ကျင်းပနေချိန်မှာ ထုတ်ပြန်တာ ဖြစ်ပါတယ်။

ဒီလို ထုတ်ပြန်တာကတော့ ဒီလ ၂၀ ရက်နေ့က ကျင်းပတဲ့ ပါတီတည်ထောင်တဲ့ ၂၂ နှစ်မြောက်နေ့ အခမ်းအနား မိန့်ခွန်းမှာ ပါတီရဲ့ ဒု-ဥက္ကဋ္ဌ ရှောက်မီလျံက ပါတီဝင်တွေနဲ့ လူထုပရိသတ်ကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီအခြေခံမူ ၆ ချက်မှာ ပါဝင်တဲ့ အချက်တွေကို တရုတ်၊ မြန်မာ နယ်စပ်အခြေစိုက် စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက အခုလို ပြောပါတယ်။

“မိုင်းမောခရိုင်ရဲ့ ၅ ကြိမ်မြောက် ပါတီ ခရိုင်ကွန်ဂရက်ပေါ့ဗျာ။ ၁၉ ရက်နေ့က စတယ်။ ၂၀ ရက်နေ့က ပါတီရဲ့ ၂၂ ကြိမ်မြောက်မွေးနေ့ ဖြစ်တဲ့အတွက် ဒီကွန်ဂရက် လုပ်နေတဲ့ နေရာမှာပဲ လာကျင်းပတော့ ပါတီမွေးနေ့မှာ ဒု-ဥက္ကဋ္ဌဖြစ်တဲ့ ရှောက်မီလျံပြောတဲ့ အထဲမှာ အချက် ၆ ချက်ပါတယ်။ သူ့ရဲ့လမ်းကြောင်းက ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း ဖြစ်တယ်။ ဒါကြောင့်မို့ တက်လာတဲ့ အစိုးရနဲ့ ဆွေးနွေးမယ်။

“ဒုတိယအချက် ရှမ်းပြည်နယ်ရဲ့အောက်မှာ မဟုတ်တဲ့ ၀ ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ်ကို တောင်းဆိုတယ်။ နံပါတ်သုံးက ၀ပြည်နယ်မှာရှိတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို ဆက်လက်ကာကွယ် စောင့်ရှောက်ဖို့ ဆိုပြီးတော့ ၀ပြည် သွေးစည်းညီညွတ်ရေး ပါတီရဲ့ တပ်မတော်တရပ် ဆက်လက်ထားရှိခွင့်၊ အဲဒီဟာတွေ ပါတယ်။ အဓိက ကျတာကတော့ အဲဒီ ၃ ချက်ပေါ့ဗျာ။”

ကျန်တဲ့အချက်တွေကတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့နဲ့ ပြည်တွင်းက ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ၀ဒီမိုကရက်တစ် ပါတီကို မထောက်ခံဘူး ဆိုတာတွေ ပါဝင်တယ်လို့ ပြောပါတယ်။

မိုင်းမောခရိုင်က ခရိုင် ပါတီညီလာခံကို ကိုယ်စားလှယ် ၉၀၀ ကျော် တက်ရောက်ပြီး ပါတီတည်ထောင်တဲ့နေ့ အခမ်းအနားမှာတော့ ဌာနအသီးသီးက ကိုယ်စားလှယ်တွေပါ တက်ရောက်လာတာကြောင့် အင်အား ၂,၀၀၀ ကျော်လောက် ရှိခဲ့ပါတယ်။ ဒီကနေ့မှာတော့ ခရိုင်ကော်မတီ ရွေးကောက်ပွဲ ကျင်းပနေတယ်လို့ ဦးအောင်ကျော်ဇောက ပြောပါတယ်။

ဝပြည် သွေးစည်းညီညွတ်ရေး ပါတီဟာ နိုဝင်ဘာလ ၅ ရက်နေ့က မြန်မာစစ်အစိုးရနဲ့ မပြေမလည် ဖြစ်နေခဲ့တဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စကို နောက်တက်လာမယ့် အစိုးရနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေး ဖြေရှင်းသွားမယ်လို့ ကြေညာချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တွေ အတွင်းကတော့ ပြည်သူ့စစ် ဖွဲ့စည်းရေးကို လက်မခံတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်မဟာ ၁ လှုပ်ရှားရာ မိုင်းရှူးဒေသဘက်မှာ စစ်ရေးအရ မတည်မငြိမ် ဖြစ်ခဲ့တာကြောင့် ၀တပ်ဖွဲ့တွေဘက်က စစ်ရေးပြင်ဆင်မှုတွေ ရှိခဲ့တယ်လို့ ပန်ဆန်းဒေသခံ တယောက်က ပြောပါတယ်။

လောလောဆယ်မှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်းဘက်မှာ မြန်မာစစ်အစိုးရဘက်က သူတို့တပ်ဖွဲ့တွေကို ရုပ်သိမ်းသွားပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်မဟာ ၁ ကတော့ ပြန်လည်ဖွဲ့စည်းရေးအတွက် အစည်းအဝေး ကျင်းပနေတယ်လို့ ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်က ပြောပါတယ်။

“အခု တိုက်ပွဲတွေ ဘာတွေတော့ ငြိမ်သွားပြီ။ နအဖတပ်တွေ ဘာတွေလည်း ပြန်ရုပ်သွားပြီ။ သူတို့ အရင်က အနေအထား အတိုင်းပဲ။ သူတို့ တပ်မဟာ ၁ ဌာနချုပ် နယ်မြေထဲမှာတော့ အပစ်ရပ် SSA ခေါင်းဆောင်ပိုင်းတွေ ပြန်ပြီးတော့ ဖွဲ့စည်းဖို့၊ အသစ်ပြန်လည် တည်ထောင်ဖို့ အစည်းအဝေးတွေ ဘာတွေ လုပ်နေတယ်လို့ ပြောတယ်။ တပတ်ကျော်လောက် ရှိပြီ။”

ပြည်သူ့စစ် ဖွဲ့စည်းရေးကို လက်ခံတဲ့ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်လွယ်မောင်းနဲ့ ခေါင်းဆောင်တွေကတော့ တပ်မဟာ ၁ က ကျင်းပတဲ့ အစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ခေါ်ပေမဲ့ မလာရောက်ခဲ့ဘူးလို့ ပြောပါတယ်။

မြန်မာစစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖို့ လွန်ခဲ့တဲ့နှစ် ဧပြီလကတည်းက စတင် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ၀ပြည် သွေးစည်းညီညွတ်ရေး ပါတီ၊ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ စတဲ့ အဖွဲ့ကြီးတွေက ဒီတောင်းဆိုချက်ကို လက်မခံခဲ့ပါဘူး။ အသွင်ပြောင်းရေးကို လက်ခံခဲ့တဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ DKBA ခေါ် ဒီမိုကရက်တစ် ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်မှာတော့ တချို့တပ်ဖွဲ့တွေက လက်မခံတာကြောင့် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: