တိုင်းမ်မဂ္ဂဇင်း၏ အထူးခြားဆုံးပုဂ္ဂိုလ် ရွေးချယ်မှု၊ စံနှင့် မှတ်ကျောက်

ခက်ထန် Friday, 24 December 2010 12:18 – ဧရာဝတီ

ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းကြီးက ၂၀၁၀ ပြည့်နှစ် “တနှစ်တာအတွက် အထူးခြားဆုံးပုဂ္ဂိုလ်” အဖြစ် ပရိသတ်က တခဲနက် မဲပေးထားသည့် ဝီကီလိစ် တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်ကို ကျော်လွန်၍ ဖေ့စ်ဘုတ် (Facebook) လူမှုကွန်ရက် တည်ထောင်သူ မာ့ခ် ဇက်ကာဘာ့ဂ် ကို ရွေးချယ်လိုက်ရာ အငြင်းပွားမှုနှင့် ဝေဖန်မှုများ ပေါ်ပေါက်လာသည်။

JulianAssangeTimeအယ်လ်ဂျာဇီးယားတွင် စာရေးဆရာမ၊ ဘလော့ဂါ ဂျီလီယန် ယော့ခ် (Jillian York) က “ဒီနှစ်အတွက် တိုင်းမ်က လူမှား ရွေးလိုက်ပြီ” ဟု ခေါင်းစီးတပ်၍ ရေးသည်။

အက်စ်ဆန်းကို ကျော်၍ ဇက်ကာဘာ့ဂ်ကို ရွေးချယ်ရာတွင် စီးပွားရေးနှင့် နိုင်ငံရေး ပယောဂ ပါနေကြောင်း၊ ၁၉၂၇ ကတည်းက နှစ်စဉ် “တနှစ်တာအတွက် အထူးခြားဆုံးပုဂ္ဂိုလ်” ကို ရွေးချယ်ခဲ့သော တိုင်းမ် မဂ္ဂဇင်းကြီးသည် ယခုနှစ်အတွက် ဇက်ကာဘာ့ဂ်ကို ရွေးချယ်လိုက်ခြင်းဖြင့် သံသယဖြစ်ဖွယ်ရာ ဂုဏ်ပြုမှု ဖြစ်နေကြောင်း ယော့ခ်က ဝေဖန်ထားသည်။

တိုင်းမ်မဂ္ဂဇင်း အယ်ဒီတာများသည် ပရိသတ်၏ ရွေးချယ်မှုနှင့် သဘောကွဲလွဲခွင့် ရှိနေသော်လည်း အမေရိကန် အပါအဝင် တခြား အစိုးရများက အက်စ်ဆန်းနှင့် ပတ်သက်၍ အရေးယူရန် လက်တပြင်ပြင် ဖြစ်နေချိန်တွင် အယ်ဒီတာများ၏ ရွေးချယ်မှု၌ နိုင်ငံရေးပါလာသည်ဟု ခန့်မှန်းကြသည်။

ဆောင်းပါးရှင် ယော့ခ်က တိုင်းမ်မဂ္ဂဇင်း၏ ၁၉၇၉ တွင် အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာ ခိုမေနီကို ရွေးချယ်ခဲ့သောကြောင့် ပရိသတ် ထောင်ပေါင်းများစွာက မဂ္ဂဇင်းမှာယူမှုကို ပယ်ဖျက်ခံရသည့် အတွေ့အကြုံရှိရာ ဘဏ္ဍာရေး ပြဿနာကြောင့်လည်း အက်စ်ဆန်းကို ရွေးရန် လက်ရှောင်ခြင်း ဖြစ်နိုင်သည်ဟု ထောက်ပြထားသည်။

အဘယ့်ကြောင့်ဆိုသော် သတင်းဌာနများ၏ စစ်တမ်းကောက်ယူမှုအရ အမေရိကန် သုံးပုံ နှစ်ပုံက အက်စ်ဆန်းကို ရာဇဝတ်မှုဖြင့် အရေးယူသင့်သည်ဟု ထင်မြင်နေသောကြောင့် ဖြစ်သည်။

ဆောင်းပါးရှင် ယော့ခ်က ဇက်ကာဘာ့ဂ်လို လူမျိုး အရွေးခံရသည်မှာ မဆန်း၊ သို့သော် အက်စ်ဆန်းလို လူမျိုး အရွေးမခံရသည်မှာမူ အံ့သြစရာကောင်းကြောင်း ပြောသည်။

တိုင်းမ်မဂ္ဂဇင်းက “တနှစ်တာအတွက် အထူးခြားဆုံးပုဂ္ဂိုလ်” ရွေးချယ်ရန် ပရိသတ်ထံမှ ဆန္ဒမဲ ကောက်ခံခဲ့ရာ ဇက်ကာဘာ့ဂ်က ၁၈၃၅၃ မဲသာရပြီး အက်စ်ဆန်းက ၃၈၂၀၈၆ မဲ ရရှိသည်။

အများစုက ထောက်ပြပြောဆိုနေသည်မှာ ဖေ့စ်ဘုတ် အထွတ်အထိပ်ရောက်နေချိန် ၂၀၀၈ တွင် ဇက်ကာဘာ့ဂ်ကို မပေးဘဲ “အဘယ့်ကြောင့် ယခုမှ ထပေးရသနည်း” ဆိုသည့်အချက်ဖြစ်သည်။

၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့သော ဖေ့စ်ဘုတ် လူမှုကွန်ရက်တွင် မှတ်ပုံတင်၍ အသုံးပြုသူ သန်း ၅၅၀ ရှိပြီး ဘာသာစကား ၇၅ မျိုးကို အသုံးပြုနေသည်။ တနေ့လျှင် လူ ၇ သိန်းခန့် မှတ်ပုံတင်နေကြသည်။ ဖေ့စ်ဘုတ် သုံးစွဲသူ ၇၀ ရာခိုင်နှုန်းသည် အမေရိကန်နိုင်ငံ ပြင်ပမှ ဖြစ်သည်။

ဖေ့စ်ဘုတ်သည် အမေရိကန် နိုင်ငံရေးလောကနှင့် ၂၀၀၈ ခုနှစ်တွင် စတင် ဆက်စပ်မှု ရှိလာသည်။ ၂၀၀၈ ဇန်နဝါရီလ၌ ရီပတ်ဘလီကန်နှင့် ဒီမိုကရက်တစ်များ၏ စကားစစ်ထိုးပွဲတွင် ဖေ့စ်ဘုတ်မှတဆင့် ချက်ချင်း ကော်မန့်ပေးခွင့်ပြုခဲ့ပြီးနောက် ပရိသတ် ၁၀ သိန်းကျော်က ချက်ချင်းပင် ဖေ့စ်ဘုတ်သို့ ဝင်ခဲ့ကြသည်။

ယခုနောက်ပိုင်း အယ်လ်ဂျာဇီးယားကဲ့သို့သော ရုပ်သံမီဒီယာများသည်လည်း တွေ့ဆုံမေးမြန်းခန်းများ၊ ဆွေးနွေးခန်းများတွင် ကမ္ဘာအနှံ့မှ ပရိသတ်များကို ဖေ့စ်ဘုတ်မှတဆင့် ချက်ချင်း ဝေဖန်အကြံပြုခွင့်ပေးထားပြီး တုံ့ပြန်ချက်များကို ထည့်သွင်းဆွေးနွေးကြသည်။

ဖေ့စ်ဘုတ်ကို မြန်မာပြည်တွင်လည်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲကြသည်။ ပြည်တွင်း၌ တခြား လူမှုကွန်ရက်ဖြစ်သော တွစ်တာ (Twitter) ကို စစ်အစိုးရက တခါတရံ ပိတ်ဆို့လေ့ရှိသဖြင့် ဖေ့စ်ဘုတ်ကိုသာ ပိုမို သုံးစွဲကြသည်။

ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လျှင် တွစ်တာ လူမှုကွန်ရက်ကို သုံးမည်ဟု ပြောဖူးရာ အင်တာနက်သုံးစွဲသူ မြန်မာလူငယ်များက ဖေ့စ်ဘုတ်ကို သုံးစွဲရန် ဝိုင်းဝန်း အကြံပြုကြသည်ကို တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခါနီးတွင် ဧရာဝတီက ဖွင့်လှစ်ခဲ့သော “ဒေါ်အောင်ဆန်းစုကြည်အား ပရိသတ်များက အကြံပေးရန်” ကဏ္ဍတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖေ့စ်ဘုတ် သုံးစွဲသင့်သည်ဟု အကြံပေးချက် အများအပြားကို လက်ခံရရှိခဲ့ကြောင်း တွေ့ရသည်။

သုံးစွဲသူများ ဆက်လက် တိုးပွားနေသော်လည်း ဖေ့စ်ဘုတ်သည် ယင်း၏ မူဝါဒများကြောင့် အသုံးပြုသူများ၏ ပုဂ္ဂလိက လုံခြုံရေးအတွက် မေးခွန်းအထုတ်ခံနေရဆဲ ဖြစ်သည်။

ဥပမာ ဖေ့စ်ဘုတ်တွင် မှတ်ပုံတင်လျှင် အမည်ရင်း၊ ကွန်ရက်ချိတ်ဆက်ရန် အချက်အလက်မှန်များ ထည့်ရခြင်း စသည့် အချက်များ ဖြစ်သည်။ ဇက်ကာဘာ့ဂ်က ယင်းကို “ပွင့်လင်းမြင်သာမှု” ဟု ခံယူသော်လည်း အာဏာရှင်နိုင်ငံများရှိ တက်ကြွလှုပ်ရှားသူများ အတွက်မူ လုံခြုံမှု ကင်းမဲ့နေသကဲ့သို့ ရှိသည်။

ဥပမာ တခုမှာ အီဂျစ်အခြေစိုက် နှိပ်စက်ညှဉ်းပန်းမှု တိုက်ဖျက်ရေး အဖွဲ့၏ ဖေ့စ်ဘုတ် စာမျက်နှာ အကြောင်း ဖြစ်သည်။ အဖွဲ့ဝင် ၄ သိန်းရှိသော အဆိုပါအုပ်စုတွင် စာမျက်နှာ ဖန်တီးသည့် အက်ဒမင်က နာမည်ဝှက်ကို အသုံးပြုထားသောကြောင့် ယင်းအဖွဲ့တခုလုံးကို ဖေ့စ်ဘုတ်မှ ဖယ်ရှားခဲ့သည်။

ယင်းသို့ နာမည်ဝှက်သုံးနေခြင်းသည် “သိက္ခာမရှိရာ ရောက်သည်” ဟု ဇက်ကာဘာ့ဂ်က ကာကွယ်ပြောဆိုသော်လည်း တချိန်တည်းတွင်ပင် နာမည်ရင်းကို ထုတ်ဖော်ရသူမှာလည်း အန္တရာယ်ကို ဖိတ်ခေါ်ရာ ရောက်နေသည်။

“အစိုးရများကို ဖွင့်ချမည်” ဟု ကြွေးကြော်ထားသော ဝီကီလိစ်ကမူ တဦးချင်း ပုဂ္ဂလိက လွတ်လပ်ခွင့်ကို မထိခိုက်စေကြောင်း အစိုးရများနှင့် ကော်ပိုရိတ်လုပ်ငန်းများ၏ အတွင်းရေးများကို ဖွင့်ချခြင်းဖြစ်ကြောင်း အက်စ်ဆန်းက သြစတြေးလျ သတင်းစာတစောင်တွင် ကာကွယ် ရေးသားခဲ့သည်။

လိင်ပိုင်းဆိုင်ရာ အဓမ္မမှုဖြင့် စွပ်စွဲခံနေရရာမှ ဒီဇင်ဘာ ၇ ရက်နေ့က လန်ဒန်တွင် အဖမ်းခံခဲ့သော အက်စ်ဆန်းသည် ယခုအခါ အာမခံဖြင့် ကန့်သတ်ချက်များထားရှိရာ ပြန်လွတ်လာပြီ ဖြစ်သည်။

၂၀၀၆ ခုနှစ်တွင် စတင်သော ဝီကီလိစ်သည် လတ်တလောတွင် အမေရိကန် သံတမန် ကွန်ရက် ပေါက်ကြားစာများကြောင့် ကမ္ဘာကို အရိုက်ခတ်ဆုံး ဖြစ်နေသည်။

ကမ္ဘာအရပ်ရပ်မှ အမေရိကန် သံရုံးများ၏ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာသို့ လျှို့ဝှက်အစီရင်ခံစာများ ဆက်လက် ပေါက်ကြားလျက်ရှိပြီး အစိုးရအချင်းချင်း ပြစ်တင်ဝေဖန်မှုများလည်း ပေါ်ပေါက်ခဲ့သည်။

အမေရိကန် အစိုးရ၏ ဖိအားပေးမှုကြောင့် ဗီဇာနှင့် မာစတာကတ် အွန်လိုင်းငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများ၊ အမေဇုန်ကဲ့သို့သော လုပ်ငန်းကြီးများနှင့် ဘဏ်တချို့ ဝီကီလိစ်၏ လုပ်ငန်းလည်ပတ်မှုနှင့် အဆက်ဖြတ်ခဲ့ရာ ဝီကီလိစ်ကို ထောက်ခံသည့် ဟက်ကာများ၏ ထိုးဖောက်မှုကို ခံခဲ့ရသည်။

ဝီကီလိစ်ကို ထောက်ခံသည့် ဟက်ကာများနှင့် ဆန့်ကျင်သည့် ဟက်ကာများ၏ အပြန်အလှန်တိုက်ခိုက်မှု ဆိုက်ဘာစစ်ပွဲလည်း စတင်ပေါ်ပေါက်လာသည်။

ဇက်ကာဘာ့ဂ်ကို ရွေးလိုက်ခြင်းနှင့် ပတ်သက်၍ တိုင်းမ်မဂ္ဂဇင်း စီမံခန့်ခွဲမှု အယ်ဒီတာ ရစ်ချတ် စတင်ဂယ်၏ ယာဟူး သတင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ခုခံပြောဆိုချက်မှာ စိတ်ဝင်စားစရာ ကောင်းသည်။

စတင်ဂယ်က “အက်စ်ဆန်းဟာ ဒီကနေစပြီး နောက် ၆ လ အထိတောင် လူတွေရဲ့ စောင့်ကြည့်မှုကို ခံရမှာ မဟုတ်ပါဘူး။ ဘရက်ဒလေ မန်းနင်း (Bradley Manning) မရှိရင် ဂျူလီယန် အက်စ်ဆန်းလည်း မရှိနိုင်ပါဘူး။ နောက် ၅ နှစ်လောက်ဆို အက်စ်ဆန်းဟာ အလျဉ်းသင့်မှ စကားထဲ ထည့်ပြောစရာလောက်ပဲ ဖြစ်တော့မှာပါ” ဟု ပြောသည်။

အမေရိကန် တပ်သား တဦးဖြစ်သော ဘရက်ဒလေ မန်းနင်းသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ လျှို့ဝှက်ပေးစာပေါင်း ၂ သိန်း ၆ သောင်းကျော် ဝီကီလိစ်သို့ ပေါက်ကြားစေမှုအတွက် စွပ်စွဲခံရသူဖြစ်သည်။

ဇက်ကာဘာ့ဂ်ကို ရွေးချယ်ရခြင်းနှင့် ပတ်သက်၍မူ “ပြောင်းလဲမှုနဲ့ အဆင့်ဆင့်ဖြစ်ပေါ်တိုးတက်မှု ဆိုတဲ့ လူ့သဘာဝကို တစုံတရာ ပိုမိုနက်ရှိုင်းစေပါတယ်။ ဒီ့ထက်ကြီးကျယ်တဲ့ အဖြစ်မျိုး ရှိသေးလို့လား။ ကျနော်တော့ မထင်ဘူး” ဟု ပြောသွားသည်။

အမေရိကန်မှ ဟာသ သရုပ်ဆောင်တဦးကမူ ၂၀၀၆၊ ၂၀၀၇ လောက်တွင် ရွေးချယ်ရမည့်သူကို တိုင်းမ် (Time – စံတော်ချိန်) မဂ္ဂဇင်းကြီးက အချိန်နောက်ကျပြီး ရွေးချယ်လိုက်သဖြင့် “စံတော်ချိန် မဂ္ဂဇင်းကြီးသည် ၂၀၀၇ ကတည်းက ရွေးသင့်သည့် သူတို့၏ တနှစ်တာအတွင်း ထူးခြားသည့် ပုဂ္ဂိုလ်ကို ယခုမှပင် အမည်တင်သွင်းတော့သည်” ဟု ထေ့ငေါ့ထားသည်။

တိုင်းမ်မဂ္ဂဇင်း၏ ရွေးချယ်မှုသည် နိုင်ငံရေးနှင့် စီးပွားရေး နွှယ်နေသည်၊ ပရိသတ်များ၏ ဆန္ဒကို ဆန့်ကျင်ရာရောက်သည်ဟု ဝေဖန်နေကြသည့်တိုင် တိုင်းမ်မဂ္ဂဇင်း အယ်ဒီတာပြောသကဲ့သို့ပင် အက်စ်ဆန်းသည် ကောက်ရိုးမီးလို ကျော်ကြားသူလား၊ သို့မဟုတ် တိုင်းမ်မဂ္ဂဇင်း၏ ဇက်ကာဘာ့ဂ်ကို သတိကြီးကြီးထား ရွေးချယ်မှုသည် မှန်ကန်ကြောင်း မှတ်ကျောက် အတင်ခံနိုင်မည်လားဆိုသည်ကို အချိန်ကပင် အဖြေပေးပေလိမ့်မည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: