မြန်မာ့ နျူကလီးယား စီမံကိန်းများကို စစ်ဆေးရန် IAEA တောင်းဆို

ထက်အောင် Friday, 24 December 2010 17:18 – ဧရာဝတီ

E-mail Print

နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) မှ ထိပ်တန်း နျူကလီယား ပညာရှင်ဟောင်း နှစ်ဦးအကြား မြန်မာစစ် အစိုးရရဲ့ နျူကလီယား ရည်မှန်းချက်များနဲ့ ပတ်သက်ပြီး အလွန်ရှုပ်ထွေး နက်နဲတဲ့ နည်းပညာပိုင်ဆိုင်ရာ အငြင်းပွားမှုတွေ မကြာသေးခင်က ထွက်ပေါ်လာပြီးနောက်ပိုင်း IAEA ဟာ အခုနောက်ဆုံး သံသယဖြစ်နေတဲ့ နျူကလီးယား စီမံကိန်းနေရာတွေကို စုံးစမ်းစစ်ဆေးဖို့ နည်းလမ်းရှာဖွေနေပါတယ်။

Sai-Thein-Win-APစစ်အစိုးရ လျှို့ဝှက် တည်ဆောက်နေသော စက်ရုံများအနက် တခုရှိ စက်ပစ္စည်း ထိန်းချုပ်ခုံရှေ့တွင် တွေ့ရသော ဗိုလ်မှူး စိုင်းသိန်းဝင်း။ (ဓာတ်ပုံ – AP)

အမေရိကန် အခြေစိုက် The Wall Street Journal သတင်းစာကြီးက IAEA ကို ကိုးကားပြီး “သံသယဖြစ်ဖွယ် နေရာများကို သွားရောက် စစ်ဆေးဖို့ ဘယ်လ်ဂျီယံ နိုင်ငံသား ဟာမန်း နက်ကက်စ် ဦးဆောင်တဲ့ IAEA ရဲ့ အဏုမြူ ကာကွယ်ရေး ဆိုင်ရာဌာနက မြန်မာအစိုးရထံ စာတစောင် ရေးသားပေးပို့ခဲ့ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

IAEA ရဲ့တောင်းဆိုမှုအပေါ် စစ်အစိုးရက ဘယ်လို တုံ့ပြန်မယ် ဆိုတာကတော့ မသိရသေးပါဘူး။

မြောက်ကိုရီးယား မိတ်ဆွေများ အကူအညီနဲ့ နျူကလီယားလက်နက် ပိုင်ဆိုင်ဖို့အတွက် စစ်အစိုးရဟာ အမှန်တကယ်ပဲ အကောင် အထည်ဖော် လုပ်ဆောင် နေခြင်းရှိမရှိ သေချာစေဖို့ အတွက် ဒါဟာ IAEA ဖက်က နောက်ထပ်တဆင့် ခြေလှမ်းလှမ်း လိုက်တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ နျူကလီးယား ရည်မှန်ချက်တွေနဲ့ ပတ်သက်ပြီး ၂၀၀၂ ခုနှစ်ဝန်းကျင်ကတည်းက ထင်မြင်ယူဆချက် အမျိုးမျိုး ထွက်ပေါ်နေခဲ့ပေမယ့် ဒီနှစ်လယ်ပိုင်းမှာ မြန်မာ့တပ်မတော်ကနေ ပြည်ပကို ဘက်ပြောင်းခိုလုံလာတဲ့၊ ရုရှားနိုင်ငံမှာ ဒုံးပျံ နည်းပညာကို အထူးပြုလေ့လာခဲ့တဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်းက စစ်အစိုးရရဲ့ ဒုံးပျံစီမံကိန်းများနဲ့ နျူကလီးယား စီမံကိန်းနေရာများနဲ့ ပတ်သက်တဲ့ ဓာတ်ပုံ၊ စာရွက်စာတမ်း အထောက်အထားများစွာကို ပြည်ပအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံကတဆင့် ထုတ်ဖော်လိုက်ပါတယ်။

အဲဒီနောက်ပိုင်း အဆိုပါ ထင်မြင်ယူဆချက်များဟာ အလွန် ကြီးထွားလာခဲ့ပါတယ်။ စစ်အစိုးရရဲ့ လျှို့ဝှက်စီမံကိန်း အထောက်အထားတွေကို အယ်လ်ဂျာဇီးယား ရုပ်သံသတင်းဌာနကြီးက ယခုနှစ် ဇွန်လအစောပိုင်းမှာ ထုတ်လွှင့်ခဲ့ပါတယ်။

ရာနဲ့ချီတဲ့ အဲဒီဓာတ်ပုံများနဲ့ အထောက်အထား စာရွက်စာတမ်းများကို အသေအချာ စစ်ဆေးပြီးတဲ့နောက် IAEA ရဲ့ စုံစမ်း စစ်ဆေးရေးမှူးဟောင်တဦးဖြစ်တဲ့ ရောဘတ်ကယ်လီက သူ့ရဲ့အစီရင်ခံစာမှာ “ကျနော်တို့ စစ်ဆေးတွေ့ရှိချက်က ထွက်ပေါ်လာတဲ့ သုံးသပ်ချက်က တခုတည်းပါပဲ။ (အထောက်အထား ဓာတ်ပုံများအရ) ဒီနည်းပညာဟာ နျူကလီးယားလက်နက် အတွက်သာ ဖြစ်ပါတယ်။ အရပ်ဘက်အတွက် အသုံးပြုဖို့ ဒါမှမဟုတ် အဏုမြူစွမ်းအင်အတွက် မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

ဇွန်လ ၁၂ ရက်နေ့မှာတော့ စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာကတဆင့် ကြေညာချက်တစောင် ထုတ်ပြန်ပြီး မြန်မာ့နျူကလီယား ရည်မှန်းချက်များနဲ့ ပတ်သက်တဲ့ အစီရင်ခံစာဟာ “မြန်မာနိုင်ငံကို နိုင်ငံရေးအရ တိုက်ခိုက်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်များသာ ဖြစ်တယ်” လို့ တုန့်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာလမှာ ကျင်းပတဲ့  IAEA ရဲ့ ၅၄ ကြိမ်မြောက် နှစ်ပတ်လည် ပုံမှန်အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်သူ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက “ယခုနှစ်အတွင်း မြန်မာနိုင်ငံက နျူကလီယား စီမံကိန်းတခုကို လုပ်ဆောင်ရန် ကြိုးပမ်းနေသည်ဟု နိုင်ငံတကာသတင်းမီဒီယားများက ရေးသားချက်များသည် အခြေအမြစ်မရှိသော စွပ်စွဲချက်များသာဖြစ်သည် … မြန်မာနိုင်ငံသည် နျူကလီယားလက်နက် ထုပ်လုပ်ခြင်းနှင့် ပြန့်ပွားခြင်းဆိုင်ရာ လုပ်ဆောင်မှုများကို မည်သည့်အခါမျှ လုပ်ဆောင်လိမ့်မည်မဟုတ်ပါ” လို့ ထပ်မံငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် မြန်မာစစ်အစိုးရဟာ ဗိုလ်မှူး စိုင်းသိန်းဝင်းက ထုတ်ဖော်ခဲ့တဲ့ ဓာတ်ပုံတွေထဲက အဆင့်မြင့်နည်းပညာသုံး ပစ္စည်း ကိရိယာများရဲ့ တကယ့်ရည်ရွယ်ချက်ကို အထောက်အထားနဲ့ ထုတ်ဖော်ပြောဆိုဖို့ ပျက်ကွက်ခဲ့ပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့မှာ IAEA ရဲ့ နောက်ထပ် အရာရှိဟောင်းတဦးဖြစ်တဲ့ ဒုတိယ ညွှန်ကြားရေးမှူးဟောင်း အိုလီ ဟိန်းနွန်နန်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်း ရောဘတ်ကယ်လီကို စိန်ခေါ်လိုက်ပါတယ်။ အမေရိကန်အခြေစိုက် ProPublica နဲ့ PBS သတင်းဌာနတို့ ပူးပေါင်းတင်ဆက်တဲ့ “Need to Know” အစီအစဉ်မှာ “ဒါဟာ နျူကလီးယား ရည်ရွယ်ချက်အတွက်ပါ၊ တခြား ဘာအတွက်မှ မဟုတ်ပါဘူးလို့ ပြောရလောက်တဲ့ အချက်အလက် တခုတလေမှ မရှိပါဘူး” လို့ ပြောလိုက်ပါတယ်။

“ဓာတ်ပုံတွေထဲက စက်ပစ္စည်း ကရိယာတွေဟာ တခြားဖြစ်နိုင်ခြေရှိတဲ့ အသုံးချမှုတွေ ရှိနိုင်ပါတယ်၊ အခုလို ကြီးမာတဲ့ စွပ်စွဲမှုတွေကို စစ်တပ်က ဘက်ပြောင်းလာတဲ့ သူတယောက်တည်းရဲ့ ထွက်ဆိုချက်အပေါ် အခြေမခံသင့်ပါဘူး” လို့ သူက ဆိုပါတယ်။

ထိပ်တန်း နျူကလီယား ပညာရှင်နှစ်ယောက်ရဲ့ ကွဲလွဲတဲ့အမြင်တွေဟာ ဒီနေရာမှာတင် အဆုံးမသတ်သင့်ပါဘူး။ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာအသိုင်းအ၀န်းက တကယ့်ဖြစ်ရပ်မှန်ကို သိသင့်တဲ့ အခွင့်အရေး ရှိရပါမယ်။ IAEA ဟာ ဒီအရှုပ်အထွေးကြီးကို ရှင်းလင်းအောင် လုပ်ဆောင်ဖို့ တာဝန်ရှိတဲ့ တခုတည်းသော အေဂျင်စီ ဖြစ်ရုံမက အဲဒီလို လုပ်ဆောင်နိုင်တဲ့ နည်းပညာဆိုင်ရာ အရင်းအမြစ်များလည်း ရှိနေပါတယ်။

ဒါ့အပြင် “နျူကလီယားလက်နက် မပြန့်ပွားရေးစာချုပ်နှင့် ဆက်စပ်သော အဏုမြူဆိုင်ရာ လုံခြုံစိတ်ချရမှု ကာကွယ်ရေး သဘောတူညီချက်” ကို IAEA နဲ့ မြန်မာစစ်အစိုးရတို့အကြား လက်မှတ်ရေးထိုး ချုပ်ဆိုထားချက်အရ သံသယဖြစ်နေတဲ့ နျူကလီယား စီမံကိန်းနေရာများကို သွားရောက်စစ်ဆေးနိုင်တဲ့ အခွင့်အရေးကို ကျင့်သုံးဖို့ IAEA မှာ အခွင့်အာဏာရှိပါတယ်။

အဲဒီစာချုပ်ကို ၁၉၉၅ ခုနှစ် ဧပြီလမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ထိုစဉ်က မြန်မာစစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်နဲ့  IAEA ရဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဟန်းဘလစ်တို့ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ နျူကလီယားလက်နက် မပြန့်ပွားရေးစာချုပ် (NPT) အဖွဲ့ဝင်အဖြစ် ၁၉၉၂ ခုနှစ်ကတည်းက ရှိနေခဲ့သလို အရှေ့တောင် အာရှ နျူကလီယားလက်နက် ကင်းမဲ့ဇုန်စာချုပ်ကိုလည်း ၁၉၉၅ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဏုမြူဆိုင်ရာ လုံခြုံစိတ်ချရမှု ကာကွယ်ရေး သဘောတူညီချက်ရဲ့ ပုဒ်မ ၂ က “ဤသဘောတူညီချက်ပါ စည်းကမ်းချက်များနှင့်အညီ မြန်မာနိုင်ငံ နယ်နမိတ်အတွင်း နိုင်ငံတော်၏ တရားစီရင်ပိုင်ခွင့်အောက်တွင် သို့မဟုတ် နိုင်ငံတော်က ထိန်းချုပ် အကောင်အထည်ဖော်နေသည့် မည်သည့်နေရာတွင်မဆို ငြိမ်းချမ်းရေးအတွက် အသုံးပြုသော နျူကလီးယားလုပ်ငန်း အရင်းအမြစ် အားလုံး သို့မဟုတ် ထူးခြားသည့် ဓာတ်ရောင်ခြည် ပျံ့လွင့်နိုင်သော သတ္တုပစ္စည်းများ၏ အဏုမြူဆိုင်ရာ လုံခြုံစိတ်ချရမှု ကာကွယ်ရေးလုပ်ငန်းကို IAEA က လုပ်ဆောင်ရန် တာဝန်ဝတ္တရားနှင့် အခွင့်အရေးရှိသည်။ ထိုသို့လုပ်ဆောင်ရာတွင် အဆိုပါ ဓာတ်သတ္တုများကို နျူကလီယားလက်နက် သို့မဟုတ် တခြားပေါက်ကွဲစေတတ်သော နျူကလီယားပစ္စည်းများအဖြစ် ပြောင်းလဲခြင်းရှိမရှိ သေချာစေရန် တခုတည်းသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ရန်အတွက် ဖြစ်သည်” လို့ ဖော်ပြထားပါသည်။

ထိုသဘောတူညီချက်ရဲ့ ပုဒ်မ ၃ အရ တကယ်လို့ IAEA က သံသယဖြစ်နေတဲ့ နေရာတွေကို သွားရောက်စစ်ဆေးချင်ရင် မြန်မာစစ်အစိုးရဟာ IAEA နဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် ၀တ္တရားရှိပါတယ်။ ဒါပေမယ့်  IAEA ရဲ့ စစ်ဆေးရေးမှူး ခန့်အပ်တာနဲ့ စစ်ဆေးရေးလုပ်ငန်း လုပ်ဆောင်တဲ့နေရာတွေမှာ စစ်အစိုးရရဲ့ သဘောတူညီမှုကို ပထမ ရယူရပါလိမ့်မယ်။

တကယ်လို့ စစ်အစိုးရက စစ်ဆေးရေးမှူးခန့်အပ်တာနဲ့ စစ်ဆေးရေးလုပ်ငန်းတွေကို လက်ခံဖို့ အကြိမ်ကြိမ် ငြင်းဆန်နေမယ်ဆိုရင် IAEA အုပ်ချုပ်ရေးအဖွဲ့က အဲဒီကိစ္စကို သင့်လျော်သလို ဆက်လက် အရေးယူဆောင်ရွက်နိုင်ရန် အေဂျင်စီရဲ့ ညွှန်ကြားရေးမှူးချုပ်ထံ လွှဲပြောင်းပေးနိုင်တာကို သဘောတူညီချက်ရဲ့ ပုဒ်မ ၉ (က) မှာ ဖော်ပြထားပါတယ်။

ဒီလိုအချိန်မှာပဲ မြန်မာစစ်အစိုးရရဲ့ နျူကလီယား ရည်မှန်းချက်များအပေါ် အငြင်းပွားမှုကို ပိုပြီးအားကောင်းစေတဲ့ နောက်ထပ် သတင်းဆောင်းပါတပုဒ်ကို The New Republic က ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။

Burma Bombshell ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးရှင် ဂျိုရွှာ ကာလန်ဇစ် (Joshua Kurlantzick) က “လွန်ခဲ့တဲ့လကပဲ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှု တခုက မြောက်ကိုရီယားနိုင်ငံဟာ တားမြစ်ထားတဲ့ နျူကလီယားဆိုင်ရာ ပစ္စည်းကရိယာတွေကို မြန်မာနိုင်ငံကို တင်ပို့ခဲ့တဲ့ နောက်ထပ် အထောက်အထားတွေ တွေ့ရှိခဲ့တယ်” လို့ ရေးသားလိုက်ပါတယ်။

နိုင်ငံတကာအသိုင်းအ၀န်းက မီးခိုးကိုတော့ ရှာဖွေထောက်လှမ်း တွေ့ရှိခဲ့ပါပြီ။ အခုအခါမှာတော့ ဒီမီးခိုးထွက်လာတဲ့ မီးပုံကို ရှာဖွေဖို့ IAEA မှာ တာဝန်ရှိလာပါပြီ။ ထို့အတူ မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ အာဆီယံအသင်းကြီးကလည်း IAEA ရဲ့ ကြိုးပမ်းအားထုတ်မှုကို ခိုင်ခိုင်မာမာ ထောက်ခံရမှာ ဖြစ်တယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများက လက်မှတ်ရေးထိုးထားတဲ့ အရှေ့တောင်အာရှဒေသအတွင်း နျူကလီယားလက်နက် မပြန့်ပွားရေးဇုန် သဘောတူစာချုပ်ကြောင့် အာဆီယံအသင်းကြီးမှာလည်း တာဝန်ရှိနေလို့ပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: