ဘိုဘိုကျော်ငြိမ်း သို့  ထပ်ဆင့်တုံ့ပြန်ချက်

နေ့သစ် – December 27, 2010
https://i2.wp.com/www.naytthit.net/wp-content/uploads/2010/12/wtt.png

ဘိုဘိုကျော်ငြိမ်းက ဆရာကြီးလေသံနဲ့ ကျနော့်ကို စတင်ထိုးနှက် ရေးသားလာတဲ့အတွက်၊ ဘိုဘိုကျော်ငြိမ်းနဲ့ စကားမပြောချင် အငြင်းအခုန် မလုပ်ချင်တဲ့ကြားထဲကနေ၊ မလွှဲမကင်းသာ သင့်တင့်လျောက်ပတ်စွာနဲ့ပဲ ပထမဆုံးအကြိမ်အဖြစ် “ဘိုဘိုကျော်ငြိမ်း သို့ တုံ့ပြန်ချက်” ကို ပြန်လည်ရေးသား ရှင်းလင်းပြခဲ့ပြီးပါပြီ။ ဒါလောက်ဆိုရင် လုံလောက် ပြီလို့လဲ ဖေါ်ပြခဲ့ပါတယ်။ ဟိုလူနဲ့ ပြဿနာ ဖေါ်လိုက်၊ ဒီလူနဲ့ ပြဿနာဖန်တီးလိုက် ဖြစ် နေတဲ့ ဘိုဘိုကျော်ငြိမ်းရဲ့ တကယ့်ရည်ရွယ်ချက်နဲ့ ပကတိရုပ်ပုံမှန်ကို အတိုင်းသားမြင်မိ တွေ့မိ နေလို့ပါပဲ။

ဗိုလ်ချုပ်အောင်ဆန်း တို့ခေတ်က ဘာလို့အောင်ပွဲခံနိုင်ခဲ့ကြသလဲ ဆိုတာကို ပြောသလို လိုနဲ့ အဖေဖြစ်သူ ဦးကျော်ငြိမ်းကို အရောင်တင်ပေါလစ်တိုက်ပေးရင်း၊ ကျနော့်ကိုပါ လှမ်းပြီး ထိကပါး ရိကပါး ထိုးနှက်လာခဲ့တာ တွေ့ရပါတယ်။ အဲဒီ သူ့ဆောင်းပါးကို ဖတ်မိ လိုက်သူတွေလဲ သိလိုက်ကြမှာပါ။

ကျနော်က ယဉ်ကျေးစွာနဲ့ပဲ၊ ဦးပေါ်ဦး လျှောက်ထုံးထဲကလို – ကျွန်းကိုပါစေချင်တဲ့ ဦး ပေါ်ဦးက “ပိတောက်လဲကောင်းပါတယ် – ကျွန်းလဲကောင်းပါတယ်”၊ “ပျဉ်းကတိုးလဲ ကောင်းပါတယ်- ကျွန်းလဲ ကောင်းပါတယ်” လို့ချည်း လျှောက်တင်နေတာကို အမှတ်ရ ချင်စရာပဲလို့ ပြောခဲ့ပါတယ်။ တကယ်က “ဗိုလ်ချုပ်အောင်ဆန်း တော်ပါတယ်- ကျုပ် အ ဖေ ဦးကျော်ငြိမ်းလဲ တော်ပါတယ်” “ဦးနုကြီးတို့ ဦးရာရှစ်တို့လဲ တော်ပါတယ်- ကျုပ်အ ဖေ ဦးကျော်ငြိမ်းလဲ တော်ပါတယ်” လို့ ပြောချင်နေတာကို အယဉ်ကျေးဆုံး ပမာခိုင်းပြီး ပြောခဲ့ပါတယ်။ ဘိုဘိုကျော်ငြိမ်း ဖေါ်ထုတ်ပြောဆိုလာတဲ့၊ ကျနော်နဲ့ တိုက်ရိုက်ပတ် သက်နေတဲ့ အချက် (၃) ချက်ကိုလဲ ကျနော့်ဖက်က ပြန်လည်ရှင်းလင်းပြခဲ့ပါတယ်။

ဟော အခုတခါ ဘိုဘိုကျော်ငြိမ်းက ထပ်လုပ်လာပြန်ပါတယ်။ ကျနော့်ရဲ့တုံ့ပြန်ချက်အပြီး တပတ်အကြာမှာပဲ၊ မဇ္ဈိမ ထဲမှာပဲ -“ဦးကျော်ငြိမ်း နှင့် တိုင်း ၆ ” တဲ့။

ရွှေမန်းတင်မောင် ရဲ့ ပြဇာတ်၊ ဓါတ်ပြားတောင် သွင်းထားပြီး ကျနော်တို့ တောသူ တောင်သား ကျေးလက်နေ ပြည်သူလူထုအများစုကြီးကြားမှာ နားရည်ကို တော်တော်ဝ နေရတဲ့ ဇာတ်လမ်း၊ “ရွဲကုန်သည် ဇာတ်” ကို သတိရချင်စရာ လို့ပဲ ပြောရဦးမှာပါပဲ။

မတော်လောဘကြီးလှတဲ့ “ရွဲ ကုန်သည်” ရဲ့“ မပေး ပေးပေး – ငါ့ ရွှေ ခွက်ပေး၊ မပေး ပေးပေး- ငါ့ ရွှေ ခွက်ပေး ” ဆို ပြီး၊ ဟစ် ဟစ် ပြီး ငိုလိုက်ဆိုလိုက် တောင်းဆိုလိုက်တဲ့ အသံကို ကြားဖူးကြမှာပါ။ အခုလဲ- “မပေး ပေးပေး-ငါ့ရွှေ ခွက်ပေး၊ မပေးပေးပေး- ငါ့ရွှေ ခွက် ပေး-” ဆိုသလို၊ “မသွား သွားသွား- တိုင်း ၆ နိုင်ငံရေးမှူး” “ မသွား သွားသွား တိုင်း ၆ နိုင်ငံရေးမှူး” လို့ချည်း အတင်းကို ပြောဆိုနေတော့တာပါပဲ။

ဘိုဘိုကျော်ငြိမ်းက “အချက်အလက်-အချက်အလက်” ဆိုတာကို တွင်တွင်ပြောပြီး၊ ဖက် ဆစ်တော်လှန်ရေးမှာ ဦးကျော်ငြိမ်းက တိုင်း ၆ နိုင်ငံရေးမှူး ဆိုတာကို အရှင်ရရ အသေ ရရ ကျားပိန်တွယ် တွယ် တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဘိုဘိုကျော်ငြိမ်း ပြောနေတဲ့အ ချက်အလက် (facts) ဆိုတာက အစည်းအဝေးမှာ တိုင်းတာဝန်တွေခွဲကြစဉ်က သဘော တူစာရင်းပါ အချက်အလက်ကိုပဲ အချက်အလက်လို့ ပြောနေတာ ဖြစ်ပါတယ်။ ဟုတ်ကဲ့ ကျနော်ကလဲ အချက်အလက်နဲ့ပဲ အတိုချုပ်အဖြစ်နဲ့ ရေးပါတယ်။

ကျနော်ရေးတဲ့အချက်အလက်က အဖြစ်မှန်အချက်အလက် (တကယ့် အမှန်တကယ် လက်တွေ့ အချက်အလက်) နဲ့ပဲ သမိုင်းမှန်အဖြစ် ရေးပါတယ်။ ဦးကျော်ငြိမ်းဟာ ဘယ် တိုင်းမှကို သွားခြင်းမရှိတဲ့အတွက် ဘယ်တိုင်းရဲ့ နိုင်ငံရေးမှူးအဖြစ်နဲ့မှ မဖေါ်ပြခဲ့တာ ဖြစ် ပါတယ်။ ဒါ တကယ့်သမိုင်းမှန် လက်တွေ့အချက်အလက်ဖြစ်ပါတယ်။

လက်တွေ့ အရ တိုင်း (၆) နိုင်ငံရေးမှူးအဖြစ်က ဦးကျော်ငြိမ်း မသွားတဲ့အတွက်၊ တိုင်း ၆ နိုင်ငံရေးမှူးအဖြစ် ဖြစ်သွားရတာက သခင်တင်ထွန်း (ကွန်မြူနစ်) ဖြစ်သွားရပါတယ်။ ဒါဖြင့် ဦးဗဆွေ နဲ့ ဦးကျော်ငြိမ်းကို ဘာလို့ ရန်ကုန်တာဝန်ခံလို့ ရေးရတာလဲ။

ဗိုလ်ချုပ်ကျော်ဇောကလဲပြောင်းပြီး ရေးခဲ့တာ မဟုတ်ပါ။ ဗိုလ်ချုပ်ကျော်ဇောရဲ့ ရေးသား ချက်တွေကို အလေးထားပြီး ကိုးကားရေးသားခဲ့တဲ့ ကျနော် (ဝင်းတင့်ထွန်း) ကလဲ မလို တမာ ပြောင်းပြီးရေးခဲ့တာ မဟုတ်ပါ။ ဗိုလ်ချုပ်ကျော်ဇောက သူ့ရဲ့ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိ စာမျက်နှာ (၈ဝ) မှာ- မှတ်ချက် (၂) ဆိုတာမှာ ရေးထားတာက “တိုင်း ၆ တာ ဝန်ကျသော ဦးကျော်ငြိမ်းကို တိုင်း (၆) သို့ မပို့တော့ပဲ ရန်ကုန်တွင် ကိုဗဆွေ နဲ့ တွဲဘက် တာဝန်ပေးသည်” လို့ရေးပါတယ်။

အဲဒါကို ( သခင်တင်မြ ၏ တိုင်းကြီး ၁ဝ တိုင်း၊ နှာ ၄၄ ) လို့လဲ ဖေါ်ပြပါတယ်။ အဲဒီတော့ သခင်တင်မြ ရဲ့ တိုင်းကြီး (၁ဝ) တိုင်းကို အင်မတန်မှဖတ်ထားသယောင် ပြောဆိုနေတဲ့ ဘိုဘိုကျော်ငြိမ်းပဲ ပြန်ရှာ ပြန်ဖတ်ကြည့်စေချင်ပါတယ်။ ကျနော်ကတော့ ကျနော့်စာအုပ်

ပြုစုရေးသားစဉ်က အဲဒီစာအုပ်ကို ကိုးကားခဲ့ခြင်းမရှိတော့၊ ရိုးရိုးသားသားပဲ အဲဒီ သခင် တင်မြရဲ့ တိုင်းကြီး (၁ဝ) တိုင်းကို မကိုးကားခဲ့ပါလို့ ပြောခဲ့ပါတယ်။ ကျနော့်ရဲ့ကိုးကား စာအုပ်စာရင်းမှာလဲ ထည့်ထားခြင်း မရှိခဲ့ပါ။ မကိုးကားခဲ့တာကို မကိုးကားခဲ့ဘူးပြောတာ ဟာ ဘိုဘိုကျော်ငြိမ်း ဆွဲချပြော ကောက်ချက်ချသလို ကိုယ့်ဟာကိုယ် ဆင်ဆာလုပ်ခဲ့ တာလဲ မဟုတ်ပါ။

ကျနော် သခင်တင်မြကို နိုင်ငံရေးအရ မကြိုက်ပေမဲ့၊ သခင်တင်မြ ရေးတာတွေကိုလဲ၊ ကျနော် အဆင်ပြေသလို ဖတ်တာရှိပါတယ်။ ဘိုဘိုကျော်ငြိမ်းပဲ အတွင်းသိဖြစ်လို့ သခင် တင်မြရဲ့ စာအုပ်ကိုဖတ်ရမယ်လို့ ပြောနေတော့၊ ဖတ်ကြည့်လိုက်ပါဦး။ ဗိုလ်ချုပ် ကျော် ဇော ရဲ့ မှတ်ချက် (၂) ဆိုတာဟာလဲ၊ အဲဒီသခင်တင်မြ ရဲ့ တိုင်းကြီး (၁ဝ) တိုင်းထဲက အောက်ခြေမှတ်စု (၂) နဲ့ အတူတူပါပဲ။ သခင်တင်မြရဲ့ တိုင်းကြီး (၁ဝ) တိုင်းအောက်ခြေ မှတ်စု (၂) မှာက “တိုင်း ၆ တွင် တာဝန်ကျသော ဦးကျော်ငြိမ်းကို တိုင်း ၆ သို့ မပို့တော့ ဘဲ ရန်ကုန်တွင် ကိုဗဆွေ နှင့် တွဲဖက်တာဝန်ပေးသည်။ တိုင်း ၆ နိုင်ငံရေးမှူးအဖြစ် သ ခင်တင်ထွန်း ( ယခုတောခို ကွန်မြူနစ်) ကို တာဝန်ပေးသည်။ (စာရေးသူ) တဲ့။

အဲဒါ – သခင်တင်မြရဲ့ “ဖက်ဆစ်တော်လှန်ရေးဌာနချုပ်နှင့် တိုင်း (၁ဝ) တိုင်း” စာအုပ် စာမျက်နှာ (၆၂) မှာ ရေးထားတာ တွေ့ရပါတယ်။ ကျနော့်ဆီက စာအုပ်ကတော့ ကျုံ ပျော်စာအုပ်တိုက်က ထုတ်တဲ့၊ “၂၃ ကြိမ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အတွက်” ဆိုပြီး ထုတ်တဲ့ ၁၉၆၈၊ ဇူလိုင်-သြဂုတ်လ ဒုတိယအကြိမ် အုပ်ရေ (၃ဝဝဝ) ထုတ်စာအုပ် ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကျော်ဇော ယူတာက ဘယ်အကြိမ်ထုတ်လဲ မသိပါ။ ဒါကြောင့် အဲဒီအချက်ပါ စာမျက်နှာ နံပတ်တော့ ကွဲနေတာတွေ့ရပါမယ်။ အဲဒီမှာ (ဦးဗဆွေက ရန်ကုန်တာဝန်ခံ အဖြစ် ဆောင်ရွက်ရန်) လို့ ဖေါ်ပြထားလေတော့၊ ဦးဗဆွေနဲ့ တွဲဖက်တာဝန်ပေးလိုက်တဲ့ ဦးကျော်ငြိမ်းကို ကျနော်က “ရန်ကုန်တာဝန်ခံ” လို့ ဖေါ်ပြကာ “ဦးဗဆွေနဲ ဦးကျော်ငြိမ်း က ရန်ကုန်တာဝန်ခံ ဖြစ်ပါတယ်” လို့ ရေးတာဟာ ဘယ်မှာမှားပါသလဲ၊ ဦးဗဆွေက ရန် ကုန်တာဝန်ခံ ဦးကျော်ငြိမ်းက ရန်ကုန်တွဲဖက်တာဝန်ခံလို့  ဖေါ်ပြပေးရမှာလား။

ကျနော် မလိုတမာစိတ်နဲ့ ရေးသားခဲ့တာ မဟုတ်ပဲ၊ သမိုင်းအမှန်အတိုင်း သမိုင်းလက် တွေ့ အချက်အလက်အစစ်အမှန်အတိုင်း ရေးသားခဲ့တာ ဖြစ်ပါတယ်။ သမိုင်းကို ရေးကြ တဲ့အခါမှာ စာရင်းပါ အထောက်အထားထက်၊ လက်တွေ့ အစစ်အမှန်အထောက်အထား ကိုပါ ကြည့်ရှု့ပြီး စိစစ်ဝေဖန်မှုပါပါ အမြင်နဲ့ ရေးသားနိုင်ရေးဟာ အင်မတန်မှ အရေးကြီး ပါတယ်။ ဘိုဘိုကျော်ငြိမ်းရဲ့ အဖေ ဦးကျော်ငြိမ်းကိုယ်တိုင် ဝိဓူရသခင်ချစ်မောင်နဲ့ ပတ် သက်ပြီး ဟောဒီလို ရေးသားခဲ့တာတောင် ရှိတယ်မဟုတ်လား။

“(အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး သခင်မြ) အတ္တုပ္ပတ္တိစာအုပ် စာမျက်နှာ (၃၁၄) တွင် ထိုခေတ် သာယာဝတီခရိုင် မြေအောက်တော်လှန်ရေးအဖွဲ့တွင် ခေါင်းဆောင်တဦး ဖြစ်သည်ဟု ဝိဓူရသခင်ချစ်မောင်က ရေးသားထားသော်လည်း၊ ထိုတော်လှန်ရေး အချိန် ၌ သူ့ကို မတွေ့ရပါ။ သူပါသည်ဟုလည်း မကြားဖူးပါ။ ဗိုလ်ချုပ်နေဝင်း အသိဖြစ်သည်။

(ဤအချက်ကို ဖေါ်ပြသည်မှာ သမိုင်းမှန်အတိုင်းဖြစ်စေလို၍ ဖြစ်သည်။ အာဃာတရှိ၍ မဟုတ်ပါ။) တဲ့။

အဲဒါ ဦးကျော်ငြိမ်းက ဦးကျော်ငြိမ်းရဲ့ “(၁၉၃၆ – ၁၉၄၅) မြေအောက်သူပုန်အဖွဲ့ ဆိုင်ရာ မှတ်စု “စာမျက်နှာ (၈) မှာ ရေးသားထားချက် ဖြစ်ပါတယ်။ ဝိဓူရသခင်ချစ်မောင်ဟာ သ ခင်မြ ခေါင်းဆောင်တဲ့ ဗဟိုမြေအောက်တော်လှန်ရေးအဖွဲ့ကနေ မြေအောက်တော်လှန် ရေးအဖွဲ့ခွဲတွေအဖြစ် ခရိုင် (၂ဝ) အဖြစ် ဖွဲ့ စည်းတာဝန်ပေးအပ်ရာမှာ အမှတ် (၁ဝ) ဖြစ် တဲ့ သာယာဝတီခရိုင်အဖွဲ့ရဲ့အဖွဲ့ဝင်စာရင်းမှာ အဖွဲ့ဝင်အဖြစ် ပါပါတယ်။ ဒါပေမဲ့ လက် တွေ့ ပါဝင်လှုပ်ရှားခဲ့တာ မတွေ့ရတဲ့အတွက်၊ ဦးကျော်ငြိမ်းက သမိုင်းမှန်ဖြစ်စေရေးအ တွက် အထက်မှာဖေါ်ပြထားသလို အတိအလင်းရေးသားထားတာ ရှိပါတယ်။

ဘိုဘိုကျော်ငြိမ်း သိမှာပါ။ အဲဒီတော့ …

အခုလဲ ကျနော်က ဦးကျော်ငြိမ်းက စာရင်းမှာသာပါပေမဲ့၊ ဘယ်တိုင်းကိုမှ နိုင်ငံရေးမှူး အဖြစ် သွားရောက်ခဲ့ဖူးတာ လက်တွေ့အားဖြင့် မရှိတဲ့အတွက်၊ သမိုင်းဖြစ်ရပ်မှန်အတိုင်း ရေးသားခဲ့တာ ဘာမှနာလိုခံခက်ဖြစ်စရာ မလိုပါဘူး။ ဒါဟာ သမိုင်းမှန်ပဲလေ။ ဘိုဘို ကျော်ငြိမ်း အနေနဲ့ ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားသုံးသပ် ပြောဆိုသင့်ပါတယ်။

ဘိုဘိုကျော်ငြိမ်းက “ — ဗိုလ်ချုပ်အောင်ဆန်းက စစ်တိုင်း (၁) တာဝန်ကို ဗိုလ်မောင် မောင် ကို လွှဲပေးလိုက်တဲ့အခါ နိုင်ငံရေးမှူး ကိုဗဟိန်း လဲ တာဝန်ကျရာတိုင်းကို ရောက် မလာတော့ဘူး။ ဒါဆို ကိုဗဟိန်း ရော သူရဲဘောနည်းတာလား စသည် စသည်ဖြင့် တွေး မယ်၊ မေးမယ်၊ ခရစ်တီကယ်တွေးခေါ်မှု ရှိခဲ့ရင်ပေါ့ ။” လို့

သရော်တော်တော် ဖေါ်ပြထားရင်း၊ ဦးကျော်ငြိမ်း တာဝန်ကျတိုင်း ၆ ကို မသွားတာနဲ့  သ ခင်ဗဟိန်း တာဝန်ကျ တိုင်း (၁) မသွားခဲ့တာကို အတူတူပါပဲ သဘောမျိုး၊ ညီမျှခြင်းထိုး ပြထားတာလဲ မှတ်မှတ်ထင်ထင် တွေ့ရပါတယ်။ မသိသား ဆိုးဝါးလှချည်လား ဘိုဘို ကျော်ငြိမ်း။

ဘိုဘိုကျော်ငြိမ်းအဖေ ဦးကျော်ငြိမ်း တာဝန်ကျတိုင်းကို ရောက်အောင်မသွားခဲ့တာနဲ့  သခင်ဗဟိန်း တိုင်း (၁) ကို မသွားခဲ့တာဟာ နိုင်ငံရေးသဘောအရရော လက်တွေ့ဖြစ် စဉ်အရပါ လုံးဝ လုံးဝကို မတူညီဘူး။ အဲဒီဟာကို ညီမျှခြင်းထိုးပြဖို့ ကြိုးစားရင်၊ အတူတူ ပဲလို့ထင်ရင်၊ လူ ရယ်စရာ ဖြစ်သွားလိမ့်မယ်။ သခင်ဗဟိန်း တိုင်း (၁) ကို မသွားတော့ တာက ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ပြောင်းလဲပေးလိုက်တာ။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်လဲ အခြေအနေအရ တိုင်း (၁) ကို မသွားတော့ပဲ၊ စစ်ဦးစီးချုပ်ရုံးကို ကွပ်ကဲပြီး၊ တိုင်း (၇) နယ်မြေထဲမှာ အခြေစိုက်ရင်း တိုင်းအသီးသီးရဲ့ တိုက်ပွဲတွေကို ရှေ့ဆောင် သွားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်။

ဖြူးမြို့နယ်ထဲကို အစောကြီးကတည်းက ရောက်နေတဲ့ သခင်ဗဟိန်းကိုလဲ ရန်ကုန်ကို လာရန်မလိုတော့ပဲ ဖြူးမှာပဲ ဆက်လက်နေထိုင်ပြီး၊ တောင်ငူခရိုင်ထဲက “ရဲခေါင်ပြောက် ကျား” တွေကို ဦးစီးသွားစေဖို့  ပြောင်းလဲတာဝန်ပေးလိုက်တာ ဖြစ်တယ်။

အချက်အလက် အထောက်အထားတွေကို သိချင်တယ်ဆိုရင်တော့ “ရဲဘော်မြ” ရဲ့ “ဖက်ဆစ်တော်လှန်ရေး ပြည်သူ့ ရဲခေါင်ပြောက်ကျား” ဆိုတဲ့ စာအုပ် စာမျက်နှာ (၁၃၅) ထဲမှာလဲ ရှိပါတယ်။ မယုံရင် ဘိုဘိုကျော်ငြိမ်း ဖာသာ ရှာဖတ်နိုင်ပါတယ်။

စာတွေကို အပိုဒ်လိုက် ချရေးပြနေရရင် မပြီးနိုင် မစီးနိုင်ဖြစ်နေမှာစိုးလို့။ သခင်ဗဟိန်း ဟာ ဖက်ဆစ်တော်လှန်ရေးမစခင် အစောကြီးကတည်းက (၁၉၄၄ သြဂုတ်) ကတည်း က၊ ပဲခူးစံပြတပ်ရင်းက ဗိုလ်ချုပ်ကျော်ဇော ရဲ့ အိမ်မှာ ဗိုလ်ချုပ်အောင်ဆန်း ရယ်၊ သခင် စိုး၊ သခင်သန်းထွန်း တို့ (၃) ဦးတည်းပဲ ဘယ်သူမှမသိအောင် လျှို့ဝှက်တွေ့ဆုံကြပြီး နောက်ပိုင်းကတည်းက အဲဒီ ဖြူးဒေသထဲသွားပြီး ပြောက်ကျားစစ်အတွက် အစီအစဉ်ရှိ ရှိ တာဝန်ယူ ပြင်ဆင်နေခဲ့တာ ဖြစ်တယ်။

သွားလိုက် ပြန်လိုက်နဲ့ လျှို့ဝှက်စည်းရုံးရေးတွေလုပ်၊ သင်တန်းတွေပေး၊ ပြောက်ကျား စစ် နည်းသစ်တွေကို ရေးသားပြုစုပြင်ဆင်ပေးနဲ့ အခြေခံစခန်းဖြစ်အောင် ရည်ရွယ်ချက် ရှိရှိ ပျိုးထောင်တည်ဆောက်ထားခဲ့ပြီးသား ဖြစ်တယ်။ ပြောရရင် အစောကြီးကတည်းက သခင်ဗဟိန်းရဲ့အခြေခံစခန်းဟာ ဖြူးနယ်ထဲမှာ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ တည် ဆောက်ထားခဲ့ပြီးသား ဖြစ်တယ်။ ဒါကို အဓိကအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင် သန်းထွန်း၊ သခင်စိုး တို့ လောက်ပဲ လူအနည်းစုလောက်ပဲ သိထားကြတယ်။ တရုံးတဌာ နတည်း အတူတူနေနေတဲ့ သခင်နု (ဦးနု) တောင် မသိသလို၊ ဦးကျော်ငြိမ်းလဲ မသိပါ ဘူး။

ဒါကြောင့်လဲ ဖက်ဆစ်တော်လှန်ရေး ဆင်နွဲခါနီးအချိန် နီးနေပြီဖြစ်တဲ့အခါမှာ ဖြူးမှာ ရောက်နေတဲ့ သခင်ဗဟိန်းကို ရန်ကုန်ကို တက်မလာစေတော့ပဲ၊ ဖြူးနယ်ထဲမှာနေဖို့ ဗိုလ်ချုပ်အောင်ဆန်းက ပြောင်းလဲပေးလိုက်တာ ဖြစ်တယ်။ ပြောင်းလဲလာတဲ့အခြေအ နေတွေအရ၊ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က အစီအစဉ်တွေကို ပြောင်းလဲသတ်မှတ် ပေးခဲ့တာ ဖြစ်တယ်။ ဒါ့ကြောင့် မသွားတာ ဖြစ်တယ်။

တကယ် ဖက်ဆစ်တော်လှန်ရေးကြီးဆင်နွဲကြပြီ ဆိုတော့လဲ သခင်ဗဟိန်းဟာ ကိုယ်တိုင် ကာဘိုင်လွယ်ပြီး၊ လက်တွေ့ စစ်မြေပြင်မှာ လက်တွေ့ တိုက်ပွဲဝင်ခဲ့သူမျိုး ဖြစ်တယ်။ ဦး ကျော်ငြိမ်းနဲ့ ဘာမှမဆိုင်ဘူး၊ မတူဘူး။ ဖက်ဆစ်တော်လှန်ရေးအတွင်းမှာ သခင်ဗဟိန်း ခေါင်းဆောင်တဲ့ တောင်ငူခရိုင်အတွင်းက ရဲခေါင်ပြောက်ကျားတွေရဲ့ ရွပ်ရွပ်ချွံချွံ တိုက်ပြ ခဲ့ကြတဲ့ တိုက်စွမ်းအားဟာလဲ ဘယ်လောက်ကြီးမားခဲ့သလဲဆိုရင်၊ ကြိုက်တဲ့ စစ်တိုင်း တွေနဲ့ ယှဉ်ကြည့်လိုက် ထိပ်တန်းကဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။

သြဂုတ်လ (၁၄) ရက်နေ့အထိ တိုက်ပွဲစာရင်းချုပ်အရ ရန်သူဖက်ဆစ်ဂျပန်ပေါင်း (၇၁၅၉ ) ယောက် ကျ ဆုံးစေခဲ့ပြီး၊ ရန်သူဒဏ်ရာရ (၂၇၇၃) ယောက်၊ သုံ့ပန်းအဖြစ်နဲ့က (၅၃၈) ယောက်တောင် ရှိခဲ့တယ်။ ဖက်ဆစ်ရန်သူ (၅၃၈) ယောက်အထိ သုံ့ပန်းအဖြစ် ဖမ်းဆီး နိုင်ခဲ့တယ်ဆိုတာဟာ အင်မတန်ကို ထူးခြားတဲ့ တိုက်စွမ်းရည်ပါပဲ။ တခြားလူမျိုးတွေနဲ့ စစ်တိုက်ရတဲ့အခါ သုံ့ပန်းအဖြစ်ရဖို့ လွယ်ပေမဲ့ ဂျပန်ကို သုံ့ပန်းရဖို့ဆိုတာ မလွယ်ဘူး။ ဒီအချက်ကို မဟာမိတ်တွေကိုယ်တိုင်ကတောင် အသိအမှတ်ပြုကြတယ် ဆိုပြီး ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် ဖေါ်ထုတ်ပြောဆိုခဲ့ရတယ်။

ဒီအချက်တွေဟာ သခင်တင်မြရဲ့ တိုင်းကြီး (၁ဝ) တိုင်းစာအုပ် စာမျက်နှာ (၂၆၈) မှာလဲ ပါသလို၊ “ဖက်ဆစ်တော်လှန်ရေးရဲခေါင်ပြောက်ကျား” ဆိုတဲ့ စာအုပ် စာမျက်နှာ (၃၃၆) မှာလဲ ပါပါတယ်။

အဲဒီ တောင်ငူရဲခေါင်ပြောက်ကျားတွေကို ဦးစီးပြီး ခေါင်းဆောင်တိုက်ပွဲဝင်ခဲ့တာဟာ သခင်ဗဟိန်းနဲ့ သခင်သန်းဖေ ပါပဲ။ အဓိက နံပတ်တစ်ခေါင်းဆောင်က သခင်ဗဟိန်းပါ ပဲ။

ဖက်ဆစ်တော်လှန်ရေး ကာလအတွင်း ဦးကျော်ငြိမ်း ဘာလုပ်နေခဲ့သလဲ။ လက်တွေ့ အားဖြင့် ဘာလုပ်နေခဲ့သလဲ။ တိုင်း ၆ ကိုလဲမသွားပဲ ဘာတွေလုပ်နေခဲ့သလဲ။ ဖက်ဆစ် တော်လှန်ရေးအတွက် မတ်လ (၂၅) ရက်နေ့လို့ ပထမ ရက်ချိန်းသတ်မှတ်ခဲ့ကြတယ်။ နောက် ဧပြီ (၂) ရက်နေ့လို့ သတ်မှတ်တယ်။ အဲဒီလို သတ်မှတ်ချက်အရ၊ မတ်လ (၁၇) ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းက ရွှေတိဂုံဘုရားအနီး (ယခု တော်လှန်ရေးပန်းခြံ) မှာ တပ်မတော်စစ်ရေးပြအခမ်းအနားလုပ်ပြီး “ရန်သူကို အနိုင်တိုက်ကြ” ဆိုတဲ့ စစ်ထွက်မိန့် ခွန်းတိုတိုပြောပြီး စစ်ထွက်အခမ်းအနားကို လုပ်လိုက်တယ်။

မတ်လ (၁၈) ရက်နေ့မှာ သခင်သန်းထွန်းက စစ်တရားဟောဖို့ဆိုတာ အကြောင်းပြပြီး သူစီစဉ်ပြင်ဆင်ထားတဲ့ လျှို့ဝှက်စခန်းရှိရာ ဖြူး-တောင်ငူဖက်ကို ထွက်သွားတယ်။ မတ် လ (၂၃) ရက်နေ့ မှာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် တော်လှန်ရေးအတွက် ရန်ကုန်

ကနေ ပြည် ရွှေတောင်ဖက်ကို ထွက်သွားတယ်။ ဦးဗဆွေ ကတော့ ရန်ကုန် တာဝန်ခံမို့ ရန်ကုန်မှာပဲ ရှိနေတယ်။ ဦးဗဆွေ အဖမ်းမခံရသေးပါ။

အဲဒီအချိန်မှာ ကိုယ်တာဝန်ကျရာ စစ်တိုင်းစစ်နယ်မြေဒေသတွေကို နည်းလမ်းမျိုးစုံနဲ့ အ သီးသီးထွက်သွားနေကြတာကိုလဲ ဦးကျော်ငြိမ်း သိနေပါလျက် ဦးကျော်ငြိမ်းက တာဝန် ကျ တိုင်း (၆) ရှိရာ ပျဉ်းမနားကို မသွားဘဲ ရန်ကုန်မှာပဲ ဆက်ရှိနေတယ်။

ကိုယ်သွားရမှာကို မသွားပဲ ဦးကျော်ငြိမ်း ဘာလုပ်နေတာလဲ။ ဦးကျော်ငြိမ်းအကြောင်းပြတာကတော့ “ဒေါက်တာဗမော်နဲ့ သစ္စာရှိဟန်ဆောင်နေရမယ့် သခင်မြကို ဂျပန်က မယုံဘဲ သတ်မှာများတယ်။ ဒါကြောင့် သခင်နု၊ ကိုလှမောင်နဲ့ သူ (ဦးကျော်ငြိမ်း) တို့ဟာ တောမခိုသင့်တော့လို့ စဉ်းစားပြီး၊ အားလုံးညီညီညွတ်ညွတ်နဲ့ သခင်မြနဲ့အတူ ဂျပန်အလိုတော်ရိဟန်ဆောင်ပြီး နေသင့်တယ်ဆိုတာကို ဦးလှမောင်နဲ့ ဦးကျော်ငြိမ်းက သခင်နုကို ဆွေးနွေးပြီး ဦးနုကလဲ သဘောတူလိုက်တဲ့အတွက် နေလိုက် တာလို့ ဆိုပါတယ်။ အဲဒီအချက်အလက်တွေဟာ ဦးကျော်ငြိမ်းရဲ့ “မြေအောက်သူပုန်အ ဖွဲ့ဆိုင်ရာမှတ်စု” မှတ်တမ်းထဲမှာ ပါပါတယ်။

အဲဒီနေ့ ဟာလဲ မတ်လ(၂၃) ရက်နေ့ပါပဲ။ အဲဒီရက်ပိုင်းတွေအတောတွင်းမှာပဲ “တပြည် လုံးအတွက် တော်လှန်ရေးရက်ကို ဧပြီ (၂) ရက်နေ့ အဖြစ်ကနေ မတ်လ (၂၇) ရက်နေ့ လို့ ပြောင်းလဲသတ်မှတ်လိုက်တာကိုလဲ ဦးကျော်ငြိမ်း သိပါတယ်။ ဦးဗဆွေ ဂျပန်ကင်

ပေတိုင်ရဲ့ အဖမ်းကိုခံရတာက၊ ဦးကျော်ငြိမ်းရဲ့ အဲဒီမှတ်တမ်းအရ မတ်လ (၂၉) ရက်နေ့ မှ ဖြစ်တဲ့အတွက်၊ ဦးကျော်ငြိမ်း အဲဒီနေ့ အထိ တိုင်း ၆ ကို မသွားဘဲ နေနေတာဟာ ဦး ဗဆွေ လွတ်မြောက်ရေးအတွက် မဟုတ်ဘဲ၊ သခင်မြအတွက်ပဲ ဖြစ်နေတာ ထင်ရှားပါ တယ်။

တကယ်က ဦးဗဆွေ လွတ်မြောက်ရေးအတွက် ရန်ကုန်မှာ နေနေတာဆိုတဲ့ ဖေါ်ပြချက် ကိုက မှားယွင်းနေပါတယ်။ ဒေါက်တာမောင်မောင်တို့ သခင်တင်မြတို့ရဲ့ စာအုပ်ပါ အ ချက်အလက်ကိုက ဦးကျော်ငြိမ်းအတွက် ဖာဖာထေးထေးဖေါ်ပြပေးထားရဘိသကဲ့သို့  ဖြစ်နေပါတယ်။ ဂျပန်ကင်ပေတိုင်က ဦးကျော်ငြိမ်းအိမ်ကို လာမေးလို့ ဦးကျော်ငြိမ်း နောက်ဖေးပေါက်ကနေထွက်ပြေးရပြီး သခင်မြ အိမ် သွားပုန်းနေရတဲ့နေ့ဟာ မတ်လ (၂၇) ရက်နေ့ ဖြစ်ပါတယ်။ ဗိုလ်ကျော်ဇောတို့ တိုင်း (၄) ရှိရာ ပဲခူးဖက်နဲ့ တပြည်လုံး နေ ရာတော်တော်များများမှာ ဖက်ဆစ်တော်လှန်ရေးကို မတ်လ (၂၇) ရက်နေ့မှာပဲ စတင် ဆင်နွဲနေကြပြီဖြစ်ပါတယ်။

အဲဒီတော့ ဦးကျော်ငြိမ်း ဘာလုပ်ပါသလဲ။

ဦးကျော်ငြိမ်းကိုယ်တိုင်ရေး “မြေအောက်သူပုန်အဖွဲ့ဆိုင်ရာ မှတ်စု” မှာ …

“မတ်လ (၂၈) ရက် ကင်ပေတိုင်လာရာကိစ္စအတွက် သခင်မြကတဆင့် အဓိပတိထံ အ ကူအညီတောင်းသည်။ ဂျပန်ပြည်သို့ အတူအလည်သွားစဉ်က ခင်မင်ရင်းနှီးလာသော ဗိုလ်ချုပ်ကလေး အီချီဒါ ကိုလဲ တယ်လီဖုန်းဆက်အကူအညီတောင်းရာ၊ မကြာမီ မေဂျာ ဂျင်နရယ်က မစိုးရိမ်ပါနှင့်၊ သူအကာအကွယ်ပေးမည်ဟု အဓိပတိ၏စကားပြန်“ဆိုင်တို” ထံမှ စကားပြန်လာပါသည်။

မတ်လ (၂၉) ရက် ထိုနေ့ နံက် ကိုဗဆွေ နှင့် ကိုတင်ညွန့် ကို ဂျပန်က ဖမ်းသွားသည်။ တော်လှန်ရေးလုပ်ရန်အချိန်ကျပြီ၊ တော်လှန်ရေးနေ့ မှာ ဧပြီ (၂) ရက်နေ့မဟုတ်၊ မတ် လ (၂၇) ရက်ဖြစ်သည်။ ပဲခူးနှင့်တပြည်လုံးတွင် (၂၇) ရက်နေ့က ထချနေကြပြီ။ ပဲခူး သခင်ချစ် ထံမှ ဆက်သားလာသည်။ ခင်ဗျား ယနေ့ ပုန်းတော့မှ ဖြစ်မည်ဟု ကိုကျော် ညွန့် က ကိုဗဆွေ ကို ပြောပြီး အိမ်ပေါ်မှ ဆင်းလာပြီးချိန်၌ ကိုဗဆွေကို ဂျပန်က တက် ဖမ်းသည်ဟု နောင်မှ ကိုကျော်ညွန့် ပြောပြ၍ သိရသည်။”  တဲ့။

ဦးဗဆွေ အဖမ်းခံရပြီးနောက် ဦးဗဆွေ လွတ်မြောက်ရေးအတွက် ဦးကျော်ငြိမ်း ဘာတွေ များ ဆောင်ရွက်ခဲ့ပါသလဲ။ မတ်လ (၂၉) ရက်ကနေ ဧပြီလ (၂၂) ရက်နေ့ အထိ (ဂျပန် တွေ ရန်ကုန်က ဧပြီ ၂၃ ရက်နေ့မှာ ဆုတ်ခွါမှာ ဖြစ်တဲ့အတွက် မဆုတ်ခွါခင် တရက်အ လိုအထိအတွင်း) ဦးဗဆွေ လွတ်မြောက်ရေးအတွက် ဦးကျော်ငြိမ်း ဘာတွေများဆောင် ရွက်ခဲ့ပါသလဲ။ ဘာတခုမှ မတွေ့ရပါ။

ဒါဖြင့် ဦးကျော်ငြိမ်း ရန်ကုန်မှာ ဘာတွေလုပ်နေသလဲ။ ဦးကျော်ငြိမ်းရဲ့ ကိုယ်တိုင်ရေး မှတ်စုထဲကအတိုင်းပဲ ရေးထားချက်အတိုင်းပဲ ကြည့်ကြရအောင်။ ဂျပန် ကင်ပေတိုင်က လာရှာတဲ့ မတ်လ (၂၇) ရက်နေ့က စပြီး ဟောဒီလို ရေးထားပါတယ်။

[ကျွန်တော်သည် မတ်လ(၂၇)ရက်နေ့မှစ၍ မိမိအိမ်သို့ မပြန်တော့ဘဲ ဂိုးဒင်းဘီဘီလမ်း နိုင်ငံခြားရေးရုံး၌သာ နေတော့သည်။ ညအခါ စားပွဲပေါ်၌ အိပ်သည်။ အိမ်သားများကို လည်း တိုးကြောင်ကြီးရွာသို့ ပို့ထားသည်။ ညအချိန်တွင် ရန်ကုန်တမြို့လုံးမှာ စစ်ကား ထရပ်ကားကြီးများစွာ ဥဒဟိုသွားလာနေသည်ကိုထောက်၍ မိတ္တီလာ စစ်မျက်နှာဖက်၌ အဘယ်မျှ စစ်အရေးကြီးနေသည်ကို သိသာသည်။ နိုင်ငံခြားရေးရုံးမှာရှိသော ရေဒီယိုမှာ လည်း နိုင်ငံခြားသတင်းကို ခိုးနားထောင်ရာတွင် မကြားတချက်ကြားတချက် ဖြစ်နေ သည်။

ညအချိန်၌ ရုံးရှေ့ဖြတ်သွားနေသော ဂျပန်စစ်ကားကြီးများကို ကြည့်၍ ဘယ်ကားသည် ဂျပန်ကင်ပေတိုင်မောင်းလာပြီး ငါ့ကိုဖမ်းမည်နည်းဟု တထိတ်ထိတ်ဖြစ်နေရသည်။ စစ် ရှုံးခါနီးတွင် ဂျပန်စစ်တပ်က မရမ်းကားဘူးဟု မည်သူပြောနိုင်မည်နည်း။ ဂျပန်လက်တွင်း ၌ အကျယ်ချုပ်မိနေသော ကျွန်တော်တို့ ဖက်ဆစ်တော်လှန်ရေးသမားတို့က စိတ်သော ကရောက်၍ ကြောက်နေကြသော်လည်း မြို့သူမြို့သားတို့က အသွားအလာပျက်ဟန် မတူကြချေ။ ထိုနှစ် ဧပြီ (၁၃) ရက်မှ (၁၆) ရက်နေ့ အထိ မဟာသင်္ကြန်ပွဲတွင် ရန်ကုန် မြို့သူမြို့သားများသည် မြန်မာအမျိုးသမီးများကို စော်ကားဖျက်ဆီးကြသည့် ဂျပန်များ ကို သရော်ကြသည်။

အမေနိုးပါ့မယ် မာစတာရဲ့၊ ယော်ရောရှိ ယောရောရှိ

ဘီးကျိုးပါ့မယ် မာစတာရဲ့၊ ယော်ရောရှိ ယောရောရှိ

ကြမ်းကျိုးပါ့မယ် မာစတာရဲ့၊ ယော်ရောရှိ ယောရောရှိ

မြို့သူမြို့သားပေါင်းများစွာတို့က ဤသံချပ်ကို ထိုးကြသဖြင့် ဂျပန်ကင်ပေတိုင်တို့လည်း ဘယ်သူ့ကို ဘာမျှအရေးယူ၍ မရတော့ချေ။ ဘယ်သူ့လက်ချက်ဟု တရားခံဖေါ်၍ မရ ချေ။ ဤနည်းဖြင့် ရက်တွေကုန်ခဲ့ပြီးနောက် ၁၉၄၅ ဧပြီ (၂၂) ရက်နေ့တွင် နံက်(၉)နာရီ

လောက်၊ ဂျပန်တပ်များ ရန်ကုန်မြို့မှ နောက်တနေ့တွင် ထွက်ခွါရတော့မည်။ ဝန်ကြီးအ ဖွဲ့ကလည်း ဂျပန်နှင့်မော်လမြိုင်သို့လိုက်ရတော့မည့် ဝန်ကြီးအဖွဲ့ ချက်ချင်းစည်းဝေးတော့ မည်ဟု သခင်နုထံမှ ကျွန်တော်သိရသည်။ သူက နိုင်ငံခြားရေးဝန်ကြီး၊ ကျွန်တော်က

နိုင်ငံခြားရေးအတွင်းဝန် ဖြစ်သည်။

ထိုနေ့ နံက်တွင် ကိုလှမောင် (သံအမတ်ကြီးဟောင်း) နှင့် ကျွန်တော်တို့ စိတ်အပူကြဆုံး မှာ ကိုဗဆွေ ကိစ္စ ဖြစ်သည်။ ဝန်ကြီးအဖွဲ့ မော်လမြိုင် မပြောင်းမီ ဂျပန်ဖမ်းထားသော ကိုဗဆွေကို လွတ်အောင် မလုပ်နိုင်လျှင် ဂျပန်အသတ်ခံရမှာ သေချာသည်။ ကိုဗဆွေ ကို ဝန်ကြီးအဖွဲ့နှင့် ခေါ်သွားနိုင်ခွင့် ဂျပန်ကို တောင်းရမည်ဖြစ်သည်။ ထိုကိစ္စကို ခေါင်း ဆောင်ရန် ကိုလှမောင်နှင့် ကျွန်တော်တို့ သခင်မြကို ချဉ်းကပ်ရာ သခင်မြက ပျော့ညံ့ညံ့ ဖြစ်နေသည်။ ဂျပန်ကို သူမပြောရဲသလို ဖြစ်နေသည်။ ထို့ကြောင့် ကျွန်တော်တို့နှစ် ယောက် သခင်နုထံ ပြေးကြရသည်။ သခင်နုက ဤကိစ္စမျိုးတွင် ရဲဘော်စိတ်အပြည့်ရှိ သည်။ တက်ကြွမှုအပြည့်ဖြင့် ကျွန်တော်တို့နှစ်ယောက်ကို ချက်ချင်း ဒေါက်တာဗမော်ထံ ခေါ်သွား၍ ကိုဗဆွေအတွက် ဂျပန်ကိုပြောပေးရန် ပူဆာသည်။ဒေါက်တာဗမော် သ ဘော တူသည်။ ] – တဲ့။

ဦးကျော်ငြိမ်းရဲ့ မှတ်စုအရ ဆိုရင် (၂၃) ရက်နေ့ ဂျပန်တွေ ရန်ကုန်က ဆုတ်ခွါအပြီး တ ရက်နှစ်ရက်လောက်အတွင်း ဦးဗဆွေ လွတ်လာခဲ့တဲ့အတွက် ဧပြီ (၂၄) ဝန်းကျင်ခန့်မှာ ဦးဗဆွေလွတ်လာခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ အဲဒီတော့ ဦးဗဆွေ လွတ်မြောက်ရေးအ တွက် ရန်ကုန်မှာနေခဲ့ရတယ်ဆိုတဲ့ ဦးကျော်ငြိမ်းဟာ ဦးဗဆွေအတွက် ဘာတွေများ လုပ်ဆောင်ပေးနေခဲ့ရလို့ပါလဲ။ ဦးဗဆွေ အဖမ်းခံရတာက မတ်လ (၂၉) ရက်နေ့မှ၊ အဲဒီ မတ်လ (၂၉) ရက်နေ့ က ဧပြီ (၂၂) အကြား ဦးကျော်ငြိမ်း ဘာတွေလုပ်နေပါသလဲ။

တကယ်က ဖက်ဆစ်တော်လှန်ရေးအတွက် နောက်ဆုံးရက်သတ်မှတ်လိုက်တာက မတ် လ (၂၇) ရက်။ မတ်လ (၂၇) အကြား တာဝန်ကျတိုင်း ၆ ကို သွားရမှာက ဦးကျော်ငြိမ်း။ မသွားပဲ ပထမတော့ သခင်မြအ တွက် ဂျပန်အလိုတော်ရိဟန်ဆောင်ပြီး နေခဲ့တယ်လို့ ဆိုတယ်။ ဦးဗဆွေ (၂၉) ရက်နေ့ အဖမ်းခံရပြီးတော့ နောက်ဆုံးမှာ ဦးဗဆွေလွတ် မြောက်ရေးအတွက်လို့ ဖြစ်လာခဲ့ရတယ်။ အဲဒီမတ်လ (၂၉) နဲ့ ဧပြီလကြားမှာ ဦးဗဆွေ လွတ်မြောက်ရေးအတွက် မယ်မယ်ရရ ဘာမှလဲလုပ်ခဲ့တာ မတွေ့ရပဲ၊ ဂျပန်ဆုတ်ခါနီး တ ရက်အလိုမှ သခင်နုအကူအညီ ဒေါက်တာဗမော်အကူအညီ ယူခဲ့တာဖြစ်ကြောင်း တွေ့ နေရပါတယ်။ ဒီကြားထဲကပဲ သမိုင်းကြောင်းရေးသူ သခင်တင်မြ၊ ဒေါက်တာ မောင်  မောင် စတဲ့စတဲ့ပုဂ္ဂိုလ်တွေက ဦးကျော်ငြိမ်းဟာ ဦးဗဆွေ လွတ်မြောက်ရေးအတွက် ရန် ကုန်မှာ နေခဲ့ရတယ်၊ တိုင်း ၆ ကို မသွား၊ ရန်ကုန်မှာ ဦးဗဆွေနဲ့ တွဲဖက်တာဝန်ပေး စသ ဖြင့် စသဖြင့် အတိုချုပ်ရေးသားဖေါ်ပြ မှတ်တမ်းတင်ပေးထားကြတာတွေဟာ အဖြစ်မှန် နဲ့ဆိုရင် တော်တော်လေးကို မြှင့်တင်ပေးထားဘိသကဲ့သို တောင် ဖြစ်နေပါသေးတယ်။

ထားပါတော့။ ကျနော်က အဲဒီလိုအချက်အလက်တွေအရ ဦးကျော်ငြိမ်းကို ဦးဗဆွေနဲ့တွဲ

ပြီး ရန်ကုန်တာဝန်ခံများ ဖြစ်ကြတယ်လို့ ရေးခဲ့တာဟာ ဘာများ မှားပါသလဲ။ လုံးဝလုံးဝ ကို မမှားပါ။

အဲဒီလိုတွေကြားထဲကပဲ ဘိုဘိုကျော်ငြိမ်းဟာ မကျေနိုင် မချမ်းနိုင် ကပ်သပ်ပြောနေတာ ဟာ ဘာရည်ရွယ်ချက်ပါလဲ။ ခရစ်တီကယ်တွေးခေါ်မှု ရှိခဲ့ရင်ပေါ့ ဆိုပြီး၊ ဦးကျော်ငြိမ်း တိုင်း ၆ မသွားတာကို၊ သခင်ဗဟိန်း-တိုင်း (၁) မသွားတာနဲ့ပါ ယှဉ်ထိုးပြီး ညီမျှခြင်းချ ပြ သလိုလုပ်လာတာကတော့ ကမ်းကုန်အောင် မသိသားဆိုးဝါးမှုပါပဲ။ ဦးပုည ရဲ့ အဆိုမျိုး နဲ့ ပြောရရင်

“မိုးကြိုးနဲ့ အီးသံလို ခရီးမှန် ကွာလွန်းလှလေး” လို့ 

ပဲ ပြောရတော့မှာပါ။

ဒုတိယတချက်ဖြစ်တဲ့ ဖက်ဆစ်တော်လှန်ရေးတုန်းက စစ်တိုင်းနိုင်ငံရေးမှူးတွေဟာ ကွန် မြူနစ်တွေချည်းဖြစ်ကြတယ် ဆိုတဲ့ အတိုချုပ်ရေးသားချက်အပေါ် မကျေနိုင် မနပ်နိုင် ဖြစ်နေရတာကလဲ အနှစ်သာရအားဖြင့်တော့ သူ့အဖေ ဦးကျော်ငြိမ်းအတွက် အသေအ လဲ ကာကွယ်နေတဲ့သဘောပဲ ဖြစ်ပါတယ်။ ဦးကျော်ငြိမ်းက ပြည်သူ့ အရေးတော်ပုံပါတီ က ဖြစ်နေတော့ တန်းတူထပ်မျှ လုပ်ချင်နေတဲ့သဘောပါပဲ။ ဘိုဘိုကျော်ငြိမ်းက “ထို့ ကြောင့်အချက်အလက်အမှန်က ပြည်သူ့အရေးတော်ပုံပါတီက ဦးကျော်ငြိမ်းသည် တိုင်း ၆ နိုင်ငံရေးတာဝန်ခံ၊ ပြည်သူ့အရေးတော်ပုံပါတီက သခင်ချစ်က တိုင်း (၄) နိုင်ငံရေးတာ ဝန်ခံ၊ ပြည်သူ့အရေးတော်ပုံပါတီက ဦးဗဆွေကြီးက ရန်ကုန်နိုင်ငံရေးတာဝန်ခံ၊ ထို့ ကြောင့် ဝင်းတင့်ထွန်းရေးတဲ့ တိုင်းနိုင်ငံရေးမှူးများမှာ ကွန်မြူနစ်ပါတီမှချည်း ဖြစ်ကြ သည်ဆိုသည့်အချက် မမှန်၊ အဓိပ္ပါယ်မရှိပါ။” လို့ တွင်တွင်အော်နေရှာခြင်း ဖြစ်ပါတယ်။

“ပြည်သူ့အရေးတော်ပုံပါတီ” ပြည်သူ့အရေးတော်ပုံပါတီလို့ တွင်တွင်အော်နေတဲ့အပေါ် ကျနော်က ထပ်ပြီးပြောလိုက်ပါဦးမယ်။ ပြည်သူ့အရေးတော်ပုံပါတီက ဦးကျော်ငြိမ်းက ဖက်ဆစ်တော်လှန်ရေးမှာ ဘယ်မှမသွား၊ ဦးဗဆွေက မတ်လ (၂၉) ကတည်းက ဂျပန် အဖမ်းခံထားလိုက်ရတာကြောင့် ဂျပန် ရန်ကုန်က ဆုတ်သွားမှသာ ပြန်လွတ်လာ၊ တ ပြည်လုံး အကြီးအကျယ်ချနေကြစဉ်တလျောက်မပါနိုင်။ ဒါကြောင့် သခင်ချစ် တယောက် ပဲပါ။ သခင်ချစ်တယောက်တောင် “ပြည်သူ့အရေးတော်ပုံပါတီ” ကဆိုတာ ဆိုင်းဘုတ် သဘောမျှသာပါ။ အနှစ်သာရကျကျ ပြောရလျှင် ကွန်မြူနစ်ဖြစ်နေခဲ့ပြီလို့တောင် ဆိုနိုင်၊ ဒါကြောင့် တကယ်တိုက်နေကြတဲ့ တကယ့်ဖက်ဆစ်တော်လှန်ရေးကြီး အတွင်းမှာ စစ် တိုင်းနိုင်ငံရေးမှူးတွေဟာ ကွန်မြူနစ်ပါတီကချည်းလို့ အတိုချုပ်ချုပ်ပြီး ရေးလိုက်တာဟာ အမှားလို့ မဆိုနိုင်။ တကယ်လို့နောင်မှာ ကျနော်ကိုယ်တိုင်က သည့်ထက်ရှင်းရှင်း လင်း လင်းရှိအောင် ဖြည့်စွက်ချင်တယ်ဆိုပါက “ကွန်မြူနစ်ပါတီကချည်း လိုလို ဖြစ်တယ်”

ဆိုပြီး “လိုလို” နှစ်လုံးတည်းပဲ ထည့်ပြီး ပြင်နိုင်ပါတယ်။

ကျနော့်ရဲ့စာအုပ်မှာ “ရည်စူး ပန်ကြား အမှာစကား” မှာ နောင်မှာ ပိုမိုပြည့်စုံအောင်

ဖြည့်ဆည်းသွားပါ့မယ်လို့ ကြိုတင်ဖေါ်ပြထားပြီးဖြစ်ပါတယ်။

တကယ်က ပြည်သူ့အရေးတော်ပုံပါတီ ဆိုကာက အခုချိန်အထိ ရှုပ်ထွေးမှုတွေရှိနေပါ တယ်။ ဒါကြောင့် သခင်မြနဲ့ အရင်းနှီးဆုံးရဲဘော်လဲဖြစ်၊ အာဇာနည်နေ့တိုင်း သခင်မြ အ တွက် အထိမ်းအမှတ်အဖြစ် နိုင်ငံရေးသမားဟောင်းကြီးတွေကို ဖိတ်ကြားပြီး နှစ်စဉ်နှစ် တိုင်း သူ့အိမ်မှာဆွမ်းကျွေးလုပ်လေ့ရှိတဲ့ သခင်ခင်အောင် (သာယာဝတီ) ကိုယ်တိုင်က သခင်မြရဲ့ ရာပြည့်အထိမ်းအမှတ်အဖြစ် ၁၉၉၇ ခုနှစ်အောက်တိုဘာ (၇) ရက်နေ့ ကျင်း ပပွဲမှာ “ပြည်သူ့ အရေးတော်ပုံပါတီကို သခင်မြက ဖွဲ့ခဲ့တာလား” ဆိုတဲ့ တစုံတဦးရဲ့အ မေးကို “အဲဒီကိစ္စက ရှုပ်ထွေးနေတယ်၊ ဘာမှ အတိအကျပြောလို့ မရဘူး၊ ဂျပန်ခေတ် တုန်းက ဘယ်သူမှ ဘာမှ ထင်ထင်ရှားရှားပြောခွင့် လုပ်ခွင့်ရတာမဟုတ်ဘူးဗျ” လို့ ဖြေ ခဲ့ရဖူးတာရှိပါတယ်။

၁၉၉၇၊ ဒီဇင်ဘာ၊ မိုးဂျာနယ် တက္ကသိုလ်စိန်တင်ရဲ့ အာဇာနည်ခေါင်းဆောင်ကြီး သခင်မြ နှစ်တရာပြည့်ဆောင်းပါးမှာ ပါပါတယ်။ အဲဒီ သခင်ခင်အောင်ဟာ ဦးကျော်ငြိမ်းရဲ့ မြေ အောက်သူပုန်အဖွဲ့ဆိုင်ရာ မှတ်စုထဲမှာ ပါတဲ့- သခင် ခင်အောင်ပါပဲ။ မတ်လ (၂ဝ) ရက် နေ့ခန့်မှာ သခင်မြအိမ်မှာနေတဲ့၊ သခင်မြ ရဲ့ အတွင်းဝန်ကလေးဖြစ်တဲ့ သခင်ခင်အောင် ဟာ သူ့အဖေ ကာလဝမ်းရောဂါဆန်ဆန်ဖြစ်နေလို့ သာယာဝတီကို ချက်ချင်းသွားရမယ် ဆိုပြီး၊ သခင်သန်းထွန်းရဲ့ လျှို့ဝှက်တာဝန်ပေးထားချက်အရ၊ သာယာဝတီဖက်ကို လေ ထီးဆင်းကြမယ့်သူတွေအတွက် အစီအစဉ်လုပ်ဖို့ သခင်မြ ဘေးကနေ သခင်မြ ကို ထား ခဲ့ပြီး တော်လှန်ရေးတာဝန်ထမ်းဆောင်ဖို့ ပြေးသွားခဲ့တဲ့သူဟာ ဒီသခင်ခင်အောင်ပါပဲ။ သခင်ခင်အောင်ဟာ ခေတ်တိုင်းခေတ်တိုင်း အဖမ်းမခံ ထောင်မကျခဲ့ရဖူးတာ မရှိခဲ့ပါ ဘူး။ ကိုကိုးကျွန်းလဲ အပို့ခံခဲ့ရဖူးပြီး၊ နဝတ နအဖခေတ်မှာလဲ ဝါရင့်နိုင်ငံရေးသမားကြီး များအဖွဲ့ မှာ တဦးအပါအဝင်ဖြစ်ခဲ့ရင်း အသက် (၉ဝ) ကျော်မှ ဆုံးသွားခဲ့သူဖြစ်ပါတယ်။

နဝတ ဗိုလ်ခင်ညွန့် က ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ထံ သခင်ဗသိန်းတင်ရဲ့ပေးစာကို ပို့ခဲ့သူလို့လဲ အပြောခံခဲ့ရသူဖြစ်ပါတယ်။ သခင်မြ ခေါင်းဆောင်တဲ့မြေအောက်လက်နက် ကိုင်အဖွဲ့  ခရိုင်အဖွဲ့ ခွဲ (၂ဝ) မှာ သာယာဝတီခရိုင်ရဲ့ နံပတ်တစ်ခေါင်းဆောင် တာဝန်ယူ ခဲ့သူလဲ ဖြစ်ပါတယ်။

ဆိုလိုတာက မြေအောက်အဖွဲ့မှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ သခင်ခင်အောင်ကတောင် ပြည် သူ့အရေးတော်ပုံပါတီ ပေါ်ပေါက်လာမှုဟာ ရှုပ်ထွေးမှုတွေရှိနေတယ်လို့ပြောခဲ့ရပါ

တယ်။ ကွန်မြူနစ်ပါတီဖက်က ပြောမယ်ဆိုရင် လျှို့ဝှက်ရပ်တည်နေရတဲ့ ကွန်မြူနစ်ပါ တီ နဲ့ တရားဝင်ရပ်တည်နေတဲ့ တို့ဗမာအစည်းအရုံးကြားမှာ တော်လှန်တက်ကြွတဲ့ သူ တွေကို စုစည်းဘို့ “ပြည်သူ့အရေးတော်ပုံပါတီ” ကို ဖွဲ့လိုက်တာပဲ။ ဒါကြောင့် ကွန်မြူနစ် ပါတီမှာလဲ အထွေထွေအတွင်းရေးမှူး၊ တို့ဗမာအစည်းအရုံးမှာလဲ အထွေထွေအတွင်း ရေးမှူးလုပ်နေတဲ့ သခင်အောင်ဆန်းဟာ အရေးတော်ပုံပါတီမှာလဲ အထွေထွေအတွင်း ရေးမှူးအဖြစ် တာဝန်ယူလိုက်တာဖြစ်သလို၊ သခင်ဗဟိန်းတို့ အာအီးတီ ဦးကျော်ငြိမ်း တို့လို ကွန်မြူနစ်တွေလဲ စတင်ဖွဲ့စည်းစဉ်က ပါနေတာဖြစ်တယ်။

အင်္ဂလိပ်ကိုလိုနီခေတ်က အိန္ဒိယရော ဗမာပြည်မှာပါ ကွန်မြူနစ်ပါတီကို ကိုယ့်ဟာကိုယ် တရားဝင်ထောင်လို့မရဘူး။ အဲဒီခေတ်က ဂရိတ်ဗြိတိန်ကွန်မြူနစ်ပါတီ CPBG ပါတီက ကမကထပြုဖွဲ့ မှ တတိယကွန်မြူနစ်အင်တာနေရှင်နယ်ရဲ့ စည်းမျဉ်းအရ ကွန်မြူနစ်ပါ တီ ဖြစ်နိုင်တယ်။ အဲဒီတော့ CPB က တရားမဝင်ပါတီ။ ဗမာပြည်မှာ တရားဝင်ပါတီက တို့ဗမာအစည်းအရုံး၊ CPB နဲ့ တို့ဗမာအစည်းအရုံးကြားမှာ တက်ကြွတဲ့သူတွေကို စုစည်း ဘို့ အရေးတော်ပုံပါတီကို ဖွဲ့လိုက်တဲ့အခါမှာ ကွန်မြူနစ်တွေရော ကွန်မြူနစ်မဟုတ်သူ

တွေပါ ပါလာတယ်။ မာ့က်စ်ဝါဒသမားရော မာ့က်စ်ဝါဒဆန့် ကျင်သူတွေပါ ပါလာတယ်။ ဆရာချစ်က မာ့က်စ်ဝါဒယုံကြည်သူအဖြစ်ပါလာတယ်၊ ဦးကျော်ငြိမ်းက မာ့က်စ်ဝါဒဆန့် ကျင်သူအဖြစ်နဲ့ ပါလာတယ်။ အရေးတော်ပုံပါတီကတော့ အရေးတော်ပုံပါတီပဲ။

၁၉၄၄ အောက်တိုဘာလဆန်းထဲမှာ သခင်ချစ်အပါ ပြည်သူ့အရေးတော်ပုံခေါင်းဆောင် တချို့ဟာ ဒေးဒရဲနယ်မှာ ခိုနေတဲ့ ကွန်မြူနစ်သခင်စိုးဆီ သွားတွေ့ကြပြီး၊ ၁၉၄၄ ခု

အောက်တိုဘာ(၃) ရက်နေ့ နေ့စွဲနဲ့ “တော်လှန်ရေးတပ်ဦး” ဆိုတာဖွဲ့စည်းလိုက်ကြတဲ့ အခါ၊ ပြည်သူ့အရေးတော်ပုံပါတီဆိုတဲ့ နာမည်ကိုတောင် ဖျက်လိုက်ပြီး တပါတီတည်း အဖြစ်၊ “ကွန်မြူနစ်ပါတီ (ဗမာပြည်)” ဆိုတဲ့နာမည်ကို ခံယူလိုက်ကြကြောင်း ကျေညာ ချက်တောင် ထုတ်ခဲ့ကြဖူးပါတယ်။ အဲဒီအခေါက်မှာ ခေါင်းဆောင်သွားခဲ့သူဟာ ဆရာ ချစ် (သခင်ချစ်) ပါပဲ။

အဲဒီလို တပါတီတည်းလုပ်ရေးကို သဘောတူခဲ့ကြတာအပေါ် ဦးကျော်ငြိမ်း တောင်တအံ့ တသြဖြစ်သွားခဲ့ရတယ်လို့ ဆိုတယ်။ ဦးကျော်ငြိမ်းရဲ့ မှတ်စုထဲမှာ စာမျက်နှာ (၁၄) မှာ- “ကျွန်တော်တို့သည် သခင်ချစ်၊ ဗိုလ်မောင်၊ ဗိုလ်အောင်ကြီးတို့ အုပ်စုက မိမိတို့အဖွဲ့ကြီး (ပြည်သူ့အရေးတော်ပုံအဖွဲ့ ) ကို ဖျက်သိမ်းသည်အထိ သဘောတူခဲ့သည်ကို အံ့သြမိ သည်။” လို့တောင် ရေးထားပါတယ်။ နောက်ပိုင်းမှ သခင်စိုးရဲ့ မိုက်လုံးကြီးမှုနဲ့ ဒီဇင်ဘာ မှာ ဒီသဘောတူညီချက်ကိုလဲ ဖျက်သိမ်းပစ်ခဲ့တာဟာ ကိစ္စတခုဖြစ်ပါတယ်။

သခင်ချစ်ဟာ မာ့က်စ်ဝါဒီလဲဖြစ်တာကြောင့်၊ အဲဒီကာလကတည်းက ဆိုင်းဘုတ်ကသာ ပြည်သူ့အရေးတော်ပုံနဲ့ ဆက်ကျန်နေပြီး သူ့အသွေးအသားက ကွန်မြူနစ်ဖြစ်နေပြီလို့ ကျနော့်အနေနဲ့ ယူဆတယ်။ ဒါကြောင့်လဲ ကွန်မြူနစ်ပါတီဆိုင်းဘုတ်တရားဝင်ထွက်ပေါ် လာတာနဲ့ ကွန်မြူနစ်ပါတီဖက်ကို လုံးဝရောက်ရှိလာခဲ့တာဖြစ်တယ်။ စာဖတ်သူများ စဉ်းစားကြည့်နိုင်ကြဖို့ ဖြစ်ပါတယ်။

ဘိုဘိုကျော်ငြိမ်းက ကျားကုတ်ကျားခဲပြောနေတဲ့ နောက်ဆုံးတချက်က သခင်ဗဟိန်းနဲ့ သခင်တင်မြ ကိစ္စပါ။ ဘိုဘိုကျော်ငြိမ်းက

“သခင်တင်မြ ပြဿနာကို ကြည့်ရင်လဲ ကျနော့် အယူအဆကတော့ တယောက် ယောက် က ဝင်းတင့်ထွန်းလို အစောကြီး ပြောင်းရေးလိုက်တယ်လို့ သံသယရှိတယ်” တဲ့။ ကြည့်စမ်း ဘယ့်လောက်အောက်တန်းကျလိုက်တဲ့ စွပ်စွဲချက်ပါလဲ။ ဘိုဘိုကျော်ငြိမ်း ရဲ့ စွပ်စွဲချက်နဲ့ တန်အောင်သာ တုံ့ပြန်ရမယ်ဆိုရင်တော့၊ အဲဒီလိုအောက်တန်းကျကျ လုပ်တတ်တာ ဘိုဘိုကျော်ငြိမ်းအဖေ ဦးကျော်ငြိမ်းပဲ ရှိလိမ့်မယ်လို့။ သူ့များဒိုင်ယာရီကို သူများရေချိုးသွားနေတုန်း ခိုးဖတ်တာ၊ ဗိုလ်နေဝင်းကို ကာကွယ်ရေးဝန်ကြီးပေးဖို့  ဦးနု ကို မျက်ရည်ထွက်ပြီး ငိုပြတာ၊ ဗိုလ်ဇေယျနဲ့ ဗိုလ်နေဝင်း ကြား တို့မီးရှို့မီးလုပ်ပြီး “အောင်ပြီ အောင်ပြီ” လို့ 

အော်ပြီး ဝမ်းသာအူမြူးဖြစ်ခဲ့တာ ဦးနု ရဲ့တာတေစနေသားကိုပဲ ပြန်ဖတ်ကြည့်ကြပါ။

ဘိုဘိုကျော်ငြိမ်းက သူ့ အတ္တနောမတိနဲ့ မကိုက်တော့ ကျနော်ကိုးကား ရှင်းလင်းပြခဲ့တဲ့ တို့ဗမာအစည်းအရုံးသမိုင်းစာအုပ်ကြီးထဲက အချက်အလက်တွေကိုတောင် ကရောက မယ်ဖြစ်အောင် လုပ်ချင်တယ်။ သခင်ကြီးတွေ ရာနဲ့ချီရေးသားပြုစုထားတဲ့ စာအုပ်ကြီး ကိုတောင် စာမျက်နှာ (၅၇၇) နောက်ပိုင်းကစပြီး

“စာစီစာကုံးဆန်ဆန် ရေးသားခြင်းသာ ဖြစ်တယ်” တို့

“ရဲရဲဝံ့ဝံ့ရေးသားထားတဲ့ လေသံမရှိ” တို့ ဆိုပြီး လုပ်တော့တာပါပဲ။ ပြီးတော့ ကျနော်ရေး တာကိုတောင် သေချာဖတ်ဟန်မတူပါ။

“ဖတပလဖွဲ့တော့ သခင်သိန်းဖေက အိန္ဒိယမှာပါ။ သခင်ကြီးတွေကော ဒီအစည်းအဝေး မှာ ရှိလို့လား” တဲ့။ လက်ရှိ ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့ က သခင်သိန်းဖေ တို့လဲ ပါတယ်ဆိုတာ၊ မေးကြည့်ချင်မေးကြည့်နိုင်ဖို့ ပြောတာကို၊ ထိုးနှက်ချင်ဇောအားနဲ့ ဘာ ကိုမှ ခွဲခွဲခြားခြား မသိနိုင်တော့သလိုပါပဲ။ ဦးမြဟန် ရဲ့ သမိုင်းအဘိဓါန်စာအုပ်ကိုပါ ပူး

တွဲ ဖေါ်ပြပေးလိုက်ပြန်တော့လဲ “ဦးမြဟန် ရဲ့ သုတေသနပြုမှု မည်မျှ သေချာတိကျ တယ်ကို ကျနော်မသိပါ” လို့ လုပ်ချလိုက်ပြန်တယ်။

စာတွေကို တော်တော်ကို ဖတ်သယောင်ယောင်ပြောပြီး အဲဒီအချက်အလက်တွေကို တောင် မသိဘူးဖြစ်နေတာက ဘိုဘိုကျော်ငြိမ်း ပါ။ သခင်ကြီးတွေ ယူထားတာက “သခင်တင်မြ” မပါခင်၊ အရင်ဆုံး ပထမဆုံးကျတဲ့ “ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ ချုပ်” ဖွဲ့စည်းတည်ထောင်လိုက်တဲ့ အစည်းအဝေးပါ စာရင်းပါ။

ဒါကြောင့် သခင်ကြီးတွေက ပထမဆုံးလို့ ပြောတာပါ။ ၁၉၄၄ ခုနှစ် သြဂုတ် (၂၃) ရက် နေ့ ဗိုလ်ချုပ်အိမ်အစည်းအဝေးက ဖွဲ့စည်းတည်ထောင်လိုက်တဲ့ စာရင်းပါ။ သခင်တင်မြ ရဲ့ တိုင်းကြီး (၁ဝ) တိုင်းပါ စာရင်းက တော်တော်နောက်ကျပါတယ်။ ၁၉၄၅ မတ်လ (၁) ရက်ကနေ (၃) ရက်နေ့အထိ ကျင်းပတဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ “ဦးစီးအဖွဲ့” စာရင်းပါ။ နေရာကတော့ ဦးထွန်းမြတ်လမ်းဒေါင့်က ဗိုလ်ချုပ်အိမ်မှာပါပဲ။

ပထမဆုံးဟာ ၂၃-၈-၁၉၄၄ အစည်းအဝေးစာရင်းဖြစ်တဲ့အတွက် သခင်ကြီးတွေကလဲ အဲဒါကိုပဲ အဓိကပထမဆုံးအဖြစ် ယူခဲ့တာဖြစ်သလို၊ သူ့ စာအုပ်ကို (၅) နှစ်ကြာသုတေ သနပြုပြီးမှ ရေးသားထားတဲ့ ဦးမြဟန်ကလဲ အဲဒီအတိုင်း ယူခဲ့တာဖြစ်ပါတယ်။

ဝင်းတင့်ထွန်း ကလဲ အဲဒီအတိုင်း ယူခဲ့တာ ဖြစ်ပါတယ်။ ဘိုဘိုကျော်ငြိမ်း ထိကပါး ရိက ပါးပြုပြီး စွပ်စွဲနေသလို၊ မသိသားဆိုးဝါးမိုက်မဲလွန်းလှစွာ တဖက်သတ်စွပ်စွဲပြောဆိုနေ သလို မဟုတ်ကြောင်း ရှင်းလောက်ပြီလို့ ထင်ပါတယ်။ အကိုးအကားအဖြစ် ကြည့်ချင် သေးတယ်ဆိုရင်တော့၊၂ဝဝ၄ စာပေဗိမာန်ကထုတ်တဲ့ “ဖိုးအောင်လေး” ရဲ့ “မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှု ရက်စဉ်သမိုင်း” ဆိုတဲ့ စာအုပ်ထဲမှာ ရှာကြည့်လိုက်ပါ။

ကျမ်းကိုးဆိုတာ ဘယ်လို၊ သုတေသနဆိုတာ ဘယ်လို ဆိုပြီး ကိုယ့်ဆန္ဒနဲ့ကိုယ် ကိုယ့် အတ္တနောမတိနဲ့ကိုယ် ပြောချင်ရာတွေ ပြောနေတာကိုလဲ စာတွေ ရှည်နေပြီဖြစ်တဲ့အ တွက် စာဖတ်သူတွေကို အားနာလှပြီဖြစ်တဲ့အတွက် အသေးစိတ်မတုံ့ပြန်လိုတော့ပါ ဘူး။ သမိုင်းတွေရေးတဲ့အခါမှာ အကယ်ဒမစ်ဆန်ဆန်ရေးမယ်ဆိုရင်ဖြင့် အောက်ခြေ မှတ်စု foot note ၊ ကျမ်းဆုံးမှတ်စု End note ၊ နံဘေးမှတ်စု Marginal note ပါကို ပါရပါမယ်။

ကျမ်းတွေ သမိုင်းတွေမှမဟုတ်၊ လိုအပ်တဲ့စာတမ်းတွေ ဆောင်းပါးတွေမှာ အဲဒီလိုမှတ် စုတွေပါသုံးနိုင်ရင်တော့ ကောင်းတယ်ဆိုတာ ငြင်းစရာမလိုပါ။ ဒါပေမဲ့ အကြောင်း ကြောင်းကြောင့် အခက်အခဲမျိုးစုံကြောင့် အဲဒီလို ကိုးကားမှတ်စု Note တွေကို မထည့် နိုင်ပဲ အဆုံးကျမှ ကျမ်းကိုးစာရင်း၊ ရည်ညွှန်းကိုးကားစာရင်းတွေပဲ ထည့်သွင်းပြုစုထုတ် ဝေနေရတာတွေလဲ ဗမာပြည်မှာ အများကြီး ရှိပါတယ်။ ဆရာဗန်းမော်တင်အောင်ရဲ့ ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်းတို့၊ ဦးမြဟန်ရဲ့ ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓါန်တို့

ဟာ နောက်ဆုံးမှ ကျမ်းကိုးစာရင်းထည့်ပြီး ထုတ်ဝေခဲ့ရတာတွေပါ။ ဘိုဘိုကျော်ငြိမ်း ရမ်းရမ်းကားကားပြောသလို ဘာအဓိပ္ပါယ်မှ မရှိဆိုတာ မဟုတ်ပါဘူး။

အဲဒီတော့ အခုနောက်ဆုံး ပြောပါတော့မယ်။ ဘိုဘိုကျော်ငြိမ်းနဲ့ ပတ်သက်ပြီး၊ “အရေးထား တုံ့ပြန်မနေပါနဲ့ ဗျာ”

“သူက အခုလိုပြောနိုင်ဖို့ တမင် စင်ရှာနေတာမှာ၊ သူ့ရည်ရွယ်ချက် အထမြောက်အောင်၊ တန်းထားပြီး တုန့်ပြန်မနေပါနဲ့” လို့ အသီးသီး ပြောကြဆိုကြ စေတနာနဲ့ သတိပေးကြ တာတွေလဲ ရှိပါတယ်။ ထိုင်း၊ ဂျပန်၊ အမေရိကန် စတဲ့စတဲ့ ပြည်ပတွေကနေ ပြောကြတာ လဲ ရှိသလို၊ အနီးအနားကနေ ပြောကြတာတွေလဲ ရှိပါတယ်။

အဲဒီ ပုဂ္ဂိုလ်တွေကို ကျနော် ကတိပေးလိုက်ပြီးသားဖြစ်သလို ကျနော်ကလဲ ဘိုဘိုကျော် ငြိမ်း ရဲ့ ပကတိရုပ်ပုံမှန်ကို အတိုင်းသား မြင်နေရပြီးသားဖြစ်တာကြောင့် တကြောင်း၊ ကျနော်ကိုယ်တိုင် ပထမတုံ့ပြန်ချက်တုန်းကတည်းက ပြောထားပြီးသား ကနေ့လို ကာ လကြီးမှာ

“အဓိက ပျောက်”

“ဘုံရန်သူ ပျောက်” ဖြစ်စေပြီး

“ပလုံစီ အမြှုပ်ထရမယ့်ကိစ္စတွေကို တကယ်ကို မလုပ်ချင်တာကြောင့်ပါ၊ ကျနော်ဟာ ဘိုဘိုကျော်ငြိမ်းကို တန်းထားတုံ့ပြန်ဖို့ သဘောထား မရှိတော့ပါ။ အခု နောက်ဆုံးတုံ့ပြန် ချက်အဖြစ် တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

စာရှုသူများကိုလဲ တော်တော်ကို အားနာမိပါတယ်။ ဒါဟာ ဘိုဘိုကျော်ငြိမ်းနဲ့ အပြန်အ လှန်နောက်ဆုံးတုံ့ ပြန်ချက်ပါပဲ။

အဲဒီတော့ …

ဘိုဘိုကျော်ငြိမ်းကို နောက်ဆုံးပြောချင်တာက ဒါလောက်တတ်တယ် သိတယ် နားလည် တယ်လုပ်နေမယ့်အစား၊ စာတအုပ် ပေတအုပ်ဖြစ်အောင် အရင်ဆုံး ရေးသားထုတ်ဝေ ကြည့်ပါဦး။ ပထမဆုံးအနေနဲ့  ဘိုဘိုကျော်ငြိမ်းရဲ့ အဖေ ဦးကျော်ငြိမ်းရဲ့ “ကိုယ်ရေးမှတ်တမ်း” တို့ 

“၁၉၃၆ -၁၉၄၅ မြေအောက်သူပုန်အဖွဲ့ ဆိုင်ရာမှတ်စု” တို့ကိုပဲ စာအုပ်အဖြစ်၊ လူတွေ ကြား ကျယ်ကျယ်ပြန့်ပြန့်ချထား ထုတ်ဝေလိုက်ပါလို့လဲ ပြောချင်ပါတယ်။

ဘိုဘိုကျော်ငြိမ်းက ပြောထားတယ်- “ဦးကျော်ငြိမ်းကို (မုန်း) လို့ ရပါတယ်။ (မုန်း) ခွင့်ရှိ ပါတယ်။ သို့သော် ဦးကျော်ငြိမ်းကို (မုန်း) တာနဲ့ ရာဇဝင်ထဲက ဆွဲနှုတ်ဖို့ မလုပ်ကောင်း ပါ”

ဆိုတာကိုလဲ နောက်ဆုံးပြောလိုက်ချင်ပါတယ်။ စိတ်ချ … စိတ်ချ … ဘိုဘိုကျော်ငြိမ်း။ ဦးကျော်ငြိမ်းကို ရာဇဝင်ထဲက ဆွဲမနှုတ်ပါ။ ရာဇဝင်ထဲကို ထားခဲ့မှာပါ။ သမိုင်းဧည့်ခန်းဆောင်ထဲမှာ ဖြစ်မလား၊ သမိုင်းပြတိုက်ထဲမှာ ဖြစ်မလား၊ သမိုင်း

အမှိုက်ခြင်းတောင်းထဲမှာ ဖြစ်မလား-ဆိုတာကတော့၊

ပြည်သူလူထုကြီးကပဲ ရွေးချယ်သတ်မှတ်ပေးကြမှာပါ။ သမိုင်းကြောင်းကို အမှန်အတိုင်း

သိမြင်ကြမယ့် နောင်မျိုးဆက်သစ်လူငယ်တွေကပဲ ကောင်းကောင်းကြီး နေရာရွေးချယ် သတ်မှတ်ပေးကြမှာပါ။

ဒါ နောက်ဆုံးတုံ့ပြန်ချက်ပါပဲ။

ဝင်းတင့်ထွန်း

၂၆-၁၂-၂ဝ၁ဝ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: