ချင်းမိုင်ရုက္ခစိုးနှင့် နှစ်သစ်၊ လူသစ်၊ စတိုင်အသစ်

ရန်ကုန်သားတာတေ Wednesday, 29 December 2010 19:34 – ဧရာဝတီ

ကျွန်ုပ် ရန်ကုန်သားတာတေသည် တပတ်တပတ် ဗုဒ္ဓဟူးနေ့ ရောက်လေတိုင်း ထွေရာလေးပါး ကဏ္ဍအတွက် ခေါင်းစားရသည့် အဖြစ်ကို များစွာ စိတ်ပင်ပန်းလျက်ရှိလေသည်။ ယခုတခါ နှစ်ကုန်ခါနီးအချိန် ဒေဝါလီမဂ္ဂဇင်း ရုံးပိတ်ရက် နီးလာ ပြန်သော ကြောင့် ရုံးပိတ်မည်ကို မျှော်တွေး လက်ချိုးရေရင်း ဟိုယောင်ယောင် သည်ယောင်ယောင်နှင့် အချိန်က ကုန်မှန်းမသိ ကုန်သွား ပြန်လေရာ … ထွေရာလေးပါးကဏ္ဍ ပြန်စရမည့် ဗုဒ္ဓဟူးနေ့သို့ ပြန်လည်ရောက်ရှိလာတော့မှ ဘာရေးရမှန်းမသိ ဖြစ်နေလေရာ ဘာမှ မရေးတော့ဘဲ ချင်းမိုင်က မြန်မာ ထမင်းဆိုင် အသစ်တွင် စားလို့ရတာမှန်သမျှ မှာယူ စားသောက်ရင်း ကုန်ကြမ်း ရှာချင်ယောင် ဆောင်နေလိုက်လေသည်။

cmnatထိုစဉ် ကျွန်ုပ်ရှေ့သို့ ဇာတ်လိုက်ကျော် ဖိုးရှုပ်နှင့်ကြွက်စုတ်တို့ စကားတပြောပြောနှင့် ရောက်လာလေသည်။ သူတို့ နောက်မှာတော့ ခပ်ငိုင်ငိုင် မျက်နှာပေးနှင့် ဦးရုက္ခစိုးဖြစ်၏။ သူတို့ ၃ ဦးစလုံး ကျွန်ုပ်တာတေကို မမြင်ကြပေ။

ဖိုးရှုပ်။     ။ သြော် … ၂၀၁၀ ပြည့်နှစ်တောင် ကုန်တော့မှာပါလား။ တနှစ် တနှစ်ကလည်း မြန်လိုက်တာနော်။ နှစ်သစ်အတွက် ဘာမှတောင် မပြင်ဆင်ရသေးဘူး။

ကြွက်စုတ်။     ။ သူ့ဘာသာသူ နှစ်က ကုန်သွားတဲ့ဟာ မင်းနဲ့ ဘာဆိုင်လဲကွာ။ ဒီလိုပဲ အေးအေးဆေးဆေး နှစ်သစ်ကို ကူးလိုက်ပေါ့။

ဖိုးရှုပ်။     ။ အေး … မင်းလိုကောင်ပေါ့ … နေမြဲ၊ စားမြဲ … ပေါက်ကရလုပ်မြဲ ဆိုတာ။

ကြွက်စုတ်။     ။ အောင်မာ … ငစွေက ငကန်းထက် သာပြနေပြန်ပြီ။ မင်းကကော ဘယ်လို ဆုံးဖြတ်ချက်တွေနဲ့ … ဘာတွေ ပြုပြင်ပြောင်းလဲမှာ မို့လို့လဲ။ နှစ်တနှစ် ကုန်သွားလိုက် … ဒီနှစ်စကနေ ဘာမလုပ်တော့ဘူး၊ ဘာလုပ်တော့မယ် ပြောလိုက်၊ ပြီးရင် ဒုံရင်းဒုံရင်းဖြစ်လိုက် … အဲဒီထဲမှာတော့ ငါမပါနိုင်ဘူး ဖိုးရှုပ်ရေ။

ရုက္ခစိုး။     ။ ကဲ ကဲ တော်ကြစမ်းပါကွာ။ မင်းတို့ ရန်ဖြစ်တာနဲ့ ငါ စဉ်းစားနေတာတွေတောင် ဘယ်ရောက် သွားလဲ မသိတော့ဘူး။

ဖိုးရှုပ်။     ။ ဦးရုက္ခစိုးက ဘာတွေများ စဉ်းစားနေလို့လဲ။ နှစ်သစ် သံန္နိဋ္ဌာန်တွေဘာတွေ ချမလို့လား။

ရုက္ခစိုး။     ။ ရုက္ခစိုး၊ ဖိုးရှုပ်နဲ့ ကြွက်စုတ်တို့ သုံးဦးသားဆိုတာ ဒီပုံစံအတိုင်းနေလာတာ ကြာပြီ။ အပြောင်းအလဲလည်း မရှိ၊ အာရိုက်လိုက် … အားအားယားယား ဟိုလူ့တွယ်လိုက်၊ ဒီလူ့ကလိလိုက်နဲ့ … ဒီလိုချည်းပဲဆိုတော့ နည်းနည်း ငြီးငွေ့တယ်လေကွာ … အဲဒီတော့ အပြောင်းအလဲလေးတွေ၊ အသစ်ကလေးတွေ လုပ်ရင်ကောင်းမလားလို့ပါ။

ကြွက်စုတ်။     ။ ဘာလဲ … ဦးရုက္ခစိုးက အပြောင်းအလဲ ဖြစ်အောင်ဆိုပြီး နတ်ဝတ်စုံချွတ်၊ ဟစ်ပ်ဟော့ပ်တွေလို၊ အန်ဒါဂရောင်းတွေလို ဝတ်မလို့လား …။

ရုက္ခစိုး။     ။ ပေါက်ကရက ပြောပြီ။ အဲဒီလို ဝတ်ချင်ရင်တောင် ဝတ်ပေးမယ့် ကာတွန်းဟန်လေးက မအားဘူးကွ … ။ ဗိုက်ခွင့် ယူသွားပြီ။

ဖိုးရှုပ်။     ။ ဟာ … ကာတွန်းဟန်လေး ဘယ်တုန်းက ကိုယ်ဝန်ရှိသွားတာလဲ … ကျနော်တောင် မကြားလိုက်ဘူး။

ရုက္ခစိုး။     ။ လာပြန်ပြီ ပေါက်ကရတကောင်။ ကာတွန်းဟန်လေးက ကိုယ်ဝန်ရှိမလားကွ …။ သူ့မိန်းမအတွက် မီးဖွားခွင့် ယူတာကို ပြောတာ။ နှစ်မကုန်ခင် သူ့မိန်းမက သားလေးမွေးသွားတော့ သူလည်း ပျော်ပြီး ပုံတွေဘာတွေ ဘယ်ရေးချင် ပါ့မလဲကွာ။

ကြွက်စုတ်။     ။ ကြည့်ရတာ ဦးရုက္ခစိုးဆီမှာ သားဆု လာပန်သွားတာထင်တယ် ဟုတ်လား။

ဖိုးရှုပ်။     ။ ဟေ့ကောင် … ကြွက်စုတ်ရာ။ မင်းကလည်း နည်းနည်းပါးပါး စဉ်းစားစမ်းပါဦး။ တို့ ဦးရုက္ခစိုးဆီ သားဆု လာပန်လို့ကတော့ ဆုပန်တဲ့သူပဲ ဆုတွေ အော်တောင်းရလွန်းလို့ လည်ချောင်းကွဲသွားမှာပေါ့။ ဘယ်လိုလုပ် ရမှာလဲ။ ငါတို့ ဦးရုက္ခစိုးက ဘယ်တုန်းက ညောင်ပင်ကပ်လို့လဲ။

ကြွက်စုတ်။     ။ ဘယ်တုန်းက အိမ်ကပ်လို့လဲ လုပ်စမ်းပါကွာ။

ဖိုးရှုပ်။     ။ ဦးရုက္ခစိုးက ညောင်ပင်မှာနေတာလေကွာ။

ရုက္ခစိုး။     ။ ကဲ တော်ကြစမ်းပါကွာ။ မင်းတို့ကလည်း ငါ့များ နှိပ်ကွပ်တာ ရစရာကို မရှိဘူး။ ငါ ညောင်ပင် မကပ်နိုင်ဘူး ဆိုတာလည်း ဟုတ်ပါတယ်။ ဘယ်လိုလုပ် ကပ်နိုင်မလဲ မင်းတို့ပဲစဉ်းစားကြည့်လေ။ မြန်မာနိုင်ငံမှာ ဖြစ်နေ ပျက်နေတာ တွေက တနေ့တမျိုး ရိုးလို့လား။ ဒါတွေနောက်ကို လိုက်နေရတာနဲ့တင် ငါ့ညောင်ပင်ကို အထက်အထက်က နတ်ဂိုဏ်းချုပ် ကြီးတွေက နတ်မနေတဲ့ ညောင်ပင်အဖြစ် စာရင်းသွင်းပြီး နတ်သူပိုင် သိမ်းတော့မလားမသိဘူး။

ကြွက်စုတ်။     ။ ဟာ … အဲဒါဆိုရင်တော့ ဒုက္ခပဲ။ တော်ကြာ ဦးရုက္ခစိုးရဲ့ ညောင်ပင်ကြီးကို လေလံပစ်ပြီး ပုဂ္ဂလိက ပေးလိုက်ရင် … ဦးရုက္ခစိုးတော့ အိုးမဲ့ သစ်ပင်မဲ့ ဖြစ်တော့မှာပဲ။

ဖိုးရှုပ်။     ။ နတ် ဒုက္ခသည်စခန်းတွေ ဘာတွေကို စုံစမ်းထားပါလား။ ဒါမှမဟုတ် ညောင်ပင်အစား ပြန်ပေးမလားလို့ မေးကြည့်ပေါ့။ အစားပြန်မပေးမချင်း ကျနော်တို့နဲ့ လာနေချင်နေလေ။

ဦးရုက္ခစိုးစကားကို စိတ်ဝင်စားမည်မှ မကြံသေး ဖိုးရှုပ်နှင့် ကြွက်စုတ်တို့၏ ပေါက်ကရ ထင်ကြေးများကြောင့် ကျွန်ုပ်မှာ ကုန်ကြမ်းမရဘဲ တခွိခွိနှင့် ရယ်နေရလေသည်။

ရုက္ခစိုး။     ။ လုပ်ချလိုက်ပြန်ပြီကွာ။ ငါတို့ နတ်မင်းကြီးတွေက မင်းတို့ ချိုကုပ်တွေလို မဟုတ်ပါဘူး။ ငါက သဘောပြောတာပါ။  ငါပြောချင်တာက … တနှစ်လုံး ချိုကုပ်ဒူးကြီး ပေါက်ကရလုပ်သမျှ လိုက်ကြည့် လိုက်ပြောနေရတာနဲ့တင် နှစ်ကုန်လို့ ကုန်မှန်း မသိ ဖြစ်သွားတယ် မဟုတ်လား။ အဲဒါကြောင့် ဒီနှစ်တော့  အပြောင်းအလဲလေး ဖြစ်အောင် လုပ်မလားလို့ပါ။

ကြွက်စုတ်။     ။ ဦးရုက္ခစိုးက ဘယ်လိုများ စဉ်းစားထားလို့လဲ။

ရုက္ခစိုး။     ။ ဒီလိုကွာ … ငါတို့ ၂၀၁၁ အတွက် နှစ်သစ် သန္နိဋ္ဌာန် ချရအောင်။ လာမယ့် ၂၀၁၁ မှာ … မင်းတို့ ၂ ယောက်ကော ငါကော အမြင်မတော်တာပဲဖြစ်ဖြစ်၊ အကြားမတော်တာပဲ ဖြစ်ဖြစ် ဘာမှ ဝင်မပြောတော့ဘူး … ပြီးတော့ ချိုကုပ်ဒူးကြီးနဲ့ ကင်းကင်းနေကြမယ်။ ဘယ်လိုလဲ။

ဖိုးရှုပ်။     ။ ဟာ ဒီလိုတော့ ဘယ်ဖြစ်ပါ့မလဲ။ ထွေရာလေးပါး ကဏ္ဍ ပျောက်သွားမှာပေါ့။

ကြွက်စုတ်။     ။ ဦးရုက္ခစိုး ပြောတာ ဟုတ်တော့ဟုတ်တယ်။ ကျနော်တို့လည်း အတည်အတန့် နေဖို့ကောင်းပြီထင်တယ်။ ခပ်တည်တည်နဲ့ နေမှ လူလေးစားမယ် မဟုတ်လား။

ကြွက်စုတ်က သူ၏ ပြောင်ချော်ချော်မျက်နှာကို ခပ်တည်တည် နေပြလေရာ တည်သည့်ပုံမပေါက်ဘဲ စပ်ဖြဲဖြဲ ဖြစ်သွား လေသည်။ ထိုသို့ ပုံမကျ ပန်းမကျ ဖြစ်သွားသည့် ကြွက်စုတ်ကို မြင်တွေ့နေရသော်လည်း ကျွန်ုပ်မှာ မရယ်နိုင်ပေ။ သူတို့ပြောနေသည့် ပုံဆိုလျှင် ကျွန်ုပ်အတွက် ကုန်ကြမ်းများ ရှားသည်ထက် ရှားပေတော့မည်။ ထိုသို့ ရှားသွားလျှင် ကျွန်ုပ်၏ ထမင်းအိုးကို ရိုက်ခွဲသည်နှင့် အတူတူပင်ဖြစ်တော့မည်။ နောက်ဆက်တွဲ အနေဖြင့် မဒမ်တာတေ၏ မဲ့ရွဲ့ ဆူဆောင့်သံများကို နားမခံသာအောင် ကြားရတော့မည်။ စဉ်းစားရုံဖြင့် ကျောချမ်းမိပါ၏။

ဖိုးရှုပ်။     ။ ဒါဆို ဦးရုက္ခစိုး ဆိုလိုတာက ကျနော်တို့အားလုံး အမြင်မတော်တာတွေ ဝင်မပြောတော့ဘဲ မသိချင်ယောင်ဆောင်၊ မကြားချင်ယောင်ဆောင်ကြမယ်ပေါ့ ဟုတ်လား။

ရုက္ခစိုး။     ။ အေးလေကွာ … ဒါမှ ရုက္ခစိုးအသစ်၊ ဖိုးရှုပ် အသစ်၊ ကြွက်စုတ်အသစ် ဖြစ်တော့မှာပေါ့။ နှစ်သစ်မှာ ငါတို့ရဲ့ ပုံစံတွေလည်း အသစ် အသစ် ….။

ဦးရုက္ခစိုး စကားမဆုံးခင် “အဟမ်း အဟမ်း” ဆိုသည့် ချောင်းဟန့်သံ တချက်နှင့်အတူ ကျွန်ုပ်၏ မဟာ ဇာတ်လိုက်ကျော် ချိုကုပ်ဒူးကြီး ဆိုင်ဝတွင် ဘွားခနဲ ပေါ်လာလေရာ … ထို ၂ ယောက်တပါးနှင့် ချိုကုပ်ဒူးကြီး၏ တွေ့ဆုံခန်းကို ကျွန်ုပ် အလွန့်အလွန် စိတ်ဝင်စားမိသွားလေသည်။

ရုက္ခစိုး။     ။ ဟာ … ချိုကုပ်ဒူးကြီးပါလား။ အသံမကြား ဘာမကြားနဲ့ … ချင်းမိုင်ကို ဘယ်တုန်းက ရောက်နေတာလဲဗျ။

ကြွက်စုတ်က ဖိုးရှုပ်ကို လက်ကုတ်ကာ “ခပ်တည်တည်နေ” ဟု ကြိတ်ပြောလိုက်သံ ကြားလိုက်ရသည်။

ချိုကုပ်။     ။ အဲဇလုံနဲ့ လိုက်လာတာလေ။ မနေ့ကရောက်တယ်။ ဦးရုက္ခစိုးတို့ကို လိုက်ရှာနေတာ။ ဒီဆိုင်ဘက် သွားတယ်ဆိုလို့ လိုက်လာတာ ..။

ဖိုးရှုပ်။     ။ ကျနော်တို့ကို လိုက်ရှာတာ ဘာလုပ်ဖို့လဲ။

ချိုကုပ်။     ။ ၂၀၁၀ အနှစ်ချုပ် ပြန်လည် စမြုံ့ပြန်ရင်း ကျုပ်ရဲ့ နှစ်သစ် သန္နိဋ္ဌာန်ကို ပြောချင်လွန်းလို့ပါဗျာ …။

ကြွက်စုတ်။     ။ ဟာ … ချိုကုပ်ဒူးကြီးရဲ့ နှစ်သစ် သန္နိဋ္ဌာန် ဟုတ်လား။

ကြွက်စုတ်က အားတက်သရော ဝင်ပြောရာ ဦးရုက္ခစိုးက “အဟမ်း” ဟု ချောင်းဟန့်ပြရင်း စိတ်မဝင်စားဟန် ဆောင်နေသည်။

ချိုကုပ်။     ။ ခင်ဗျားတို့ ကြည့်ရတာ တမျိုးပဲ။ တခုခုများ လွဲနေသလားလို့။

ဖိုးရှုပ်။     ။ ဒီလိုပါ … ကျနော်တို့က ဒီနှစ်သစ်ကနေစပြီး သူများကိစ္စထဲ ဝင်မပါ၊ ဝင်မရှုပ်တော့ဘူး။ ဘယ်သူ့ကိုမှ အပြစ်တင်တာတွေ၊ သရော်တာတွေ၊ နှိပ်ကွပ်တာတွေ မလုပ်တော့ဘူးလို့ သန္နိဋ္ဌာန် ချထားလို့ပါ။

ချိုကုပ်။     ။ ဟာ … ဒီလိုဆို ကောင်းတာပေါ့ဗျာ။ မဟုတ်ရင် ကျုပ်က ခင်ဗျားတို့ကိုပဲ ကြောက်နေရတာလေ။ အခုလို ဝင်မပါဘူးဆိုတော့ ကျေးဇူးပါပဲ။ ပြောမယ်နော် … ၂၀၁၀ ပြည့်နှစ် … ဒီနှစ်ထဲမှာပေါ့ဗျာ … ကျုပ်ကြိုတင်ကြံစည်ထားတဲ့ အကြံအစည်တွေကို အကောင်အထည် ဖော်နိုင်ခဲ့တာ ခင်ဗျားတို့ အမြင်ပဲ ဟုတ်တယ်မဟုတ်လား။

ကြွက်စုတ်။     ။ ရွေးဂေါက်ပွဲ ကျင်းပခဲ့တာကို ပြောချင်တာလား။

ချိုကုပ်။     ။ ဒါတင် ဘယ်ကမလဲ … ကျုပ်ရဲ့ ချိုကုပ်တွေကို လူဝတ်လဲပြီး ကြံ့ဖွံ့ပါတီကြီးကို ထူထောင်နိုင်ခဲ့တယ်။ အဲဒီ ကြံ့ဖွံ့ပါတီကြီးဟာလည်း လူထုရဲ့ တခဲနက် အားပေးထောက်ခံမှုကြောင့် ၈၀၊ ၉၀ ရာခိုင်နှုန်းတင်မကဘူး … တချို့ နေရာတွေဆို ၁၀၀ ကျော်ရာခိုင်နှုန်းတွေနဲ့ အနိုင်ရခဲ့တယ်။

ဖိုးရှုပ်။     ။ ဟာ … ကြံ့ဖွံ့ကို ဘယ်သူမှ မဲမပေးပါဘူးဗျာ။ ကိုယ့်ဘာသာ ကြိုတင်မဲတွေနဲ့ အနိုင်ယူခဲ့တာကိုများ။

ရုက္ခစိုး။     ။ ဟေ့ကောင် ဖိုးရှုပ်။ မသိချင်ယောင်ဆောင်နေလေကွာ … စတိုင် အသစ်လေ … အသစ်။

ချိုကုပ်။     ။ ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကြီး ရခိုင်ပြည်ကို ဝင်ရောက် တိုက်ခတ်ခဲ့ပေမယ့် ကျုပ်တို့ရဲ့ ရွေးဂေါက်ပွဲကြီးကို ရွှေ့ဆိုင်းစရာ မလိုလောက်အောင် အဘက်ဘက်က ပြည့်ပြည့်စုံစုံ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ကြွက်စုတ်။     ။ ဒုက္ခသည်တွေကြားမှာ အတင်းအကျပ် ကျင်းပပြီးတော့များ။ နောက်ပြီး အဲဒီဘက်မှာတော့ ခင်ဗျားတို့ မနိုင်ပါဘူးဗျာ။

ကြွက်စုတ်ကိုတော့ ဦးရုက္ခစိုးက အသံထွက် ဟန့်တားချိန်မရလိုက်သဖြင့် မျက်နှာရိပ် မျက်နှာကဲဖြင့်သာ သတိပေးလိုက် လေသည်။

ချိုကုပ်။     ။ အဲဒီဘက်တွေမှာ ကျနော်တို့ မနိုင်ဘူးဆိုတာ မှန်ပါတယ်။ ဒီလို ဘာကြောင့် မနိုင်တာလဲဆိုတော့ တိုင်းရင်းသား ပါတီတွေက မဲခိုး၊ မဲဝယ်တာတွေ လုပ်လို့ပါ။ ဒါတွေကိုလည်း အမြန်ဆုံး စုံစမ်းဖော်ထုတ်ဖို့ အခု တရားစွဲဆိုဖို့ လုပ်နေပါတယ်။

ရုက္ခစိုး။     ။ သူခိုးက လူပြန်ဟစ်တာပေါ့နော်။

ဖိုးရှုပ်။     ။ ဟာ … ဦးရုက္ခစိုး … အသစ်လေ … စတိုင်သစ်နဲ့ နှစ်သစ်ကို ကြိုမယ်ဆို။

ရုက္ခစိုး။     ။ အသစ်တော့ အသစ်ပေါ့ကွာ … ဒါပေမယ့် …။ အေးလေ … ငါ ထိန်းပါ့မယ်။

ချိုကုပ်။     ။ ၂၀၁၀ အတွင်းက ကျုပ်ရဲ့ အောင်မြင်မှုတွေကတော့ ပြောနေရင် ဆုံးတော့မှာ မဟုတ်ဘူးဗျ။ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်တွေကိုလည်း လုပ်ငန်းတော်တော်များများ လွှဲပြောင်းပေးအပ်နိုင်ခဲ့တယ်။ မြန်မာလူမျိုးတွေ ကြီးပွားပါစေ ဆိုတဲ့ စေတနာနဲ့ပေါ့။

ဖိုးရှုပ်။     ။ သူခိုးသေဖော်ညှိတွေနဲ့ …၊ ချိုကုပ်တွေကို ကပ်ဖားရပ်ဖားလုပ်နေတဲ့ စီးပွားရေးသမားနည်းနည်းရယ်၊ ချိုကုပ်တွေရဲ့ ဆွေမျိုးတွေရယ်ကို ပိုချမ်းသာအောင် လုပ်ပေးတာများဗျာ။

ဒီတခါတွင်တော့ ဖိုးရှုပ်ကို ဘယ်သူမှ ဝင်မဟန့်တော့ပေ …။

ချိုကုပ်။     ။ ကျန်သေးတယ် …။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျုပ် လွှတ်ပေးတယ်နော်။ ဒါ အားလုံး တောင့်တနေ ကြတာမဟုတ်လား။

ကြွက်စုတ်။     ။ လွတ်ရက်စေ့သွားပြီး ဆက်ဖမ်းထားလို့ မရတော့လို့ လွှတ်ပေးတာပါဗျာ။ ရာဂုအိုးကြီးမှောက်ကျမှ ရွှေစည်းခုံ စေတီကို လှူတာများ စကားထဲ ထည့်ပြောနေသေးတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေ တခြားနိုင်ငံရေး အကျဉ်းသားထဲက အရေးကြီးတဲ့သူတွေကိုတော့ ခင်ဗျား လွှတ်ပေးလား။

ကြွက်စုတ်အသံက ဒေါသသံ ပါနေသော်လည်း ဘယ်သူကမှ မတားလိုက်ကြ။

ချိုကုပ်။     ။ ကဲ … ပြောရင်တော့ သိပ်များသွားလိမ့်မယ်။ စာမျက်နှာက သိပ်မရဘူးမဟုတ်လား။ လာမယ့် နှစ်သစ်အတွက် သန္နိဋ္ဌာန်ကို ပြောမယ်ဗျာ။ ကျုပ်အနေနဲ့ အနိုင်ရပါတီကြီးဖြစ်တဲ့ ကြံ့ဖွံ့ပါတီကို အစိုးရသစ်အဖြစ် တင်မြှောက်မယ်။ ကျုပ်တို့ရဲ့ တပ်မတော်ကြီး တာဝန် ကျေတယ် မဟုတ်လား ဦးရုက္ခစိုးရယ်။ အရပ်သားအစိုးရကို ခင်ဗျားတို့ မြင်တွေ့ကြရတော့မယ်။

ဖိုးရှုပ်။     ။ ကြံ့ဖွံ့ဆိုတာလည်း ခင်ဗျားတို့ ချိုကုပ်တွေလူဝတ်လဲထားတဲ့ ချိုကုပ်ပါတီပဲလေ။ အနိုင်ရတယ် ဆိုတာကလည်း အတင်းရအောင်လုပ်ထားတာလေ။

ချိုကုပ်။     ။ လွှတ်တော်ကြီးကိုခေါ်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို အားလုံး ဝိုင်းဝန်း တည်ဆောက် ကြမယ်။ အနာဂတ်မြန်မာနိုင်ငံတော်ကြီးဟာ … လာမယ့် ၂၀၁၁ က စပြီး … လှပ ငြိမ်းချမ်း တည်ငြိမ် ချမ်းသာ …။

ဦးရုက္ခစိုးက စိတ်ဆိုးမာန်ဆိုးဖြင့် “ဝုန်း” ခနဲ ထိုင်ရာက ထလိုက်ရာ အားလုံး လန့်သွားကြသည်။ ကျွန်ုပ်တသက် ဦးရုက္ခစိုး ဒီလောက်ထိ ဒေါပွသည်ကို မမြင်ဘူးပေ။

ရုက္ခစိုးက ဒေါသတကြီးဖြင့် “လျှပ်စစ်မီးမှန်မှာလား၊ ကုန်ဈေးနှုန်း ကျမှာလား၊ ပြည်သူတွေ ဝင်ငွေနဲ့ ထွက်ငွေ မျှတမှာလား၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ငွေတွေပိုသုံးမှာလား …” ဟုမေးလိုက်ရာ ချိုကုပ်ဒူးကြီးက မျက်နှာငယ်လေးနှင့် ခေါင်းခါလေသည်။

ဖိုးရှုပ်။     ။ ဦးရုက္ခစိုး … အသစ်ဆို။ နှစ်သစ်မှာ စတိုင်အသစ်နဲ့ အမြင်မတော်တာတွေ အကြားမတော်တာတွေ ဝင်မပါဘူးဆို။

ကြွက်စုတ်။     ။ သူများကို တွယ်တဲ့အလုပ်၊ နှိပ်ကွပ်တဲ့အလုပ် မလုပ်ဘဲ ညောင်ပင်မြဲတော့မယ်ဆို။

ရုက္ခစိုး။     ။ အေး အသစ်တော့ အသစ်ပဲ။ နှစ်သစ်မှာ စတိုင်အသစ်နဲ့ … ဟောဒီ ချိုကုပ်ဒူးကြီးနဲ့ ချိုကုပ်တွေကို ပိုနှိပ်ကွပ်မယ်၊ စတိုင်အသစ်နဲ့ ဟောဒီလို ….။

ပြောပြောဆိုဆို ဦးရုက္ခစိုးက ချိုကုပ်ဒူးကြီးကို “ဖြောင်း” ခနဲ နားရင်းပိတ်တီးလိုက်ရာ ချိုကုပ်ဒူးကြီးမှာ ရှောင်ချိန်မရလိုက်ဘဲ မျက်လုံးထဲတွင် ကြယ်များ အတန်းလိုက် ထွက်သွားသဖြင့် သူ၏ နှစ်သစ်သန္နိဋ္ဌာန်ကြီးကို မဆက်နိုင်ဘဲ ဆန့်ငင် ဆန့်ငင် ဖြစ်နေလေတော့သည်။

ကျွန်ုပ်လည်း ထမင်းအိုး မကွဲတော့သည်မှာ သေချာသွားပြီ ဖြစ်သောကြောင့် နှစ်သစ်တွင် ဒေဝါလီမဂ္ဂဇင်းက စာမူခ အသစ် ထပ်တိုးတောင်းမည် ဆိုသည့် ဆုံးဖြတ်ချက်ကို မနှေးအမြန်ချလိုက်လေတော့သတည်း။     ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: