လမ်းပိတ်ထားခြင်းကြောင့် ကုန်ဈေးနှုန်းထိုးတက်

December 29th, 2010

လရီထော – လွတ်လပ်သောမွန်သတင်းအေဂျင်စီ

ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းကို ကေအဲန်ယူတပ်တို့မှ ပိတ်ထားသည့်နောက်ပိုင်း ဘုရားသုံးဆူမြို့ပေါ်ရှိ ကုန်ဈေးနှုန်းများ မြင့်တက်လာသည်ဟု မြို့ခံတွေက ပြောသည်။

“အခုဆို ကုန်ဈေးနှုန်းတွေတော့ တက်နေပြီး အထူးသဖြင့်တော့ ကြက်သွန်နီ ကြက်သွန်ဖြူတွေ တက်တယ်၊ ဘာလို့လဲဆိုတော့ အဲဒါတွေက ထိုင်းက ဝင်လာတာ မကြိုက်ကြဘူး၊ ဗမာပြည်ကလာတဲ့ဟာကိုပဲ စားသုံးတာများတယ်၊ တခြားဟာကျတော့ တက်တော့ တက်တယ် သိပ်မများဘူး၊ ကြာလာရင်တော့ ဒီ့ထက်ပိုတက်မှာ” ဟု ဘုရားသုံးဆူမြို့ပေါ်ရှိ ကုန်စုံဆိုင်ရောင်းသူတစ်ဦးက ပြောသည်။

လက်ရှိကြက်သွန်ဈေးသည် ယခင်ကထက် ထက်ဝက်ကျော်တက်သွားပြီး ယခင်က တစ်ကီလို ၂၃ ဘတ်ရှိသည်ကို ယခုမှာ တစ်ကီလို ၄၀ ဘတ်ကျော် တက်သွားသည်။ ထိုင်းမှ ဝင်လာသည့် ကြက်သွန်ဈေးသည် တစ်ကီုလိုလျှင် ဘတ် ၂၀ ကျော်သာရှိသော်လည်း စားသုံးသူမရှိကြောင်း ၄င်းဆိုင်ပိုင်ရှင်က ပြောသည်။

“စားသောက်ကုန်တွေတော့ အကုန်တက်နေတယ်၊ လမ်းသာ ဆက်ပိတ်သွားမယ်ဆိုရင် ဒီ့ထက်ပိုတက်မယ်၊ ဆန်ကတော့ သိုလှောင်ထားတဲ့ လက်ကျန်ဆန်ကိုပဲ ရောင်းနေတယ် အခု၊ ဆန်ဈေးကတော့ သိပ်တော့မတက်သေးဘူး” ဟု ဘုရားသုံးဆူမြို့ခံ ဆန်ကုန်သည်တစ်ဦးက ပြောသည်။

လက်ရှိဘုရားသုံးဆူမြို့ပေါ်မှာ ပရိဘောဂလုပ်ငန်းအပါအဝင် အလုပ်ရုံးတစ်ချို့ ပိတ်ထားလိုက်ခြင်းအပေါ် နေ့စားအလုပ်သမားများ အခတ်ကြုံနေရသည့်အပြင် ကုန်ဈေးနှုန်းပါ တက်နေတာကြောင့် အခက်အခဲကြုံတွေ့နေကြသည်။

“နေ့စားအလုပ်သမားတွေ အလုပ်မရှိတော့ ကျမတို့လို ဈေးသည်တွေကိုလည်း လာထိခိုက်တယ်၊ ဈေးရောင်းမကောင်းဘူးပေါ့၊ ကြားမှာ လမ်းပိတ်လိုက်တော့ ပစ္စည်းအတင်အချမရတော့ ဈေးနှုန်းက တက်လာပြန်” ဟု ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

ပိတ်ထားသည့် ကားလမ်းကို ဒီဇင်ဘာလအကုန်မှာ ကေအဲန်ယူဘက်မှ ပြန်လည်ဖွင့်လှစ်ပေးမည်ဟု သတင်းထွက်ပေါ်နေသော်လည်း သေချာမှုမရှိဟုလည်း မြို့ခံတွေက ပြောဆိုနေသည်။

ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး ရေလမ်းကို စစ်အစိုးရတပ်တို့မှ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ပိတ်ထားလိုက်ပြီးနောက် ကေအဲန်ယူဘက်ကလည်း ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းကို ရက်အကန့်အသတ်မရှိ ထပ်မံပိတ်ပြစ်လိုက်သည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တဝိုက်တွင် နအဖတပ်နှင့် ကေအဲန်ယူတို့အကြား စစ်ရေးတင်းမာမှုရှိနေတာကြောင့် နအဖမှ လမ်းခရီးပိတ်လိုက် ကေအဲန်ယူမှ ပြန်ပိတ်လိုက်ခြင်းကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်နေရသလို ခရီးသွားများလည်း အခက်အခဲနှင့် ကြုံတွေ့နေရသည်ဟု ကုန်သည်တို့က ပြောသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: