ထားဝယ်ဆိပ်ကမ်းကြောင့် ဒေသခံလူထုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဖွယ်ရှိ

ဘသန့် Thursday, 30 December 2010 17:25 – ဧရာဝတီ

E-mail Print

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် တနင်္သာရီဒေသ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ကြုံတွေ့ရဖွယ်ရှိကြောင်း သိရသည်။

htar-wel-port-01ထားဝယ်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း စတင်ရန် ပြင်ဆင်နေသည့် မြင်ကွင်း

ရေနက်ဆိပ်ကမ်းစီမံကိန်း ဧရိယာအတွင်း ကျရောက်လျက်ရှိသော တနင်္သာရီတိုင်း ရေဖြူနှင့် လောင်းလုံမြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာမှ လူပေါင်း ၃ သောင်းကျော် ရွှေ့ပြောင်းပေးရဖွယ် ရှိနေသော်လည်း အာဏာပိုင် များက မည်ကဲ့သို့ တာဝန်ယူဖြေရှင်းပေးမည်ကို ယခုအချိန်အထိ အကြောင်းမကြားသေးပေ။

စီမံကိန်း ဆောက်လုပ်ခွင့်ရ Italian-Thai Development Public Company ကုမ္ပဏီ၏ စာရင်းဇယားများအရ အဆိုပါ စီမံကိန်းသည် စတုရန်းမိုင် ၁၀၀ ခန့် (၂၅၀ စတုရန်းကီလိုမီတာ) ကျယ်ဝန်းမည်ဟု သိရသည်။

အရှေ့တောင်အာရှတွင် အကြီးဆုံး အထူး စီးပွားရေးဇုန်ဖြစ်လာမည်ဟု ဆိုသော ထားဝယ်ဖွံ့ဖြိုးရေး စီမံကိန်း စတင်ရန် အစိတ်အပိုင်း အများအပြားတွင် ပြင်ဆင်ပြီးပြီ ဖြစ်သော်လည်း ထိုဧရိယာအတွင်း ကျရောက်နေသော ကျေးရွာများကို မည်သည့်နေရာသို့ ရွှေ့ပြောင်းမည်၊ သိမ်းယူမည့် ဥယျာဉ်ခြံမြေများကို လျော်ကြေးငွေ မည်မျှပေးမည် စသည့် အကြောင်းအရာ များနှင့် ပတ်သက်၍မူ မည်သို့သော တရားဝင် သတင်းစကားမျှ ကြားရခြင်းမရှိသေးကြောင်း ဒေသခံများက ပြောကြသည်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ မောင်းမကန် မြောက်ဘက်တွင် တည်ဆောက်မည့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ထိုင်းနိုင်ငံ အခြေစိုက် Italian-Thai Development ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၈. ၆ ဘီလီယံ ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ သံမဏိစက်ရုံများ၊ ရေနံသန့်စင်ချက်လုပ်ရေး စက်ရုံများ၊ ကားလမ်းနှင့် ရထားလမ်းများ ပါဝင်မည်ဖြစ်ကြောင်းနှင့် ခန့်မှန်းကုန်ကျငွေ စုစုပေါင်း ဒေါ်လာ ၁၀၀ ဘီလီယံအထိ ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို လာမည့် ဇန်န၀ါရီတွင် စတင်မည်ဟု မြန်မာဆိပ်ကမ်းအာဏာပိုင်များက ပြောဆိုသော်လည်း ဒီဇင်ဘာလကုန်သည်အထိ စီမံကိန်း ဧရိယာအတွင်း ကျရောက်နေသော ထားဝယ် ဒေသခံများကို စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းစွာ အသိပေးခြင်း မရှိသေးကြောင်း ကြားသိရသည်။

သို့သော် Italian-Thai ကုမ္ပဏီမှ တာဝန်ရှိသူ Mr. Anan ကမူ “ကျနော်တို့ ဒေသခံ ရွာသားတွေနဲ့ ညှိနှိုင်းနေပါတယ်” ဟု The International Herald Tribune သတင်းစာကို ပြီးခဲ့သော နိုဝင်ဘာလက ပြောဆိုခဲ့သည်။

ဒေသခံအများစုမှာ ပြောင်းရွှေ့ရမည်ကို သိထားကြကြောင်း၊ မြေနေရာ ပြန်ပေးမည်ဟု အားလုံးက မျှော်လင့်နေကြကြောင်း၊ စီမံကိန်းအစပြုခါစ ပရောဂျက်များအရ ဒေသခံများမှာ လတ်တလော ပြောင်းရွှေ့ရန် မလိုအပ်သေးကြောင်း ဆိပ်ကမ်း အာဏာပိုင် အရာရှိ တဦးက ပြောသည်။

“ဒေသခံတွေကတော့ မိရိုးဖလာ လုပ်ငန်းတွေ ပုံမှန်ပဲ ဆက်လုပ်နေတယ်။ နှစ်တို သီးနှံတွေ စိုက်တာပေါ့။ ရော်ဘာ တို့လို နှစ်ရှည်ပင်တွေကိုတော့ တော်တော်များများက ပစ်ထားလိုက်ပြီ” ဟု ၎င်းကဆိုသည်။

ဥယျာဉ်ခြံလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်၍ အဓိက အသက်မွေးဝမ်းကြောင်းပြုရာ နဘုလယ်အမည်ရှိ ထားဝယ် ဆိပ်ကမ်း ဆောက်လုပ်မည့် ဒေသတွင် ယခုအခါ ယခင်ကာလများက ကဲ့သို့ တိတ်ဆိတ် မနေတော့ဘဲ စီးပွားရေးသမားများ၊ စီမံကိန်း တည်ဆောက်မည့် Italian-Thai ကုမ္ပဏီမှ ထိုင်းနိုင်ငံသားများဖြင့် စည်ကားနေသည်ဟု သိရသည်။

“ရွာထဲမှာ အရင်ကလိုမဟုတ်တော့ဘူး။ အသွားအလာ အရမ်းများလာပြီ။ အိမ်လိုက်ဝယ်တဲ့ သူတွေ၊ သူဌေးတွေနဲ့ ရှုပ်နေတာပဲ” ဟု ထားဝယ်မြို့နယ် မောင်းမကန် ဒေသခံ တဦးက ပြောသည်။

အဆိုပါ ဒေသခံ၏ ကျေးရွာမှာ စီမံကိန်းဧရိယာအတွင်း ကျရောက်ခြင်းမရှိသဖြင့် ခြံကွက်များ၊ မြေကွက်များ ၀ယ်ယူရန် လာရောက် စုံစမ်းခြင်းဖြစ်ပြီး စီမံကိန်း ဧရိယာအတွင်း ကျရောက်လျက်ရှိသော ကျေးရွာများတွင်မူ အရောင်းအ၀ယ် မရှိကြောင်း သိရသည်။

ထားဝယ် အိမ်ခြံမြေဈေးများသည် အဆများစွာ မြင့်တက်သွားခဲ့ပြီး အများစုမှာ ဘဏ်များ၊ ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်ရန် ဖြစ်ကြောင်း စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်များ အများဆုံး လာရောက် စုံစမ်းကြောင်း ထားဝယ်ဒေသခံ လုပ်ငန်းရှင် တဦးက ဆိုသည်။

ထားဝယ် ရေနက်ဆိပ်ကမ်း ဆောက်လုပ်မည့် အဓိက နေရာဖြစ်သော နဘုလယ်-ထားဝယ်လမ်းသည်လည်း ယခင်ကဲ့သို့ ကျောက်ကြမ်းလမ်း မဟုတ်တော့ဘဲ ၂၀၁၀ နိုဝင်ဘာလမှ စတင်၍ မြေနီလမ်းချော အဖြစ် ပြုပြင်ပြီး ဖြစ်သည်။

ထားဝယ်မြို့ပေါ်ရှိ အချက်အချာကျ လမ်းမကြီးများတွင် မျက်နှာဖွင့် တပေလျှင် ကျပ် သိန်း ၁၅၀ မှ ၂၀၀ အကြား ခေါ်ဈေး ရှိနေပြီး ထားဝယ်မြို့ပေါ်ရှိ ဟိုတယ် ဆောက်လုပ်ရန် ကောင်းမွန်သော ၁ ဧက ကျော် ကျယ်ဝန်းသည့် ခြံမြေမှာ ကျပ် သိန်း ၁ သောင်းခွဲအထိခေါ်ဈေးရှိကြောင်း သိရသည်။

htar-wel-port-02ထားဝယ်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကို အပေါ်စီးမှ ဤအနေအထားအတိုင်း မြင်တွေ့ရမည်ဖြစ်သည်

အဆိုပါ ဈေးနှုန်းမှာ ယခင်က တခါမှ မကြားဘူးသော ဈေးဖြစ်ကြောင်း၊ ထားဝယ်ဒေသတွင် ယခင်က ဈေးနှုန်းထက် ၃ ဆခန့် မြင့်တက်သွားခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“ကုမ္ပဏီတွေကတော့ မျက်နှာဖွင့်ကျယ်တာကို ပိုလိုချင်ကြတယ်။ ဒါကြောင့် ထားဝယ်ကနေ အဲဒီဒေသကို သွားတဲ့ လမ်းတလျှောက် ခြံတွေကို လိုက်မေးနေကြတယ်။ စီမံကိန်း ဧရိယာထဲပါတဲ့ ခြံတွေကတော့ တဧကကို သိန်း ၁၀၀ ကျော်လောက်ပဲ ခေါ်ဈေးရှိတယ်” ဟု ၎င်းကဆိုသည်။

၁၀ နှစ်စီမံကိန်းချကာ ဆောင်ရွက်မည့် ထားဝယ် ရေနက်ဆိပ်ကမ်းတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ၊ သံမဏိ စက်ရုံ၊ ဓာတ်မြေသြဇာ စက်ရုံ၊ သင်္ဘောကျင်း၊ ရေနက်ဆိပ်ကမ်း စသည်တို့ ပါဝင်သော အကြီးစား စက်မှုဇုန် (A)၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ရေနံဓာတု စက်ရုံများ ပါဝင်သော အကြီးစားစက်မှုဇုန် (B)၊ အလတ်စားစက်မှုဇုန် (C) နှင့် (D)၊ အပေါ့စား စက်မှုလုပ်ငန်းများအတွက် ဇုန် (E) နှင့် မြို့ပြအတွက် ဇုန် (F)တို့ ပါဝင်မည်ဖြစ်သည်။

၎င်းအပြင် ထိုင်းနိုင်ငံ ကန်ချနဘူရီ – ထားဝယ် အဝေးပြေးလမ်း၊ မီးရထားလမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ Transmission Line များပါဝင်မည်ဖြစ်သည်။

ထိုအထူးစီးပွားရေးဇုန်တည်ဆောက်ရန် အတွက် သဘောတူညီချက်ကို ရွေးကောက်ပွဲကျင်းပ ရန် ၅ ရက် အလို နိုဝင်ဘာ ၂ ရက်နေ့က ထိုင်းနှင့်မြန်မာ အစိုးရတို့ လက်မှတ် ရေးထိုးခဲ့ကြသည်။

ဥရောပနှင့် အင်ဒိုချိုင်းနားကို ဆက်သွယ်ရန် ဖြတ်လမ်းဖြစ်လာပြီး စင်ကာပူထက်သာမည်ဟု ဆိုထားသော ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း၏ အရေးပါပုံ၊ အဆိုပါစီမံကိန်းကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်လာနိုင်ပုံတို့ကို မီဒီယာအများစုက မီးမောင်းထိုး ရေးသားကြသော်လည်း ဒေသခံများ၏ နစ်နာမှုအတွက် မည်သို့ ဆောင်ရွက် ပေးသင့်သည်ကိုမူ ရေးသားဖော်ပြခြင်းများ မတွေ့ရပေ။

“ရွေးကောက်ပွဲ မတိုင်ခင် ကြံ့ဖွံ့ပါတီ မဲဆွယ်တုန်းက ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ဒေသဘယ်လို အကျိုးဖြစ်ထွန်း လာမယ် ဆိုပြီးတော့ပဲ ပြောတယ်။ ဒီလို ဆုံးရှုံးမှုတွေ ဖြစ်လာရင် ဘယ်လို လုပ်ပေးမလဲဆိုတာတော့ မပြောဘူး” ဟု ထားဝယ်မြို့နယ် သစ်တိုထောက်ကျေးရွာမှ ဒေသခံတဦးက ဆိုသည်။

ထိုင်းနိုင်ငံ အပါအ၀င် လူ့အခွင့်အရေးကို လေးစားသော တခြားနိုင်ငံများတွင် ထိုကဲ့သို့ အကြီးစားစီမံကိန်းများ ချမှတ် ဆောင်ရွက်မည်ဆိုပါက ဒေသခံများကိုရှင်းပြ ညှိနှိုင်းကာ ရွှေ့ပြောင်းပေးရမည့် သူများကို ထိုက်တန်သော လျော်ကြေးများ ပေးခြင်း၊ နေရာချထားပေးခြင်းတို့အား အလေးထား ပြုလုပ်ကြသော်လည်း ယခုအနေအထားတွင် ထိုကဲ့သို့သော အနေအထားမတွေ့ရ ကြောင်း ဒေသခံများ၊ ထားဝယ်မြို့ခံ ရပ်ရွာအဖွဲ့အစည်း ခေါင်းဆောင်များက ပြောကြားကြသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ဒေသခံများ ဆုံးရှုံးနစ်နာမှုများ ရှိလာမည် ဖြစ်သကဲ့သို့ မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်း တလျှောက်တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု များစွာ ကြုံတွေ့ရမည်ဖြစ်ကြောင်း ပညာရှင်များက ပြောသည်။

“ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန် စီမံကိန်းကြီးကြောင့် မြိတ်ကျွန်းစုနဲ့ တနင်္သာရီကမ်းရိုးတန်း တလျှောက် ပင်လယ်ပြင်မှာ သဘာဝ ပတ်ဝန်းကျင် ဆိုးဆိုးရွားရွား ပျက်စီးဖို့ရှိတယ်။ ပင်လယ်ရေနေ သတ္တ၀ါတွေ မျိုးသုဉ်းပျက်စီးတဲ့အထိ မဖြစ်မနေကြုံရမယ်” ဟု တနင်္သာရီတိုင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

အဆိုပါ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်း၏အဆိုအရ စစ်အစိုးရသည် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက် ရေးစီမံကိန်း အကောင်အထည်ဖော်ရန် ထိုင်းကုမ္ပဏီနှင့် လက်မှတ်ရေးထိုးပြီးသည်အထိ စီမံကိန်းတွင် သဘာဝပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းရေး စီမံချက်များ ထည့်သွင်းထားခြင်း မရှိကြောင်း သိရသည်။

ကီလိုမီတာ ၃၀၀၀ ရှည်သော မြန်မာ့ပင်လယ် ကမ်းရိုးတန်းတွင် တနင်္သာရီတိုင်း ပင်လယ်ကမ်းရိုးတန်းသည် ကီလိုမီတာ ၁၂၀၀ ရှည်လျားကြောင်း၊ ယင်းကမ်းရိုးတန်း တလျှောက်တွင် ကြည်လင်သန့်ရှင်းသော ရေနှင့် ရေနေသတ္တ၀ါ မျိုးကွဲပေါင်း များစွာဖြင့် မပျက်စီးသေးသော သဘာဝပတ်ဝန်းကျင် ရှိသည့်အတွက် နိုင်ငံတကာ အဏ္ဏ၀ါသိပ္ပံ အဖွဲ့အစည်းများကြားတွင် ထင်ရှားသော ကမ်းရိုးတန်းတခုဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ပညာရှင်များက ဆိုသည်။

တနင်္သာရီ ပင်လယ်ကမ်းရိုးတန်းတွင် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက်ရေး စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ အကြီးအကျယ် ပျက်စီးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အဏ္ဏ၀ါသိပ္ပံအသင်းမှ ပညာရှင်တဦးက သုံးသပ်သည်။

အငြိမ်းစား အဏ္ဏ၀ါသိပ္ပံ ပါမောက္ခတဦးကလည်း “ဒီရေတောနဲ့ သန္တာကျောက်တန်းက ရေနေသတ္တ၀ါ မျိုးစိတ်ပေါင်း မြောက်မြားစွာအတွက် အင်မတန်မှ အရေးကြီးတဲ့ နေရာတွေပဲ။ ဒီရေတောနဲ့ သန္တာကျောက်တန်းဆိုတာ ရေသတ္တ၀ါ တွေအတွက် မွေးဖို့၊ စားဖို့၊ ရှင်သန်နေထိုင်ဖို့၊ သဘာဝပတ်ဝန်းကျင် သန့်ရှင်းဖို့ အင်မတန်မှ မရှိမဖြစ် လိုအပ်တဲ့ ပတ်ဝန်းကျင်ပဲ။ ဒါတွေပျောက်ကွယ်သွားရင် ရေနေသတ္တ၀ါတွေလည်း ရှင်သန်ရပ်တည်မှု မဖြစ်နိုင်ဘူး။ ဂေဟစနစ်ပျက်ယွင်းသွားမယ်” ဟု ပြောသည်။

တနင်္သာရီ ကမ်းရိုးတန်းရှိ ကျွန်းပေါင်း ၈၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော မြိတ်ကျွန်းစုတွင် သန္တာကျောက်တန်းပေါင်း ၆၀၁ ခု တွေ့ရှိထားပြီး သုတေသန မလုပ်ရသေးသော သဘာဝပတ်ဝန်းကျင် များစွာကျန်ရှိနေသေးရာ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် သန္တာကျောက်တန်း မျိုးစိတ်ပေါင်းများစွာ ပျက်သုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းတွင် တောင်ပိုင်းဆိပ်ကမ်းနှင့် မြောက်ပိုင်းဆိပ်ကမ်းဟူ၍ ဆိပ်ကမ်းနှစ်ခု ပါဝင်မည်ဖြစ်ပြီး
တန်ချိန် ၂၀၀၀၀ မှ ၅၀၀၀၀ အထိ ကုန်တင် သင်္ဘောကြီး ၂၅ စင်း တပြိုင်တည်း ဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း၊ ထိုဆိပ်ကမ်းနှစ်ခုမှ တနှစ်လျှင် ကုန်ပစ္စည်း မက်ထရစ်တန်ချိန် သန်း ၁၀၀ နီးပါး အတင်အချပြုလုပ်နိုင်မည်ဟု စစ်အစိုးရပိုင် သတင်းစာများက ရေးသားသည်။

“သင်္ဘောတွေက စွန့်ပစ်မယ့် စက်သုံးဆီ အညစ်အကြေးကလည်း သဘာဝပတ်ဝန်းကျင်အတွက် အတော်ကို ဖြေရှင်းရခက်မယ့် ပြသနာတရပ်ဖြစ်လာမယ်” ဟု သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်း (FREDA) မှ ၀န်ထမ်းတဦးက ပြောသည်။

ရေနက်ဆိပ်ကမ်းအပြင် စတုရန်းကီလိုမီတာ ၂၅၀ ကျယ်ဝန်းသော စက်မှုဇုန်နယ်မြေများ ပါဝင်ပြီး မြေဧရိယာ ၂၀.၉ စတုရန်းကီလိုမီတာရှိ အကြီးစားစက်မှုဇုန်နှစ်ခု၊ မြေဧရိယာ ၆၅.၁ စတုရန်းကီလိုမီတာရှိ အလယ်အလတ် အကြီးစား စက်မှုဇုန်တခု ပါဝင်နေသည်။

စီမံကိန်းတွင် မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်နိုင်သော လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်ဖြစ်ပြီး ရေထုထည်ပမာဏ ကုဗမီတာ ၂၁၉ သန်း သိုလှောင်နိုင်သည့် ရေလှောင်တမံ တည်ဆောက်ကာ တရက်လျှင် ရေကုဗမီတာ ၉၇၅၀၀၀ ထုတ်လုပ် နိုင်သော ရေသန့်စက်ရုံ တည်ဆောက်ဖြန့်ဖြူးမည့် အစီအစဉ်များလည်း ပါရှိသည်ဟု စစ်အစိုးရက သတင်းထုတ်ပြန်ထားသည်။

“သံမဏိစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ လျှပ်စစ်ဓာတ်အားစက်ရုံ၊ ရေပေးဝေတဲ့ စက်ရုံတွေနဲ့ စက်မှုကုန်ထုတ်စက်ရုံတွေ တော်တော်များများ ပါမယ့်အခြေအနေရှိတော့ ထွက်လာမယ့် စွန့်ပစ်ပစ္စည်းတွေကြောင့် ပျက်စီးမယ့် သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လိုကိုင်တွယ် ထိန်းသိမ်းမလဲဆိုတဲ့ နည်းလမ်းတွေ အခုကတည်းက စဉ်းစားထားသင့်ပြီ” ဟု FREDA ၀န်ထမ်းက ဆက်ပြောသည်။

သဘာဝ ပတ်ဝန်းကျင် ထိခိုက်သည်နှင့်အမျှ တဆက်တည်း ရေရှည်တွင် ဒေသခံများ၏ ကျန်းမာရေး ပြဿနာများ ကြုံတွေ့လာမည်ကို စိုးရိမ်ရကြောင်းလည်း ပညာရှင်များက ပြောကြသည်။

htar-wel-port-03ထားဝယ်ဆိပ်ကမ်း ပြီးသွားပါက ဥရောပနှင့် အင်ဒိုချိုင်းနားကို ရေးလမ်းမှ ဖြတ်လမ်းအတိုင်း ဆက်သွယ်နိုင်မည်ကို ပြသည့် မြေပုံ

ထိုင်းကုမ္ပဏီနှင့် အစိုးရအာဏာပိုင်များအနေဖြင့် အထက်ပါကဲ့သို့သော ကိစ္စရပ်များအတွက် ဒေသခံများနှင့် ဆွေးနွေးသင့် သည်ဟု ၎င်းတို့က ဆိုသည်။

ထိုင်းနိုင်ငံရှိ Map Ta Phut ကဲ့သို့သော စက်မှုဇုန်များတွင် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့လာရခြင်းကြောင့် ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ရေးရာ စည်းမျဉ်း စည်းကမ်းများ တင်းကျပ်ခြင်း မရှိသော မြန်မာနိုင်ငံကို ရေနက်ဆိပ်ကမ်းနှင့် စီးပွားရေးဇုန် ဆောက်လုပ်ရန် ထိုင်းနိုင်ငံက ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံတကာ မီဒီယာများတွင် ရေးသားဖော်ပြကြသည်။

ရေတိုတွင် ကြုံတွေ့ရမည့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများအပြင် ရေရှည်ပြဿနာများဖြစ်သော ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ကိစ္စများ၊ ဖြစ်ပေါ်လာနိုင်သော လူမှုရေး၊ စီးပွားရေး အကျိုးဆက်များနှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းကမျှ လာရောက်ရှင်းပြခြင်း၊ ပညာပေးခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

“ထိုင်းမှာတော့ ဒီလိုစက်မှုဇုန်တွေရှိလို့ ရောဂါ အရမ်းထူတယ်လို့တော့ ပြောသံကြားတယ်။ တခြား ဘာမှတော့မသိဘူး” ဟု နဘုလယ် ဒေသခံ တဦးကပြောသည်။

ပြည်တွင်း စီးပွားရေးပညာရှင်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် တချို့ကလည်း ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင် မြန်မာနိုင်ငံသည် စီးပွားရေး တိုးတက်မှု မဖြစ်မနေလိုအပ်သည်မှာ မှန်ကန်သော်လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်၍ လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောဆိုကြသည်။

“ဒီလိုစက်မှုဇုန်တွေ လာဆောက်ရင် ဖြစ်လာနိုင်မယ့် အကျိုးဆက်ကို တွက်ချက်ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ တိတိကျကျ ချမှတ်ဆောင်ရွက်ဖို့ လိုကိုလိုပါတယ်။ ဒီလိုမှ မလုပ်ဘူးဆိုရင် အခုပြောနေကြသလို မြန်မာနိုင်ငံမှာ လုပ်ချင်တိုင်း လာလုပ်လို့ ရတယ်ဆိုတာ ဖြစ်သွားလိမ့်မယ်” ဟု ပြည်တွင်းစီးပွားရေးပညာရှင်တဦးက သုံးသပ်သည်။

အထူးစီးပွားရေး စက်မှုဇုန်တွင် ပါဝင်မည့် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် မြန်မာကုမ္ပဏီများက ၆၀ ရာခိုင်နှုန်း ကန်ထရိုက်ရရှိထားပြီး စစ်အစိုးရ ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သော ဦးဇော်ဇော်ပိုင်ဆိုင်သည့် Max Myanmar နှင့် ဘိန်းဘုရင် လော်စစ်ဟန်၏သား ဦးထွန်းမြင့်နိုင်ပိုင်ဆိုင်သော Asia World ကုမ္ပဏီတို့က အဓိက လုပ်ပိုင်ခွင့် ရရှိထားကြောင်း ရန်ကုန် စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀န်းမှ သိရသည်။

ဧရာဝတီ သတင်းထောက် အောင်သက်ဝိုင်း ပါဝင်ရေးသားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: