မန္တလေး သမိုင်းဝင် စက်ရှင်တံတားကို ဖြိုဖျက်

ရန်ပိုင် Thursday, 30 December 2010 19:11

E-mail Print

မန္တလေးမြို့၏ သမိုင်းဝင် ရှေးဟောင်း အမွေအနှစ် တခုဖြစ်သည့် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ ခန့်က တည်ရှိခဲ့သော “စက်ရှင်တံတား” ခေါ် “စည်ရှည်တံတား” ကို ဒီဇင် ဘာ ၂၈ ရက်နေ့မှ စတင်ပြီး ဒေသဆိုင်ရာ အာဏာပိုင်တို့၏ အမိန့်အရ စတင်ဖြိုဖျက်နေပြီ ဖြစ်သည်။

oldmandalayမန္တလေးကျုံးအတွင်းမှ တံတားတစင်း။

အဆိုပါ စက်ရှင်တံတားသည် မန္တလေး နန်းတော်မြို့ရိုး၏ အနောက်ဘက်တည့်တည့်တွင် တည်ရှိပြီး စည်ရှည်တံခါးမကြီးနှင့် ကျုံးတဖက်ကို ဆက်သွယ်ပေးထားသည့် မန္တလေးနန်းမြို့၏ နောက်ဆုံးလက်ကျန် ယဉ်ကျေးမှု အမွေအနှစ်တခုဟု ဆိုနိုင်ကြောင်း မန္တလေးမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

“တိုင်းမှူးအမိန့်နဲ့ ဖျက်ခိုင်းတာ။ ဒုတိယ ကမ္ဘာစစ်အတွင်းကတောင် မပျက်ခဲ့ဘူး၊ အခုမှပဲ ပျက်တော့တယ်။ သမိုင်းအမွေအနှစ်တွေလည်း ကုန်ပြီ၊ ပြစရာမရှိတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ရှေးဟောင်းတံတားကို ယခု စစ်အစိုးရလက်ထက်တွင် ပြုပြင်ထိန်းသိမ်းမှု မလုပ်ကြောင်း၊ အင်္ဂလိပ်အစိုးရ လက်ထက်က တံတားကြီး အကောင်းပကတိရှိခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်းက တံတားကြမ်းခင်းများ ပျက်စီးခဲ့သော်လည်း တံတားထိပ်တွင် အုတ်ခုံကြီးများနှင့် လက်ရန်းကြီးများ၊ တိုင်ကြီးများ အကောင်းပကတိ ကျန်ရှိနေသေးကြောင်း အဆိုပါ မန္တလေးမြို့ခံက ဆိုသည်။

၁၈၅၉ ခုနှစ် ရတနာပုံခေတ် မင်းတုန်းမင်းကြီး မန္တလေးနန်းတော် မြို့တည်စဉ်ကတည်းက မြို့ရိုးများနှင့် အရပ်လေးမျက်နှာကို ဆက်သွယ်ထားသည့် တံတားပေါင်း ၆ စင်းရှိရာ အနောက်ဘက်တွင် စက်ရှင်တံတားဟု အများခေါ်တွင်နေသည့် စည်ရှည်တံတားနှင့် အာဠ၀ီတံတား ခေါ် ကြေးမုံတံတား ၂ စင်း ရှိသည်။

စည်ရှည်တံတားနှင့် တံခါးကို ဗေဒင်ကိန်းခန်းအရ ပါပဓာတ်တံခါး “စရေ” ဟူသော ဓာတ်သင့်နံသင့်အရ မြို့တော် အရှည်တည်တံ့စေသော နိမိတ်ဖြင့် ၁၈၅၉ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ပြအိုးနှင့် ပြသာဒ်တိုင်ကူ၍ တံခါးအမည် မော်ကွန်းတိုင် စိုက်ထူခဲ့ကြောင်း မန္တလေးအဘိဓာန်တွင် ဖော်ပြထားသည်။

အာဠ၀ီတံတားကိုလည်း သုတ်သင်ရမည့် ရာဇ၀တ်သားများနှင့် အသုဘများကို မြှုပ်နှံရန် မြို့အတွင်းမှ ထုတ်ယူသည့် တံတား၊ မင်္ဂလာမရှိသည့် တံတားဟု သတ်မှတ်ခဲ့သည်။

မင်္ဂလာအခမ်းအနားများနှင့် မင်းညီမင်းသား၊ ဘုရင်နှင့် မိဖုရားများထွက်သည့် တံခါးကိုမူ ကျော်မိုးတံခါးဟု သမုတ်ခေါ်ဝေါ်သည်။

၁၈၈၅ ခုနှစ် အထက်မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းယူပြီး ကိုလိုနီပြုခဲ့ချိန်မှ စတင်၍ နန်းတွင်းတခုလုံးကို သိမ်းပိုက်ကာ စစ်တန်းလျားများအဖြစ် အသုံးပြုခဲ့သည်။

လွတ်လပ်ရေးရပြီး ၁၉၅၀ ခုနှစ်ခန့်က ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ကျောက်စာဌာနမှ ရတနာပုံခေတ် မန္တလေးနေပြည်တော် အဟောင်းကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုတချို့ ပြုလုပ်နိုင်ခဲ့သည်။

သို့သော် စစ်အစိုးရ စတင် အုပ်ချုပ်ခဲ့သည့် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မန္တလေးနန်းတော်ကို ယခင် ဘုရင်များ လက်ထက် အတိုင်း ရှိစေရန်ဟုဆိုကာ နန်းတော်ရာ နေရာဟောင်းများတွင် အဆောက်အဦးအသစ်များ ဆောက်လုပ်စေခဲ့သည်။

မန္တလေးမြို့နေ သမိုင်းပညာရှင်တဦးဖြစ်သည့် စာရေးဆရာကြီး နတ်မောက်ထွန်းရှိန်က “ဘာကြောင့်လုပ်တယ်လို့တော့ မှတ်ချက်မပေးချင်ဘူး။ ဒါပေမယ့် ရှေးဟောင်းဆိုတော့ ကျနော်တို့ မြတ်နိုးတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဆရာကြီး နတ်မောက်ထွန်းရှိန်သည် ပြီးခဲ့သည့်လအတွင်းကပင် မော်နီတာဂျာနယ်နှင့် မန္တလေးနေ့စဉ် သတင်းစာတွင် အဆိုပါ တံတားကြီးကို ပြုပြင်ထိန်းသိမ်းရန်အတွက် တံတားကြီး၏ သမိုင်းမှတ်တမ်းကို ဓာတ်ပုံများနှင့် တကွ ဖော်ပြရေးသားခဲ့သေးသည်။

ဆရာကြီး နတ်မောက်ထွန်းရှိန်သည် ၂၀၀၁ ခုနှစ်က မန္တလေးမြို့နှင့် ပတ်သက်၍ ရေးသားထားသည့် “၀င်းတွေနှင့် တည်သည့် မင်းနေပြည်” ဆိုသည့် စာအုပ်ဖြင့် အမျိုးသားစာပေဆု ဖြစ်သည့် သုတပဒေသာ ၀ိဇ္ဖာဆုကို ရရှိခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် “မန္တလေး နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်” စာအုပ်ကို အင်္ဂလိပ် – မြန်မာနှစ်ဘာသာဖြင့် ထပ်မံရေးသားခဲ့သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: