လှပစွာ သဘောထားကွဲကြပါစို့

ငြိမ်းဝေ Thursday, 30 December 2010 18:02 – ဧရာဝတီ

ကျနော် စာပေနယ်ကို စတင်ခြေချတာ ၁၉၇၃ နှစ်ကပါ။ မိုးဝေမဂ္ဂဇင်းမှာ ကွမ်စီပြည်နယ်ထဲက ပြောက်ကျား ရဲဘော်များ အင်္ဂလိပ် ဘာသာပြန် တရုတ်ကဗျာ တပုဒ်ကို မြန်မာဘာသာ ပြန်ဆိုခဲ့တဲ့ ကဗျာဟာကျနော့်ဘဝရဲ့ ပထမဆုံးသော ပုံနှိပ်ဖေါ်ပြခံရတဲ့ စာမူ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီနှစ်ထဲမှာပဲ မိုးဝေစင်ပေါ်က ဆင်းလိုက်ကြဖို့ မိုးဝေ ကဗျာဆရာတွေက ဆုံးဖြတ်လိုက်ကြတဲ့အခါ ကျနော်လည်း ကျနော်တို့ အားထားရာ တခုတည်းသော မိုးဝေ စင်ပေါ်က ပြန်ဆင်းခဲ့တာ ၁၉ရ၈ အထိပဲ ဆိုပါတော့။ (မိုးဝေစာပေမဂ္ဂဇင်းကို ဘာကြောင့် မိုးဝေကဗျာဆရာ အများစုက စွန့်ခွာလိုက်ကြတယ်ဆိုတဲ့ကိစ္စက အခု ကျနော် ရေးမယ့် ဆောင်းပါးနဲ့တိုက်ရိုက် မသက်ဆိုင်လို့ နောင် အခြေအနေပေးမှပဲ ရေးပါ့မယ်)

U-Nyein-Wai-illustrationတခါ အဲဒီ ၁၉၇၈ ခုနှစ်ထဲ ကျနော် တံငါရွာလေးတရွာမှာ ရွာငှါးကျောင်းဆရာ လုပ်နေတုန်း အရင် မိုးဝေမှာ ရေးခဲ့ကြတဲ့ နောင်တော့် နောင်တော် ကဗျာဆရာတွေ မိုးဝေမှာ စာပြန်ရေးတာတွေ့လို့ ကျနော်လည်း ဝတ္ထုတိုတပုဒ်နဲ့ ဆောင်းပါးတချို့ ပို့ခဲ့ပါတယ်။ မိုးဝေ ကဗျာဆရာ ရဲဘော်ဟောင်းတွေ မိုးဝေမှာ စာပြန်ရေးလာကြတာကို စဉ်စားတော့ မိုးဝေမဂ္ဂဇင်းမှာ အယ်ဒီတာအဖွဲ့ပြောင်းလဲသွားတာ ကြောင့်လို့လည်း စဉ်းစားမိပါတယ်။ အဲဒီနှစ်ထဲမှာပဲ ကျနော့်ရဲ့ “နှလုံးသားထဲက ပန်းချီကားချပ်များ” ဝတ္ထုတိုလေး မိုးဝေမှာ ဖော်ပြ ခံရပါတယ်။

ပြောစရာဖြစ်တာက အဲဒီဝတ္ထုတိုလေး ဖော်ပြခံရပြီးတဲ့နောက်မှာပဲ မိုးဝေမဂ္ဂဇင်းစင်ပေါ်က ပြန်ဆင်းဖို့ ဖြစ်လာခဲ့ရတယ်ဆိုပါတော့။

ကျနော် ပြောချင်တဲ့အဓိက အကြောင်းအရာကလည်း အဲဒီအချိန်က စပြောရမယ်ထင်ပါရဲ့။

ဒီလိုပါ။ ကျနော့် ဝတ္ထုတိုလေး မိုးဝေမှာပါလာတော့ မြို့က ကျနော်နဲ့ခင်တဲ့ စာအုပ်ဆိုင်သူငယ်ချင်းက ရွာအထိလိုက်လာပြီး ကျနော့် ဝတ္ထုပါတဲ့ မိုးဝေမဂ္ဂဇင်းကို တကူးတက လာပေးရှာပါတယ်။ မဂ္ဂဇင်းကိုဖတ်ပြီးတဲ့အခါ ရန်ကုန်ကို ဆင်းချင်စိတ်လည်း ချက်ချင်းဖြစ် လာပါတယ်။ ဒါနဲ့ပဲ ကျောင်းသားမိဘတွေ ထောက်ပံ့တဲ့ ခရီးစရိတ်နဲ့ ကျနော် ရန်ကုန်ကို ဆင်းပါတယ်။ မိတ်ဆွေ ကဗျာဆရာ မောင်နှံတွေ ဖြစ်ကြတဲ့ (ကို) အောင်ဇင်မင်း၊ (မ) သန်းသန်းအေး တို့ ရန်ကင်းမှာ တည်းပါတယ်။ ရောက်ပြီး နောက်တနေ့ မိုးဝေကို ချီတက်ကြပါတယ်။

မိုးဝေမဂ္ဂဇင်းတိုက်က အဲဒီတုန်းက ဝတ္ထုတိုတွေကိုင်တွယ်ရတဲ့ (ကို) ညိုသစ်နဲ့ စကားပြောရပါတယ်။ လမ်းဘေး ဘန်ဒါပင်လေး တွေအောက်က လက်ဖက်ရည်ဆိုင်မှာပါ။ ကိုအောင်ဇင်မင်းလည်း ပါတာပေါ့။

ကျနော်က ကျနော့်ဝတ္ထုတိုလေး မိုးဝေမှာဖေါ်ပြတဲ့နေရာမှာ စာကြောင်းတကြောင်း ပြင်ထားတာ ကျနော် မနှစ်သက်တဲ့အကြောင်း စပြောပါတယ်။ ကိုညိုသစ်က အဲဒီစာကြောင်းလေး တကြောင်းပဲ ပြင်တဲ့အကြောင်း အဲဒီစာကြောင်းလေးတကြောင်းတည်း ပြင် လိုက်လို့ ဝတ္ထုကို ဘယ်လိုမှ မထိခိုက်တဲ့အကြောင်း ရှင်းပြပါတယ်။ ကျနော် လက်မခံနိုင်ခဲ့ပါဘူး။

ကျနော့်ဝတ္ထုလေးက ဆေးလိပ်ခုံပိုင်ရှင်နဲ့ ဆေးလိပ်သမလေးအကြောင်း ရေးထားတာပါ။ အလုပ်ရှင် အလုပ်သမား ပြဿနာပေါ့လေ။ အဲဒီအထဲမှာ ကျနော် ရေးတဲ့စာကြောင်းလေးက “အလုပ်ရှင်ရဲ့အစော်ကား ခံလိုက်ရသော ခန္ဓာကိုယ်အတွက်” ဖြစ်ပါတယ်။ ဆေး လိပ် သမလေးက သူ့ကိုစော်ကားတဲ့ အလုပ်ရှင်ကို ခုခံရင်း လူသတ်မှုဖြစ်တဲ့ကိစ္စပါ။ အဲဒီ စာကြောင်းကို ကိုညိုသစ်က“လူယုတ်မာ တဦးရဲ့အစော်ကားခံလိုက်ရတဲ့ ခန္ဓာကိုယ်အတွက် ” ဆိုပြီး ပြင်လိုက်ပါတယ်။

ဒီနေရာမှာ ကျနော် လက်မခံနိုင်တာက ကျနော်က အဲဒီစာကြောင်းလေးဖြစ်လာဖို့ ဝတ္ထုတိုလေးကို ကြိုးစားတည်ဆောက်လာခဲ့တာ သူက ဒီလိုပြင်လိုက်တော့ လူတန်းစားပဋိပက္ခကိုပါ ဖျောက်ပစ်လိုက်သလို ဖြစ်သွားရတာကို ကျနော်က ထောက်ပြပါတယ်။ လူ ယုတ်မာတဦးဆိုတာ ဘယ်သူမဆိုဖြစ်နိုင်တဲ့သဘော သက်ရောက်သွားလို့ ကျနော်ပြောချင်တဲ့ အလုပ်ရှင်ဆိုတဲ့ ရွေးချယ် ရည်ညွှန်း တဲ့ ပစ်မှတ်က ပျောက်သွားရတာကို ကျနော်က ရှင်းပြပါတယ်။

ကိုညိုသစ်ကလည်း ခတ်ရှင်းရှင်းပဲပြောပါတယ်။ စာရေးသူတယောက်ဟာ အယ်ဒီတာစားပွဲပေါ် စာမူတင်လိုက်တာနဲ့ တပြိုင်နက် တည်းဖြတ်ခံရနိုင်တယ်ဆိုတာ လက်ခံသလားတဲ့။ ကျနော် လက်ခံတာပေါ့။ ဒါပေမယ့် စာရေးသူကလည်း သူ့စာမူကို အယ်ဒီတာက သူ့သဘောနဲ့သူ ထင်သလိုဖြတ်တောက် ဖော်ပြတာကို ကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုတာ ခင်ဗျားသိထားသင့်တယ်လို့ ပြန်ပြောရပါတယ်။

ဒီတုန်းက ကျနော်တို့က ငယ်ကလည်းငယ် အတွေ့ အကြုံကလည်း မရှိသေးတော့ အပြန်အလှန်ပြောရတာ အင်မတန်ခံတွင်းတွေ့ တာကိုး။ နောက်ဆုံးမှာ ကိုညိုသစ်က ကျနော့်ကိုပြောတဲ့စကား၊ ကျနော်က ပြန်ပြောခဲ့တဲ့စကား ဘယ် မေ့နိုင်မလဲ။

ကိုညိုသစ်ကပြောတယ်လေ။ ခင်ဗျားတို့လို စာစပြီးရေးတဲ့သူတွေ ဒီလိုသာတလွဲမာနရှိနေရင် ခင်ဗျားစောင့်ကြည့် နောင်ဆယ်နှစ် ကြာ တဲ့အထိ စာရေးဆရာ ဖြစ်မလာနိုင်ဘူးတဲ့။ ကျနော်ကလည်း ပြန်ပြောမိတယ်။ ဆယ်နှစ်မကဘူး အနှစ်နှစ်ဆယ်စောင့်ရလည်း ကိစ္စမရှိဘူးဗျ လို့ ပြောပြီး ကျနော် ပို့ထားခဲ့တဲ့ စာမူတွေပါ ပြန်တောင်းယူခဲ့မိတယ်။

ဒါတွေကို ပြန်စဉ်းစားတော့ ကိုညိုသစ်ပြောတာ တစိတ်တပိုင်းအားဖြင့် ဟုတ်တော့လည်း ဟုတ်ပါတယ်။ အဲဒီ ၁၉၇၈ ခုနှစ်ကစပြီး ကျနော် ဘယ်ကိုမှ စာမူမပို့ ဖြစ်ခဲ့ပါဘူး။ အဓိကက ကိုယ်ရေးချင်တဲ့ မဂ္ဂဇင်းတိုက်ကလည်း တတိုက်တည်း ရှိနေတာရယ် မာနကို

မချနိုင်လို့ရယ်ကြောင့် ဘယ်မဂ္ဂဇင်းတိုက်ကိုမှ မရေးဖြစ်ခဲ့တာ ၁၉၉၂ ခုနှစ်အထိပဲ ဆိုပါတော့။ အဲ ၁၉၉၂ ကျနော် တော်လှန်ရေး နယ်မြေကိုရောက်ခါမှ ဒေါင်းအိုးဝေမှာ ကဗျာတွေ စပြီးရေးခဲ့တာပါ။ ဒီကြားထဲ ဆယ်နှစ်ကျော် ကျနော် စာပေစင်ပေါ် မတက်နိုင် ခဲ့ဘူးလို့ ဆိုရမှာပါ။ကြားညှပ်ပြီးပြောရရင် ကျနော်ကလည်း အခုထက်ထိ ကိုယ့်ကိုယ်ကိုယ် စာရေးဆရာရယ်လို့ မယူဆနိုင် သေး တာရယ် ကိုညိုသစ်ပြောသလိုပဲ သူနဲ့တွေ့ ပြီး နောင် ဆယ်နှစ်ကျော်လာတဲ့အထိ ဘယ်မဂ္ဂဇင်းတိုက်ကိုမှ စာမူမပို့ဖြစ်ခဲ့တာရယ် ကြောင့် သူပြောတာလည်း ဟုတ်တုတ်တုတ်တော့ ရှိသားပဲလို့ တွေးမိခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ။

ဒီအတွေ့ အကြုံဟာ ကျနော်နဲ့ အယ်ဒီတာတွေရဲ့ဆက်ဆံရေးကို  စာတတန်ပေတတန်ရေးပြီးပြောဖို့ လိုအပ်လာတဲ့ အကြောင်း အရာရဲ့မူလကနဦးကိစ္စလို့ပဲ ပြောရပါလိမ့်မယ်။

* * * * * *

၁၉၉၄ ခုနှစ်ထဲမှာ ဒေါင်းအိုးဝေမှာ ကျနော့်ကဗျာတပုဒ် ဖော်ပြခံရပါတယ်။ အဲဒီကဗျာထဲမှာ ကျနော်က “ဘုန်းမော် ဖော်ဝေး၊ ရေး တ ဖွဖွ၊ ဆွေးတမွမွ…” လို့ ရေးပါတယ်။ စာအုပ်ထွက်လာတော့ “ဘုန်းမော် ဖော်ဝေး၊ ရေးတမွမွ၊ ဆွေးတရွရွ…”လို့ ပြင်ရေးထားတာ တွေ့ ရပါတယ်။ ဒီတုန်းက ကျောင်းသားတပ်မတော် ဒေါက်တာ နိုင်အောင်တို့ရဲ့ ဒေါင်းအိုးဝေ စာစောင်မှာ ဒီကဗျာ ပါလာတာပါ။ ကျနော် တော်တော် စိတ်ညစ်သွားတယ်လေ။ စာဖတ်သူတွေ စဉ်းစားကြည့်ပေါ့။ ဆွေးတမွမွ နဲ့ ဆွေးတရွရွ နဲ့က ဘယ်တူမလဲ။ မတူတဲ့ အပြင် ပျက်တောင်သွားရတယ်။ ဒါနဲ့ အင်မတန်လေးစားခင်မင်ရတဲ့ အယ်ဒီတာ မိဆူးပွင့်ကို လှမ်းပြောရတာပေါ့။ ခင်ဗျားတို့ လုပ်တာ ကျနော့်ကဗျာ ပျက်သွားပြီ ဘာညာပေါ့။ ကျနော်ကတော့ ကေတုဘုန်းမော်တို့ ကိုဖော်ဝေးတို့ကို ရွရွတက်အောင် လွမ်းနေတဲ့သဘော ဖြစ်နေပြီပေါ့လို့ မကျေနပ်သံလေးနဲ့ လှမ်းပြောတော့ သူက အဲဒီကဗျာ နှစ်သက်လို့ ထည့်လိုက်တာပါ စာစီပြီးတဲ့အခါ သူလည်း မျက်စိ သျှမ်းသွားလို့ ဖြစ်သွားရတယ်ပေါ့၊ နောက် မဖြစ်စေရပါဘူးပေါ့။ မိဆူးပွင့်ကိုယ်တိုင်က ကဗျာဆရာလေ။ သူ နားလည်တယ်။ သူ ရင်နဲ့ ခံစားလေးနက်နိုင်တယ်။ ကျနော်ကလည်း သိပ်ပြီး စောဒက မတက်တော့ပါဘူး။ စာစောင်ကလည်း ထွက်လာပြီးနေပြီ။ ဒါ အယ်ဒီတာက ကောင်းမယ်ထင်တဲ့အမြင်နဲ့ တမင်ပြင်လွှတ်လိုက်တာမဟုတ်ဘူးဆိုတာ သိတော့ နောက်ပိုင်းအတွက် စိတ်အေးရ တာပေါ့။ ဒီကိစ္စ ကျနော် နားလည်ခွင့်လွှတ်နိုင်ပေမယ့် နောက်ပိုင်း ကျနော် ကဗျာတွေပို့တဲ့အခါ ဒါမျိုးတွေ ဆက်ဖြစ်နေမှာစိုးလို့သာ မိဆူးပွင့်ကို လှမ်းပြီး ပြောလိုက်တာပါ။

* * * * * *

၁၉၉၃ ခုနှစ်ထဲမှာပဲ ကျနော် ခေတ်ပြိုင်မှာ ခရီးသွား အခန်းဆက်ဆောင်းပါးတပုဒ် ရေးပါတယ်။ ဒုံသမိချောင်းကမ်း ငရဲခန်းများ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးခဲ့တာပါ။ ကျနော် ရှေ့တန်းကိုအသွား တွေ့ ရကြုံရတဲ့ အတွေ့ အကြုံတွေပါ။

အဲဒီဆောင်းပါးထဲမှာ ကျနော် သွားလာခဲ့ဖူးတဲ့ ရွာတွေမှာ စစ်အစိုးရစစ်တပ်တွေက ရွာသားတွေအပေါ် ကျူးလွန်ခဲ့ကြတဲ့ လူ့ အခွင့် အရေးချိုးဖောက်မှုတွေကို ဇောင်းပေးပြီး ရေးခဲ့ပါတယ်။ ဒါပေမယ့် ကျနော်က တိုက်ရိုက်တဲ့တိုး ပြောတဲ့နည်းကို ရှောင်ပါတယ်။ ဒေါသနဲ့ မရေးဘဲ ရသနဲ့ ပေါင်းပြီးရေးပါတယ်။ အဲသလို တမင်ရှောင်ပြီးရေးပို့ ပါတယ်ဆိုကာမှ ကျနော့်ဆောင်းပါးကို ဖော်ပြတဲ့အခါ “အဲဒါသာကြည့်ပါတော့ ခင်ဗျာ စစ်အုပ်စုကပြောတော့ တိုင်းရင်းသား ချစ်ကြည်ညီညွတ်ရေး လုပ်တော့ လူသတ်မုဒိမ်းကျင့် လုပ်နေကြ တာ အထင်အရှားပါပဲ” ဆိုတဲ့ စာကြောင်း စာပိုဒ်မျိုးတွေ ကျနော် မရေးဘဲ အယ်ဒီတာက ထည့်ရေးပါလေရော။ ကျနော် တော် တော် တုန်လှုပ်သွားတယ်လေ။ ဘယ်လိုလည်း ဘာပြုလို့ ဒီလောက်အထိ လုပ်လွှတ်လိုက်ရတာလဲ။

ဒီတုန်းက တာဝန်ခံ အယ်ဒီတာက အဘ ဦးဝင်းခက် ပါ။ သူနဲ့ တောထဲမှာတွေ့ တော့ ကျနော်က သူ့ ကို ဒီအကြောင်းမေးမယ်ပေါ့။ ဒါပေမယ့် တောထဲကို သူက ခေတ်ပြိုင်တွေ ယူလာပေးတော့ သူက အဲဒီကိစ္စ မဟပါဘူး။ သူ သိတောင် မသိလိုက်ဘူးနဲ့ တူပါတယ်။ သူ့ လက်အောက်က အယ်ဒီတာ တစ်ဦးဦးက ပြင်လွှတ်လိုက်တာဖြစ်နိုင်ပါတယ်။ နောက်ပိုင်း နှစ်ပေါင်းများစွာ အဘဦးဝင်းခက်နဲ့ ကျနော် ဆက်ဆံတဲ့အခါ သူက ဒီလိုအယ်ဒီတာ မဟုတ်ဘူးဆိုတာ ကျနော် သိလာခဲ့တာပဲ။ သူက ရှုထောင့် အယ်ဒီတာလုပ်ခဲ့တဲ့သူပဲ။  ဒါနဲ့ပဲ ဒီတုန်းက အချိန်မှန်မှန် ထွက်နေတဲ့ ဒီဘက်နယ်မြေရဲ့ တစောင်တည်းသော ခေတ်ပြိုင်မှာ ကျနော် စာဆက်ပြီး မရေးရဲခဲ့တော့ပါဘူး။

* * * * * *

နောင် ၂၀၀၂ ခုနှစ်လောက်မှာ “အမြင်သစ်” ဆိုတဲ့ ဂျာနယ်တခု ဒီဘက်မှာ ထုတ်ဝေလာပါတယ်။ ဂျာနယ်ထုတ်မယ့် ရဲဘော်တွေက လူငယ်တွေပါ။ ကျနော့်ကို စာအုပ်စင်ကဏ္ဍကို တာဝန်ယူပြီး တပတ်တကြိမ် ရေးပေးနိုင်မလား ညှိပါတယ်။ ကျနော်က ကျနော့်ရဲ့ မပြောပလောက်တဲ့အတွေ့ အကြုံဆိုပေမယ့် ကိုယ့်အတိုင်းအတာနဲ့ကိုယ် ခဲမှန်ဖူးတဲ့စာသူငယ်ဆိုတော့ ခင်ဗျားတို့ရေးခိုင်းရင် ရေးမယ်၊ ရေးခိုင်းလို့လည်း ကျနော် ကျေးဇူးတင်တယ်၊ ဒါပေမယ့် ဖြတ်တောက်ပြင်ဆင်တာတွေ လုပ်လို့မရဘူး၊ လိုအပ်ရင် ကျနော်နဲ့ တိုင်ပင်ပါ၊ ကျနော် မှားရင် ကျနော် ပြန်ပြင်ပေးမယ်ပေါ့။ အမြင်သစ်ရဲ့မူနဲ့ မကိုက်ရင်လည်း ပယ်ပါပေါ့။ သူတို့က သဘောတူပါတယ်။

ဒီတုန်းက ကျနော်တို့ ပြည်ပ စာနယ်ဇင်းနယ်ပယ်မှာက စာမူခပေးလေ့မရှိပါဘူး။ ပေးလည်း မပေးနိုင်ကြပါဘူး။ စာရေးတဲ့သူတွေကလည်း စာမူခပေးမှရယ်လို့ ဘယ်သူမှ မရှိခဲ့ပါဘူး။ တော်လှန်ရေးရဲ့ လိုအပ်ချက်တခုအနေနဲ့ ပျော်ပျော်ပါးပါး တလေးတစား ရေးခဲ့ကြတာပါ။ ကျနော် အမြင်သစ်မှာ တပတ်မှာ စာအုပ်တစ်အုပ် ပုံမှန် ဝေဖန်စာရေးပေးခဲ့တာပါ။ တပတ်မှ မပျက်ကွက်ခဲ့ပါဘူး။

ဒီလိုနဲ့ တနေ့မှာ ကျနော့် ဆောင်းပါးထဲမှာ စာပိုဒ်တစ်ပိုဒ် ပြုတ်ကျကျန်နေခဲ့တယ်ဆိုပါတော့။ ကျနော်က အမြင်သစ် တာဝန်ရှိသူတွေနဲ့ လူကြီးလူကောင်း သဘောတူညီချက်နဲ့ ရေးနေတာဆိုတော့ ဒါ တမင်ဖြုတ်ချခဲ့တာမဟုတ်ဘူး၊ စာစီရင်း မသိလို့ပြုတ်ကျကျန်ခဲ့တာဖြစ်မယ်လို့ပဲ ထင်ခဲ့တာပါ။ ဒါပေမယ့် အမြင်သစ် တာဝန်အရှိဆုံးလူနဲ့တွေ့ တဲ့အခါ မေးကြည့်တော့ မေ့ကျန်ခဲ့တာမဟုတ်ပါဘူး၊ တမင်ဖြုတ်ချခဲ့တာလို့ ရှင်းရှင်းပဲဖြေပါတယ်။ အဲဒီတော့ ဒါဆို ခင်ဗျား ကျနော့်ကိုတော့ မေးသင့်ဆွေးနွေးသင့်သေးတာပေါ့လို့ ပြောတော့ သူက ဖြုတ်တာက တမင် အစ်ကိုကြီးရဲ့စာမူကို ဖြုတ်ချင်လို့ ဖြုတ်တာမဟုတ်ပါဘူး၊ အစ်ကိုကြီးအတွက် ပေးထားတဲ့ ဘောင်အကွက်ထဲ အကိုကြီးရဲ့စာမူကို ထည့်ပြီး စာစီတဲ့အခါ မဆန့်လို့ ပြန်ပြောချိန်ကလည်းမရတော့လို့ စာတပိုဒ် ဖြုတ်ချချန်ခဲ့ရတာပါလို့ ရိုးရိုးသားသားပဲ ရှင်းပြပါတယ်။ ကျနော် ပက်လက်လန်ရတော့တာပေါ့။ ဒီကြားထဲ သူက တကယ့်ကို ဖြူဖြူစင်စင် ပွင့်ပွင့် လင်း လင်း ပဲပြောနေတဲ့အပြင် ဒါ သူတို့ တကယ်နားမလည်လို့ဖြစ်ရတာပါ၊ နောက် ဒီလို မဖြစ်စေရပါဘူးလို့ ဆိုနေပြန်တော့ ကျနော့်မှာ စိတ်ဆိုးရအခက် ငိုရအခက် ဖြစ်ရတော့တာပေါ့။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ ကျနော် အဲဒီကဏ္ဍအတွက် ဆက်ပြီး မရေးဖြစ်ခဲ့ တော့ပါဘူး။ (ကျနော် မရေးဖြစ်တော့တဲ့အခါကျမှ အမြင်သစ်ကလည်း စာမူခတွေ စပြီး ပေးနေပြီလို့ သိရပါတယ်။)

* * * * * *

အခုပြောမယ့်အတွေ့အကြုံကတော့ ဧရာဝတီ အင်တာနက် ဝက်ဘ်ဆိုဒ် မှာပါ။ ကျနော်က အောက်မေ့ဖွယ် ကဏ္ဍ အတွက် ရှေ့တန်းသွား ခရီးအတွေ့ အကြုံဆောင်းပါးတပုဒ်ရေးပြီး ပို့ပါတယ်။ အဲဒီအထဲမှာ စစ်အစိုးရစစ်တပ် စစ်သားတွေရဲ့ အဓမ္မပြုကျင့် တာ ခံရတဲ့ အမျိုးသမီးလေးတယောက်အကြောင်း ကျနော် ရေးပါတယ်။ ကျနော်က မုဒိမ်း ဆိုတဲ့စကားလုံးကို တမင် ရှောင်ပြီး အဓမ္မပြု ကျင့် ဆိုတဲ့ စကားလုံး တမင်ရွေးပြီး သုံးခဲ့တာပါ။ ဒါပေမယ့် ကျနော့်စာမူ ဝက်ဘ်ဆိုဒ်မှာတင်တော့ ကျနော့်ရဲ့အဓမ္မပြုကျင့် ဆိုတဲ့ တမင် ယူသုံးခဲ့တဲ့ စကားလုံးကို ပြင်ပြီး အကြမ်းဖက်ခံရ ဆိုတဲ့ စကားလုံး ဖြစ်နေတာ တွေ့ ရပါတယ်။ ကျနော် သဘောမတူနိုင်ခဲ့ပါဘူး။ အကြမ်းဖက်တယ် ဆိုတဲ့ စကားလုံးနဲ့ အဓမ္မပြုကျင့် ဆိုတဲ့စကားလုံး အဓိပ္ပာယ် မတူပါဘူး။

တခါ ကျနော်က ကျနော့်ဆောင်းပါးထဲမှာ ကဗျာတပုဒ်ရဲ့ ကဗျာပိုဒ်တချို့ကို ယူသုံးခဲ့တာရှိပါတယ်။ အဲဒီကဗျာပိုဒ်အောက်က ကွင်း စ ကွင်းပိတ်နဲ့ ဘယ်ကဗျာထဲက ယူသုံးထားတာဖြစ်တယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ ဒါပေမယ့် အဲဒီ ဝန်ခံချက် စာကြောင်းတွေအားလုံး ပါမလာတော့ဘဲ ဖြုတ်ချထားခဲ့တာ တွေ့ ရပြန်ပါတယ်။ ဒါလည်း ကျနော် သဘောမတူနိုင်ပါဘူး။

ကံကောင်းတာက အဲဒီကဗျာက သူများကဗျာမဟုတ်ဘဲ ကျနော့်ကဗျာဖြစ်နေလို့သာပေါ့။ သူများကဗျာ ယူသုံးထားတာကို အောက် က ဝန်ခံချက်(အောက်ကမဟုတ်လည်း ဆောင်းပါးအောက်ခြေမှာ ဝန်ခံချက်) မပေးဘဲ ဒီအတိုင်း ကိုယ်လိုသလို ယူသုံးမိတာဆိုရင် ကျနော် တော်တော် လိပ်ပြာမလုံဖြစ်ရမှာ အသေအချာပေါ့။ ဒါဟာ စာရေးသူတိုင်း မပျက်မကွက် စောင့်စည်းရမယ့် ကျင့် ဝတ် စည်းကမ်းပဲ။ ဘာပြုလို့ ဒီလိုဖြစ်ရတာပါလိမ့်လို့ ကျနော် စဉ်းစာခဲ့ရတယ်။ကျနော် စိတ်မရှင်းခဲ့ပါဘူး။

ဧရာဝတီမှာ တာဝန်ရှိအယ်ဒီတာက ကျနော့်စာမူအပေါ် မရှင်းလင်းလို့ ဒါမှမဟုတ် အချက်အလက်တချို့ မသေချာလို့ ပြင်ဆင်ဖို့ ကျနော့်ကိုလှမ်းမေး လှမ်းတိုင်ပင်လို့ ကျနော်ကိုယ်တိုင်က လက်ခံပြီး အယ်ဒီတာပြင်ဆင်တာကို သဘောတူခဲ့ရတဲ့အတွေ့ အကြုံ တွေလည်း ရှိပါတယ်။ ဒီတော့လည်း ကျနော့်မှာ လေးစားကြည်နူးရပြန်တာပေါ့။

* * * * * *

စာရေးသူတယောက်က သူ့ စာမူအပေါ် ကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုတာ စာပေသမားတိုင်း လက်ခံသင့်ပါတယ်။ ထိုနည်းတူစွာ အယ်ဒီတာတယောက်ကလည်း စားပွဲပေါ် ရောက်လာတဲ့ စာမူတွေကို တစုံတရာ တည်းဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတာ ကျနော်တို့ လက်ခံကြရမယ့်ကိစ္စပါ။

စာရေးသူအများစုဟာ ကိုယ်ပို့ တဲ့ စာပေတိုက်ကို လေးစားမှုနဲ့ ပို့ ကြတာဖြစ်သလို အယ်ဒီတာများကလည်း စာရေးသူတွေအပေါ် လေးနက်မှု အသိအမှတ်ပြုမှု ရှိကို ရှိသင့်ပါတယ်။

အထူးသဖြင့် ပြည်ပစာနယ်ဇင်းလောကမှာ အခုလို အပြန်အလှန် အသိအမှတ်ပြု လေးနက်မှု ပြည်တွင်းကလောက် အခြေ အနေ မပေးသေးတာကိုတော့ ကျနော် တောင့်တ ဝမ်းနည်းနေမိတယ်။

ကျနော်တို့တတွေ လှပစွာ သဘောထား ကွဲသင့်ပါတယ်။

ကျနော်တို့ ပြည်ပစာနယ်ဇင်းလောကမှာ စာမူခပေးတဲ့ အလေ့အထ သိတ်ပြီး မကြာလှသေးတဲ့အပြင် စာမူခလည်းပေး ပုံမှန်လည်း ထုတ်ဝေနေတဲ့ မဂ္ဂဇင်းကလည်း လက်ငါးချောင်းရေကြည့်လို့မှ မပြည့်ရတဲ့ကြားထဲ ခင်ဗျားက ဒီလိုဆောင်းပါးမျိုးရေးရင် ခင်ဗျား နောက်ထပ် အနှစ်နှစ်ဆယ် စောင့်ရမယ့်ကိန်းမျိုး ဆိုက်သွားဦးမယ်နော်လို့ သတိပေးတဲ့ စာပေမိတ်ဆွေတွေလည်း ရှိပါတယ်။

ဒါပေမယ့် ကျနော် ရေးမိပြီ။ ဒါ့အပြင် ကျနော်ကတော့ ကျနော့် စာမူတွေအပေါ် ကာကွယ်ပိုင်ခွင့်အပြင် စာမူခပေးလို့ ရရဲ့သားနဲ့ စာမူခမပေးဘဲထားတဲ့ မဂ္ဂဇင်းတိုက်မျိုး ပြီးတော့ စာမူခပေးဖို့ အလေးအနက်မထားတတ်တဲ့ စာပေတိုက်မျိုးဆိုရင် နောင် အနှစ် ၂၀ စောင့်ရပါစေ၊ စာရေးဖို့ စိတ်ကူးမရှိတဲ့ အကြောင်း စာပေမိတ်ဆွေတွေကို ပြန်လည် ရှင်းပြနေခဲ့မိပါတယ်။     ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: