ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ – ၁၅

 

(၅)
KIA ဘက် ခရီး

ဘုန်းကြီးကျောင်းမှာ တပတ်၊ ၁ဝ ရက်လောက်နေပြီး အပူတပြင်း စီစဉ်ရပါတယ်။ ရန်ကုန်က လူသစ်ရဲဘော်တွေက မူဆယ်၊ နမ့်ခမ်းဘက်ကို လက်လှမ်းမမီကြပါ။ ဆရာ ရာဂျန်နဲ့ ပြန်ချိတ်ပြီး တနင်္သာရီဘက် ဆင်းရတော့မယ့်အခြေအနေ ဖြစ်လာတယ်။ ပြန်ချိတ်ဖို့ ပြင်နေဆဲမှာပဲ လူသစ် ရဲဘော်တယောက်က အကြံသစ်တခုတင်ပြတယ်။

“KIA နယ်မြေထဲ ဝင်လိုက်။ ပါတီနယ်မြေနဲ့ KIA နယ်မြေက တဆက်တစပ်တည်းမို့ ကူးလိုက်ရုံပဲရှိတယ်။ မြစ်ကြီးနားအထိ ကျနော် လိုက်ပို့ပေးမယ်” တဲ့။

ကျနော်က ပါတီနဲ့ KIA က တိုက်နေကြတယ် မဟုတ်လားဆိုတော့ သူက …

“ရန်သူ့ထက်တော့ မဆိုးနိုင်ပါဘူးဗျာ၊ ဟိုရောက်မှ နားလည်မှုယူကြည့် နည်းနည်းတော့ စွန့်ရမှာပေါ့။ တိုးမပေါက်လည်း ပြန်လှည့်လာရုံပဲ” ဆိုတာကို ကျနော် သဘောကျသွားပါတယ်။

‘စွန့်ရမယ်’ ဆိုတော့ မန္တလေးမှာ ကျန်ရစ်တဲ့ မောင်လှဝင်းကို ဝင်မခေါ်တော့ပါ။ ၂ ယောက်သား မြစ်ကြီးနားကို တက်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းကိုဖြတ် ကချင်ပြည်နယ် မြစ်ကြီးနားကို ရောက်ခဲ့ပါပြီ။ အိမ်ရှင်က စုံစမ်းပေးပါမယ်လို့ ပြောတယ်။ သိသမျှလည်း ပြောပြရှာပါတယ်။ အားတက်စရာ မရှိ။

KIA ထဲဝင်တဲ့ လမ်းတွေကတော့ များပါတယ်။ ဒါပေမယ့် အဲဒီလမ်းတွေမှာ တိုက်ပွဲတွေကလည်း အဆက်မပြတ် ဖြစ်နေတာဗျဆိုတော့ လိုက်ပို့သူရဲဘော်က စိတ်ပူသွားပါတယ်။ ကျနော်ကလည်း ဒေါနတောင်ခြေက ပြန်ဆုတ်လာရတာကို ပြေးမြင်လိုက်မိတယ်။ ဝင်မလား? ဆုတ်မလား? မတင်မကျကြီး။

နောက်တနေ့ လက်ဖက်ရည်ဆိုင်သွားထိုင်ကြရင်း လုပ်သားပြည်သူ့နေ့စဉ် သတင်းစာကို ကောက်ဖတ်လိုက်တော့ ဆုံးဖြတ်ချက်က အလိုလိုကျသွားပါတယ်။

“ကျနော် ဆက်တိုးတော့မယ်။ ဒီမှာကြည့် …” ဆိုပြီး သတင်းစာကို ထိုးပြလိုက်ပါတယ်။

အဓိပ္ပာယ်က …

“ပြည်ပအားကိုး ဗကပ နဲ့ နယ်ချဲ့နောက်လိုက် KIA တို့ ပေါင်းမိသွားပြီ” ဆိုတာပါပဲ။

တညအိပ်ပြီး နောက်တနေ့ ကျနော်တို့ ၂ ယောက် ရထားနဲ့ပဲ ပြန်ဆင်းလာကြပါတယ်။ မန္တလေးက နေရာပြောပြီး စာတစောင်ရေးပေးလိုက်ပါတယ်။

“စွန့်တော့ စွန့်စားရလိမ့်မယ်။ ဒီလမ်းအတိုင်းသွားနှင့်ပြီ။ ကြိုပြင်သင့်တာတွေ ပြင်နှင့်မယ်။ လိုက်မယ်ဆုံးဖြတ်ရင် လိုက်ခဲ့ကြဖို့ပဲ” လို့ ရေးလိုက်ပါတယ်။

မိုးကောင်းဘူတာမှာ ကျနော်က ဆင်းကျန်ရစ်ပါတယ်။ မြစ်ကြီးနားမိတ်ဆွေ မျှဝေလိုက်တဲ့ဗဟုသုတနဲ့ ဖားကန့်ဘက်တက်မယ့် အမိုးဖွင့်ဂျစ်ကားပေါ် တက်လိုက်ခဲ့ပါတယ်။

မဂ္ဂဇင်းပုံတွေထဲပါတဲ့အတိုင်း မတ်တပ်ရပ်သူ ရပ်။ အရပ်သားတချို့ စက်ခေါင်းဖုံးပေါ် ထိုင်စီးသူစီးနဲ့ ခရီးသည် ၁၆ ယောက်လောက်တင်ပြီးမှ ထွက်ပါတယ်။ လူပဒေသာပင်သီးနေတဲ့ ပုံစံပါ။

ကျောက်တူးသမား ၃-၄ ယောက်နဲ့ ကျန်တာက ဈေးသည်နဲ့။ တခုကောင်းတာက လူတွေတထွေးကြီးဆိုတော့ လုံခြုံသလို ခံစားမိတာဖြစ်တယ်။

ပါလာတဲ့သူ အများစုက ဈေးသည်တွေ ဖြစ်တယ်။ နေ့စဉ် ဖားကန့်ကို အနည်းဆုံး ဈေးသည် ၂ဝဝ မတက်ရင် ဖားကန့် ရိက္ခာပြတ်တာပဲလို့ သိရတယ်။ ကချင်ဓားလွယ်ကြီးနဲ့ လူတယောက်ကို သတိထားမိတယ်။

ဂိတ်တဂိတ်ရောက်ရင် ကြိုပြီးဆင်းတယ်။ လမ်းလျှောက် အထမ်းသမားတွေနဲ့ ရောလမ်းလျှောက်ပြီး ဂိတ်ကို ဖြတ်တယ်။ ဂိတ်ကိုကျော်လာပြီးမှ ကားကိုရပ် စောင့်စီးတယ်။ ၂ ဂိတ်လောက် ဒီလိုချည်းလုပ်တာမြင်ရတော့ ဧကန္တ ဒီပုဂ္ဂိုလ်လည်း KIA ဖြစ်မှာပဲလို့ တွေးလိုက်မိတယ်။

ဆက်လက်ဖော်ပြပါမည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: