ဒုက္ခကို ပျားရည်ဆမ်း၍ – ၂ (မောင်လွမ်းဏီ)

“စိုက်ခင်းရေမြောင်းက ရေကို ကြွေဇလုံတလုံးနဲ့ တခွက်ပြီးတခွက် ခပ်ခပ်သောက်နေတဲ့ ကရင်အပျိုပေါက်မလေးတယောက်ရဲ့ သင်တိုင်းဖြူလေးမှာ ဘယ်လိုအပူနဲ့ သောကတွေ စွန်းထင်းနေလေမလဲ …”

အာအက်ဖ်အေ သောတရှင်များခင်ဗျား

ထိုင်း မြန်မာနယ်စပ် ဝေါ်လေဒေသအနီးတဝိုက်မှာ နအဖ စစ်တပ်က ပစ်ခတ်တိုက်ခိုက်ခဲ့နေတဲ့ လက်နက်ကြီးတွေ ထိုင်းနိုင်ငံဘက်ခြမ်းမှာ ထွက်ပြေးရောက်ရှိ ခုံလှုံနေရတဲ့ စစ်ပြေးဒုက္ခသည်တွေရဲ့ ယာယီဒုက္ခသည် စခန်းနေရာတွေအနီး ကျရောက်ပေါက်ကွဲနေတာကြောင့် စစ်ပြေးဒုက္ခသည်များ အပါအဝင် ဒေသခံ ထိုင်းရွာသူရွာသားများပါ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ နေရာတွေကို ရောက်သွားတဲ့အခါ မြင်ရတဲ့မြင်ကွင်းတွေက ပြည်တွင်းဖြစ် စစ်ရဲ့သားကောင်တွေကို အစုလိုက် အပြုံလိုက် တွေ့ရမြင်ရတဲ့ ပုံရိပ်တွေပဲ ဆိုရပါလိမ့်မယ်။


ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ်၊ မောကဲထိုင်းကျေးရွာ ပတ်ဝန်းကျင်မှာ လက်နက်ကြီးတွေ ကျရောက်တဲ့အတွက် ကျေးရွာအတွင်း ရောက်ရှိခိုလှုံနေကြရတဲ့ မြန်မာဘက်ခြမ်းက ရွာသူရွာသား ၁၀၀၀ ကျော်နဲ့ ထိုင်းရွာသားတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးခဲ့ကြရတယ်လို့ စစ်ပြေးဒုက္ခသည် ရွာသားတဦးက သတင်းဌာနတခုကို ပြောပြနေပါတယ်။ လက်နက်ကြီးတွေကျတာကြောင့် စစ်ပြေးဒုက္ခသည် အမျိုးသမီးတယောက်ဆိုရင် ကြောက်လန့်ပြီး သွေးပျက်သွေးတက်ပြီး သတိလစ်သွားတယ်။

ဒီလိုတိုက်ပွဲတွေ ဖြစ်ပြီဆိုရင် ကျနော်တို့ ရွာသူရွာသားတွေပဲ ပိုဒုက္ခရောက်တယ်။ တိုက်ပွဲတွေကြောင့် ရွာမှာမနေရဲလို့ ရွာပုံး တနေရာပြီးတနေရာ ရှောင်ပြေးပြီးမှ ထိုင်းဘက်ကိုရောက်လာတာ။ ထိုင်းဘက်မှာ ရောက်တာတောင်မှ ပြေးရပြန်သေးတယ်ဆိုတော့၊ ပြေးစရာမြေ စဉ်းစားနေရတဲ့ ခိုကိုးရာရမဲ့ ဘဝမျိုးပေါ့ဗျာ လို့ ပြောပြနေပုံက ခိုမှီရာ ဝါးရိပ်တခုတောင် ခက်ခဲနေပုံပါပဲ။

ဒီစစ်ပြေးဒုက္ခသည် ရွာသူရွာသားတွေဟာ မောကဲထိုင်းကျေးရွာ အစွန်အဖျားတွေမှာ နေထိုင် တိမ်းရှောင်နေကြရပြီး တချို့က ထိုင်းစစ်တပ်ရဲ့ တပ်စခန်းဝင်းထဲမှာ ထိုင်းအာဏာပိုင်တွေက ယာယီ ခိုလှုံခွင့်ပေးထားသလို တချို့ကတော့ တောင်ယာခင်းတွေမှာ သွားရှောင်နေထိုင်ကြသူများလည်း ရှိကြပါတယ်။ စစ်ပြေးဒုက္ခသည်တွေဆိုတာကတော့ ဘယ်နိုင်ငံ ဘယ်လူမျိုး ဘယ်ဒေသ ဘယ်လိုစစ်ပွဲတွေ ဖြစ်ဖြစ် ရင်ဆိုင်ခံစားရတာ၊ ဒုက္ခကို ကျောပိုးထားရတာ၊ အသက်လုပွဲတွေ ကြုံရတာတွေက အတူတူပါပဲ။

သို့ပေမယ့် မိခင်တွေနဲ့ ခလေးတွေကတော့ အထိခိုက်ဆုံးနဲ့ အသေအကြေ ဒဏ်ခံရသူတွေမဟုတ်လား။ ထိုင်းတပ်က သောက်ရေနဲ့ ထမင်းပေးပေမယ့် တောင်ယာထမင်း မစားရရင် အိပ်မပျော်ကြသူတွေဆိုတော့ သစ်ရိပ်မှာ ချိတ်ဆွဲထားတဲ့ ရေသန့်ဗူးကို တွေတွေငေးငေး ကြည့်မောရုံကလွဲလို့ ဘာခံစားချက်မှမရှိတော့တဲ့ လူရှင်တွေလိုပါပဲ။

ရောက်လာတဲ့ ဒုက္ခသည် ရွာသူတဦးကတော့ အခက်အခဲတွေကတော့ အမျိုးမျိုးကြုံနေရပုံ၊ ယောက်ျားကလည်း ကျန်းမာရေး မကောင်းလို့ သစ်ရိပ်မှာ ခွေလျောင်းနေရပုံ။ ပိုက်ဆံကလည်းမရှိတဲ့အပြင် ကလေးကလောက်တွေကလည်း တဖက်နဲ့မို့ အခု သူများအိမ်နားမှာ ခိုကပ်နေရပုံကို နွမ်းယော်ညစ်ပေနေတဲ့ သင်တိုင်းအနားစနဲ့ မျက်ရည်သုတ်ရင်း ပြောပြရှာပါတယ်။

တောင်ယာစိုက်ခင်းတွေမှာ ရှောင်တိမ်း ခိုလှုံနေထိုင်ကြတဲ့သူတွေဆီရောက်သွားတော့ သူတို့ကတော့ တောင်ယာစိုက်ခင်းရှင်တွေကိုတောင် ကျေးဇူးတင်ချင်စရာတွေ့ရတဲ့ မြင်ကွင်းပါ။ ရွာစွန်ရွာဖျား၊ တောကြိုအုံကြား၊ ဝါးရိပ် ခင်တန်းရိပ်မှာ လဲလျောင်း ခွေဆင်းနေတဲ့သူတွေထက်စာရင် ဒီတောင်ယာစိုက်ခင်းတွေထဲမှာ နေရတဲ့သူတွေက ကံကောင်းထောက်မနေသလိုပါပဲ။

ပလတ်စတစ်မိုးကာ တဖက်ရပ်တဲလေးတွေမှာ မိသားစုလိုက်နေထိုင်နေကြတာပေါ့။ တချို့တွေက တောင်ယာစိုက်ခင်းတွေထဲမှာ အလုပ်တောင် လုပ်နေကြသူတွေ ရှိပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေသာ တဖက်ရပ် တဲစောင့်အဖြစ် ကျန်နေကြတာပေါ့။ သူတို့တွေ ထမင်းစားနားချိန်၊ ကိုယ့်တဲလေးတွေဆီ အသီးသီး ပြန်လာကြတော့မှ သူတို့ဆီက အံ့သြမင်သက်မိစရာစကားတွေကို ကြားရပါတော့တယ်။

ထိုင်းဆန်ကြမ်းကြမ်းနဲ့ စိုက်ခင်းက မုန်လာ၊ မုန်ညင်းပြုတ်ကို တာလဘောဆန်ဆန် ချက်ထားတဲ့ ဟင်းလျာဟာ မသေအောင် မစားမဖြစ်စားနေရတဲ့ ပုံပန်းမျိုး၊ အနေအထားမျိုးတွေပါ။ စိုက်ခင်းရေမြောင်းက ရေကို ကြွေဇလုံတလုံးနဲ့ တခွက်ပြီးတခွက် ခပ်ခပ်သောက်နေတဲ့ ကရင်အပျိုပေါက်မလေးတယောက်ရဲ့ သင်တိုင်းဖြူလေးမှာ ဘယ်လိုအပူနဲ့ သောကတွေ စွန်းထင်းနေလေမလဲ။

ဖထီးတို့က ကြောက်တတ်တဲ့ရောဂါ ရနေပြီ။ ထိုင်းစစ်တပ်လည်း ကြောက်ရတယ်။ (ပယော်) ဗမာစစ်တပ်လည်း ကြောက်ရတယ်။ ဘယ်သူနဲ့ ဘယ်သူတိုက်တိုက် ကြောက်နေရတာပဲ။ ပြေးရလွှားရလို့လည်း ကွမ်းတငုံတောင် မငုံနိုင်တော့ဘူး။ ဆေးတဖွာဆိုတာ မေ့တောင်နေပါပြီ ဖိုးခွားရာလို့ လက်ဆေးရင်းပြောနေတဲ့ ကရင်အဖိုးအိုရဲ့အသက်ကို ကျွန်တော် စိတ်နဲ့ ခန့်မှန်းတွက်ချက်နေမိပါတယ်။

ပြန်ပို့မှာလည်း ကြောက်ရသေးတယ်ကွဲ့။ ဟိုမှာက အိမ် မီးလောင်လောက်ပြီ၊ စပါးကျီ ကုန်လောက်ပြီ။ ပစ်သံခတ်သံတွေမှ မရပ်တာ။ ဒီတော့ တောင်ယာစိုက်ခင်းမှာ အလုပ်တောင်းလုပ်ပြီး နေကြတာ။ စိုက်ခင်းအလုပ်သမားလို့ လိမ်ပြီးနေတော့ ထိုင်းစစ်တပ်က ပြန်ပို့မယ့် စာရင်းထဲ မထည့်ဘူးပေါ့။

ဒါပေမယ့် တခြားစိုက်ခင်းအလုပ်သမားတွေလို ၁၀၀ မျိုး ၉၀ မျိုး မရပါဘူး။ ၅၀၊ ၆၀ ပေါ့။ နေရတာ နည်းနည်းလုံခြုံတာ တခုပါပဲကွယ်။ မသေရင် တနေ့တော့ ရွာကို ပြန်ရောက်ပါစေလို့ ဘုရားသခင်ကို တိုင်တည်ဆုတောင်း နေရတာပဲလို့ ပြောပြနေရင်း တောင်ပြာမှိုင်းမှိုင်းကို ငေးရီနေတဲ့ ကရင်အမိုး မျက်ဝန်းမှာ မျက်ရည်တောင် ခမ်းခြောက်သွားတာ ကာလကြာရှည်ပုံပါပဲ။

နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။


မောင်လွမ်းဏီ
၂-၁-၂၀၁၁

သရုပ်ဖော်ပန်းချီ – မောင်မောင်တင်

လွတ်လပ်တဲ့ အာရှအသံ (RFA) မှ ပြန်လည် ကူးယူဖော်ပြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: