ရန်ငါမခွဲ ဒို့အထဲကြောင့် ဘီလူးသွားကို လဖြဲတည်း (ရဲဘော်ကျော်သန်း)

“ဒီတော့ ရန်ငါစည်းကွဲပြားပြီး တော်လှန်ရေးကို တော်လှန်ရေး အတွေ့အကြုံနဲ့ လုပ်မယ့်အင်အားစုနဲ့ လူထုအကျိုးကို ဦးထိပ်ထားတဲ့ အင်အားစုတွေ လူပုဂ္ဂိုလ်တွေရဲ့ ညီညွတ်ရေးသာ အလိုရှိအပ်တယ်။ ပြည်သူကို အကျိုးပြုနိုင်တယ်။ လက်ရှိ အနှစ်(၂၀)ကျော် ပြည်ပဦးဆောင်မှုနဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ညီညွတ်ရေးဆိုတာတွေကတော့ အလိုမရှိအပ်တဲ့ အရာတွေ ဖြစ်တယ်။ တိုင်းပြည်အတွက် အဆိုးကိုသာ ဖြစ်စေတဲ့ ချေမှုန်းရမဲ့အရာ ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်း စကားအတိုင်းပြောရရင် “စားဖားတွေရဲ့ ညီညွတ်ရေး အလိုမရှိဘူး …”

ရုတ်တရက် ခေါင်းစဉ်ကြည့်ပြီး ယုတ်ရင်းသလိုတော့ ဖြစ်နေမယ်။ ဒါပေမယ့် တင်ပြချင်တဲ့ အကြောင်းကတော့ ဒီစကားလုံးတွေနဲ့တောင် စံမမှီအောင် ယုတ်မာအောက်တန်းကျ တာဝန်မဲ့လှပါတယ်။

ဂုဏ်တော်အနန္တနဲ့ ပြည့်စုံတဲ့ မြတ်စွာဘုရားကို လူနတ်ဗြဟ္မာတွေသာမက ဂုမ္ဘာဏ်ယက္ခ ဘီးလူး သဘက်တွေကပါ သွားဖြဲ ပူဇော်ကြပုံကို “နတ်ဘီလူးတို့၊ သုံးဦး ပရမေ၊ ဂုဏ်မြုတေကို၊ ဖူးလေတုံမြောက်၊ လက်ပမ်းပေါက်ဖြင့်၊ ဝမ်းမြောက်ဝမ်းသာ၊ စေတနာနှင့်၊သဒ္ဓါရွှင်မြူး၊ကြည် ညွတ်နူးသည်။ ဘီလူးသွားကို လဖြဲတည်း။” လို့ ရေးဖွဲ့ထားတဲ့ အင်းဝခေတ် အကျော်တပါးဖြစ်တဲ့ ရှင်ဥတ္တမကျော်ရဲ့တောလားထဲက စကားကို ယူသုံးလိုက်တာပါ။ အားတော့နာပါရဲ့။


ဒီနေရာမှာတော့ ဘီလူးသွားဖြဲတာက မကောင်းတဲ့သဘော၊ သရော်တဲ့ သဘောဖြစ်တယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘီလူးသဘက်လို စစ်အာဏာရှင်များနဲ့ သူတို့နောက်ဆွဲ အလိုတော်ရိတွေက လောကကြီးကို အထူးသဖြင့် တော်လှန်ပါတယ်ဆိုတဲ့ ကျုပ်တို့အားလုံးကို “မင်းတို့ ဘာတတ်နိုင်လို့လဲ” ဆိုပြီး သရော်မော်ကား ပြုံးတဲ့ ဘီလူးသွားကို လဖြဲတည်း ဖြစ်တယ်။

အနှစ် (၂၀) ကျော် တပ်ပေါင်းစုခေါင်းဆောင်ကြီးတွေဆိုတော့ ပြောစရာမလို သူတို့အလုပ် သူတို့သိတယ်လို့ ယုံကြည်လို့ မပြောတော့ဘူးလို့ နေခဲ့တာ။ အခြေအနေက ပြောမှကို ဖြစ်တော့မယ်။ အတော်ကြာ မဟုတ်မတရား ဖောက်ပြားတာကို နှုတ်ဆိတ်မိတဲ့ သမိုင်းတာဝန် ကြွေးတင်တော့မယ်။

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီဆိုတဲ့ နကပ် (NCUB) အထွေထွေ အတွင်းရေးမှူးချုပ်ကြီးရဲ့ ငွေကြေး စာရိတ္တနဲ့ တော်လှန်ရေးအပေါ် ဖောက်ပြားမှုတွေကို သူ့ရဲ့မိခင်အဖွဲ့ (FTUB) အဖွဲ့ဝင်တွေက ဖွင့်ချခဲ့တယ်။ တလကျော်သွားပေမယ့် ဟုတ်ဟုတ်ငြားငြား အရေးယူတာ မတွေ့မိပါ။ သူဟာ (၂၀၀၈) တနှစ်အတွင်းမှာ ဗမာပြည်ကို သုံးကြိမ်တိုင်တိုင် သွားခဲ့တယ်ဆိုတာကို အထောက်အထားနဲ့ တင်ပြထားတယ်။ ပြည်ပ ထိပ်တန်းအတိုက်အခံအဖွဲ့အစည်း ခေါင်းဆောင် တယောက် ရန်သူစစ်အုပ်စုရဲ့ အာဏာစက်ထဲကို ဝင်ချီထွက်ချီလုပ်နေနိုင်တာဟာ အံ့ဖွယ်သူရဲ ထူးပေသည့် ဆန်းကြယ်ပါပဲ။ နှစ်ဖက်ပါဝင်ပတ်သက်နေကြတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းများရဲ့ အပြန်အလှန် သီးခံပျော့ပြောင်းတဲ့ စိတ်ဓာတ်တွေကလည်း အောချလောက်ပါပေရဲ့။ သူတို့အတွက်တော့ ရန်သူနဲ့ ပလူးပလဲလုပ်တာဟာ ထမင်းစားရေသောက်ကိစ္စလို မှတ်ယူနေကြဟန်တူပါရဲ့။

ဒါ့ထက်မက ရဟန်းများ သိက္ခာထပ်သလို အမေရိကန် ဖို့ဒ်ဝိန်းညီလာခံကြီးက အနှီခေါင်းဆောင်ကြီးကို နိုင်ငံရေးအရောင်တွေ ထပ်တင်ပေးလိုက်ကြသေးတယ်။ အဲဒီ ညီလာခံထဲမှာ နိုင်ငံတကာရောက် တော်လှန်သည်ဆိုသော အမတ်မင်းများ၊ အထူးတော်လှန်သော (၈၈) မျိုးဆက်များနဲ့ နိုင်ငံတကာရောက် စစ်အာဏာရှင် ဆန့်ကျင်ရေး ခေါင်းဆောင်ကြီးတွေ တက်ရောက်ခဲ့ကြတယ်။ အဲဒီထဲမှာ “ရန်ငါမပြတ်လို့ သံဃာအသတ်ခံရတယ်”လို့ မြည်ကြွေးခဲ့တဲ့ ကဗျာကျော်ကြီးလည်း တွေ့လိုက်တယ်။

အနှီသို့သော တော်လှန်ရေးသမားကြီးတွေအကြား အနှီသောခေါင်းဆောင်ကြီးက “သာဒင်ကို ဘာထင်သလဲ” ဆိုတဲ့ ဂိုက်နဲ့မိန့်မိန့်ကြီးပြုံး မိန်းခွန်းတော်တွေခြွေလို့။ တကယ့်ကို ဘီလူးသွားကို လဖြဲတည်းပဲ။ ရန်သူနဲ့ ပလူးပလဲလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ဖို့ နေနေသာသာ ခေါင်းဆောင်းကြီး သိပ်ဖြစ်ချင်နေတဲ့ အစိုးရဖွဲ့ပြီး ဝန်ကြီးချုပ်လုပ်ရေး ပထမအဆင့် ရောကျော် လွှတ်တော်ဖွဲ့ရေးကို ဝိုင်းဝန်းထောက်ခံပေးလိုက်ကြတယ်။

ဘီးလူးသွားကို လဖြဲတည်းက ဒီတင် မရပ်သေးဘူး။ ဘက်မလိုက် သတင်းဌာနကြီးများက ကော်ပတ်စား ပူတင်းဖို့ အရောင်တင်ပေးလိုက်တာနဲ့ အာကာသတခွင် ပြဲပြဲစင်အောင် ခရီးဆန့်လိုက်သေးတယ်။ အဖိနှိပ်ခံလူထုကြီးရဲ့နားကို လှည့်စားကြတယ်။ အနှီသတင်းဌာနကြီးများက ခေါင်းဆောင်ကြီးရဲ့ ဗမာပြည် နိုင်ငံရေးအခြေအနေတွေ၊ ဩဝါဒတွေကို ဝေဝေဆာဆာ ထုတ်လွှင့်ခဲ့တယ်။

ပြီးမှ ရန်သူ စစ်အုပ်စုနဲ့ပတ်သက်တဲ့ စွပ်စွဲချက်ကို အရေးမကြီးသလို ခရီးသွားဟန်လွှဲ မေးဖြေ ချေဖျက်သွားကြတယ်။ သက်ဆိုင်သူ ဘီလူးသဘက်အပေါင်းတို့ကတော့ ကြားကြားသမျှ အဟောဝတ ကောင်းလေစွ ကောင်းလေစွလို့ မိန့်မိန့်ကြီး ဘီလူးသွားကို လဖြဲတည်းနေကြမှာပဲ။ ဖြေရှင်းချက်ကလည်း ရိုးလိုက်ပါ့ ရွာစားရယ် ဆိုသလို ပုဂ္ဂိုလ်ရေး အပုပ်ချတာဆိုပဲ။ စဉ်းတော့ စဉ်းစားစရာပဲ။ အပုပ်ချတယ်ဆိုတဲ့ လူတွေကလည်း သူ့အဖွဲ့ ဝင်တွေ၊ တယောက်ကဆို သူ့ညီလို့တောင် ဆိုတယ်။

မထူးပေမဲ့ဆန်းတာက နှစ်ဘက်အမြင်ပါမှ သတင်းအင်္ဂါရပ်နဲ့ပြည့်စုံတယ် ဆိုတဲ့ သတင်းသမားကြီးတွေက ဒီတခါတော့ တဖက်ထဲအမြင်နဲ့ သတင်းဖြစ်စေ လုပ်လိုက်ကြတယ်။ တဖက်က စွဲဆိုသူရဲ့အမြင်ကို ဘာကြောင့်ထည့်သွင်း မတင်ပြ ကြသလဲ။ စွဲချက်တင်သူ ကိုဇော်ထွန်းက အင်တာဗျူးဖို့ ငြင်းဆန်လို့ ထည့်မပေးတာတော့ မဟုတ်နိုင်ဘူး။ သူက ကြိုက်တဲ့ တရားရုံးရှေ့မှာတောင် ထွက်ဆို စစ်ဆေးခံဖို့ အာမခံထားတယ်။ သူ့ရဲ့ ဆက်သွယ်ရမည့် နံပါတ်တွေကိုလည်း ပေးထားတယ်။

ပြောရရင်တော့ ဗမာလူထုရဲ့ဘဝက ရင်နာစရာပါ။ ပြည်သူလူထု အကျိုးစီးပွားကို ဦးထိပ်ထားပြီး ပြည်သူလူထုရဲ့ ကျေးဇူးသစ္စာကို စောင့်သိရိုသေတဲ့ ခေါင်းဆောင် နိုင်ငံရေးသမားဆိုတာက ခပ်ရှားရှား။ နိုင်ငံတော်၊ တော်လှန်ရေးနဲ့ လက်တွေ့ နိုင်ငံရေးဆိုတဲ့ စကားလုံးတွေကို အမြုပ်ထွက်မတတ်ပြောပြီး လူထုကိုလက်ညှိုးထိုး လုပ်စားနေသူတွေက ပိုများနေတယ်။ ဆိုးလိုက်ပုံက ဒီလိုလုပ်စားသမားတွေကပဲ ရှိစုမဲ့စု လူထုခေါင်းဆောင်တွေကို ခေါင်းမာသလေး၊ လက်တွေ့မကျသလေးနဲ့ တပြန်စီး ကဲ့ရဲ့ ရှုတ်ချပြန်သေးတယ်။ ကောက်ညှင်းက မစီးရဘဲ ဆန်းကြမ်းကစီးပြီး ငပြူးက ပြဲပြနေကြတာပေါ့။

တကယ်တော့ ပြည်တွင်းအင်းအားစုတွေက အဓိကအခန်းကဏ္ဍမှာ ရှိတယ်ဆိုပေမယ့် နယ်ခြားနဲ့ ပြည်ပအင်အားစုတွေရဲ့ အခန်းကဏ္ဍကလည်း ဗမာပြည်လူထုလှုပ်ရှားမှုအတွက် အရေးပါပါတယ်။ ဒီလို အရေးပါတဲ့ အင်အားစုတွေရဲ့ ဦးဆောင်မှုတွေ ဖောက်လွှဲဖောက်ပြန်ဖြစ်နေတာက “အာကာကို လွှာပုံပြုလို့ မေရုကို စုတ်တံချီ” လည်း ကုန်မှာမဟုတ်ပါဘူး။ ဒီအထဲက အခု ဦးမောင်မောင်ရဲ့ ရန်သူနဲ့ ဆက်နွယ်တယ်ဆိုတဲ့ စွပ်စွဲချက်ကတော့ အဆိုးဝါးဆုံးပဲ။ မရှိတဲ့နိုင်ငံရေးသိက္ခာ၊ ကုန်းကောက်စရာ မကျန်အောင် ကျဆင်းသွားတယ်။ ဒီလောက် ဆိုးဝါးတဲ့ အခြေအနေဆိုးမှာတောင် ကာယကံရှင်ကတော့ ဟန်မပျက် သွားမြဲလာမြဲ ကျော်ဟိန်းက ကျော်ဟိန်း ဂိုက်ဖမ်းထားတုန်းပဲ။

ဒီအခြေအနေတွေကိုကြည့်ရင် ပြည်ပအင်အားစုတွေကြားမှာ တော်လှန်ရေးစိတ်ဓာတ်၊ တော်လှန်ရေးဝိဉာဉ် ပျောက်ဆုံးနေပြီလို့ ကောက်ချက်ချနိုင်ပါတယ်။ တော်လှန်ရေးဝိဉာဉ်ဖြစ်တဲ့ ရန်ငါစည်း မပြတ်တဲ့ လက္ခဏာဖြစ်တယ်။ ရန်စည်း ငါစည်း ပြတ်ရမယ်ဆိုတဲ့ တော်လှန်ရေးဥပဒေသကို ကွန်မြူနစ်တွေရဲ့ ဆောင်ပုဒ်လို့ တလွဲထင် အင်ဂျီအိုတွေ အလိုကျ ပုတ်ခတ်ဖျက်ဆီးခဲ့ကြတဲ့ ဒဏ်ရာ ဒဏ်ချက် အကျိုးဆက်ဖြစ်တယ်။ ရန်ငါစည်းခြား ပြတ်သားရမယ်ဆိုတာ ကွန်မြူနစ်မှမဟုတ် တော်လှန်ရေးတရပ်ကို ဆင်နွှဲတဲ့ ဘယ်အင်အားစုမဆို လိုက်နာရမယ့် ဥပဒေသ ဖြစ်တယ်။

ဗမာတွေရဲ့ လူမှုပုံစံမှာ တိကျပြတ်သားတဲ့ ခွဲခြားသတ်မှတ်ချက်နဲ့ နေထိုင်ကျင့်ကြံကြတယ်။ အရွယ်၊ တာဝန်ဝတ္တရားအရ ဂုဏဝုတ္တိ၊ ဝယဝုတ္တိ ပိုင်းခြားထားသလို တိုက်ပွဲဆန်တဲ့ကိစ္စတွေမှာလဲ လူ့စည်း ဘီလူးစည်းခွဲခြားပြီး တိတိကျကျ လိုက်နာကျင့်ကြံကြတယ်။ အင်္ဂလိပ်ဗမာ ဒုတိယစစ်ပွဲအပြီး အောက်ဗမာပြည် အသိမ်းခံခဲ့ရတယ်။ ဒါကို အောက်ဗမာပြည်က မျိုးချစ်တွေက တော်လှန်ကြတယ်။ အဲဒီအထဲမှာ ငမြတ်ထွန်းလို့ ချိုးဖဲ့ခေါ်ပေမယ့် အင်္ဂလိပ်တွေကိုယ်တိုင်က ကြောက်ရွံ့ခန့်ငြားရတဲ့ ဗိုလ်မြတ်ထွန်းလည်း တဦးအပါအဝင် ဖြစ်တယ်။

ဗိုလ်မြတ်ထွန်းဟာ ထောင်ချီတဲ့ နောက်လိုက်အင်အားနဲ့ အင်္ဂလိပ်တွေရဲ့ သိမ်းပိုက်ရေးတပ်တွေကို ထိထိရောက်ရောက် တိုက်ခိုက်ခဲ့တယ်။ ရန်စည်း ငါစည်း ပြတ်ပြတ်သားသား ခွဲခြားပြီး ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့တယ်။ ဒါကြောင့် အင်္ဂလိပ်တွေက ဗိုလ်မြတ်ထွန်းတို့ ကျောထောက် နောက်ခံပြုတဲ့ ကျေးရွာနယ်ပယ်တွေကို ရက်ရက်စက်စက် ဖျက်ဆီးချေမှုန်းတယ်။ ဆုတော်ငွေ ထုတ်တယ်။

ကြာတော့ ဗိုလ်မြတ်ထွန်းတို့ ရပ်တည်လှုပ်ရှားရေး ခက်ခဲလာတယ်။ ပင်ပန်းဆင်းရဲမှုနဲ့ အကျအဆုံးတွေ များလာတယ်။ တဖက်မှာလည်း အင်္ဂလိပ်တွေက ဗိုလ်မြတ်ထွန်းနဲ့ နောက်လိုက်တွေကို လက်နက်ချဖို့ ငွေကြေး၊ အာဏာ၊ မြို့စား၊ ဝန်ထောက် ရာထူးတွေနဲ့ ချော့မြူနေတယ်။ ဒီအခြေအနေမှာ ဗိုလ်မြတ်ထွန်းရဲ့သားတဦးက ပင်ပန်းဆင်းရဲမှုတွေကို ညီးတွားပြီး ရန်သူ အင်္ဂလိပ်တွေရဲ့ ကမ်းလှမ်းချက်တွေကို လက်ခံပြီးစေ့စပ်ဖို့ တပ်ထဲမှာ ပြောမိတယ်။

ဒါကို ဖခင်လုပ်တဲ့ ဗိုလ်မြတ်ထွန်းက ဗိုလ်ပုံအလယ်မှာတင် ကွပ်မျက်သုတ်သင်ခဲ့တယ်။ သားကိုတောင် မထောက်ညှာပဲ ရန်ငါစည်းပြတ်တဲ့ ဗိုလ်မြတ်ထွန်းရဲ့ ဒီလိုလုပ်ရပ်ကို ဒေါ်စုနဲ့ ဦးဝင်းတင်တို့ကို ခေါင်းမာဂိုဏ်းလို့ အပုပ်ချနေကြတဲ့ အညံ့ခံ ရွှေပြည်အေးသမားတွေက ဘယ်လို သွားပုပ်လေလွင့် ပြောကြအုံးမလဲ မသိနိုင်ဘူး။

ဒီနေ့ခေတ် ကျုပ်တို့ထဲက ရန်သူနဲ့ ပလူးပလဲလုပ်တာ၊ အရေးတော်ပုံကို သစ္စာဖောက်တာ၊ ရန်သူရဲ့ မတရားတဲ့ လုပ်ရပ်တွေကို မသိမသာတမျိုး၊ သိသိသာသာတမျိုး အားပေးထောက်ကူနေတာ။ အခု ဦးမောင်မောင်လို ရန်သူနဲ့ မရှင်း မရှင်း ကိစ္စမျိုးတွေကို ဗိုလ်မြတ်ထွန်းသာရှိရင် ဘယ်လိုပြောလို့ ဘယ်လို အရေးယူမလဲ။ သိပ်များများ စဉ်းစားစရာ မလိုဘူး ထင်ပါတယ်။

ဒါပေမယ့် ဒီနေ့ခေတ် တော်လှန်ရေးသမား ဆိုသူများအတွက်တော့ ဒါဟာ သူ့အမြင်သူတင်ပြတာလို့ ဆိုကြအုံးမှာပဲ။ ဒါပေမယ့် ဗိုလ်မြတ်ထွန်းရဲ့ သားနဲ့ ကျုပ်တို့ခေတ် နိုင်ငံရေးသမားတွေနဲ့ ခေါင်းဆောင်တချို့ရဲ့ အပြုအမူတွေဟာ အကျိုးသက်ရောက်မှု အားဖြင့်တော့ တော်လှန်ရေး အရေးတော်ပုံတပ်သားတွေရဲ့ စိတ်ဓာတ်ကိုတွေ ဝေယိမ်းယိုင်စေတယ်။

ဒါကြောင့် ဗိုလ်မြတ်ထွန်းက သားဖြစ်သူကို ပြတ်ပြတ်သားသား တော်လှန်ရေးဆန်ဆန် အရေးယူလိုက်တာပဲ။ ကဲ ကျုပ်တို့အထဲမှာကော ဒီလို တော်လှန်ရေးဆန်တဲ့ ခေါင်းဆောင်မှု ဘယ်မှာလဲ။ အဖွဲ့ပေါင်းစုံစုထားတဲ့ နကပ် အဖွဲ့ကြီးမှာ မရှိတာကတော့ ဦးမောင်မောင်ကိစ္စက သက်သေပဲ။

ဒေါ်အောင်ဆန်းစုကြည်ကို ဟိုလိုမလုပ်ဘူး၊ ဒီဟာမလုပ်ဘူး၊ ဒါလုပ်တာ အလကားလို့ ဝေဖန် ကဲ့ရဲ့နေကြတဲ့ အမည်ခံ တော်လှန်ရေးသမားများ မောင်မောင့် အရှုပ်တော်ပုံကြမှ နှုတ်ဆိတ်နေတာကလည်း အတော်ဆန်းတယ်။ ဘာကိုများကြောက်နေကြရလို့လဲ။ ဘာကိုများ ထောက်ထားနေကြရလို့လဲ။

အင်ဂျီအိုတွေကို သိပ်ပိုင်ပါတယ်ဆိုတဲ့ အနှီခေါင်းဆောင်ကြီးနောက်ကွယ်က ထောက်ထားစရာ၊ အကြောက်ပွားစရာ ဘာတွေများရှိနေသလဲ။ စိတ်ဝင်စားစရာ အချက်တွေထဲက စိတ်ဝင်စားစရာ အကောင်းဆုံးက ဗမာပြည်မှာ မလုံခြုံလို့ဆိုတဲ့အချက်နဲ့ ခိုလှုံခွင့်ပေးထားတဲ့ အမေရိကန် အာဏာပိုင်တွေကလည်း ခိုလှုံသူ ဗမာပြည်ကိုသွားတဲ့ကိစ္စကို တစုံတရာ အရေးယူစစ်ဆေးတာ မတွေ့ရတာပဲ ဖြစ်တယ်။ အမေရိကန်ရောက် တော်လှန်ရေးသမားဆိုသူများကကော ဒီကိစ္စကို သက်ဆိုင်ရာ အာဏာပိုင်တွေဆီ ထောက်ပြအရေးမဆိုကြတာ ဘာကြောင့်လဲ။

တချို့ကတော့ ဒီကိစ္စကို ရှုတ်ချကြတယ်။ လူပုဂ္ဂိုလ်ချင်းကြားမှာပဲ လက်မခံဘူးလို့ ပြောကြတယ်။ ဒါပေမယ့် ရန်စည်းငါ စည်းခြားဖို့ အရေးယူဆောင်ရွက်မှုတွေ ပူးပေါင်းဆောင်ရွက်ကြဘို့ နှိုးဆော်ရင်တော့ အကြောင်းအမျိုးမျိုးနဲ့ ရှောင်ကြတယ်။

“ဒီကောင့်ကို အစကတည်းက မယုံလို့ စိတ်ကိုမဝင်စားဘူး” “ဘာမှ လုပ်စရာမလိုဘူး၊ သူ့အလိုလို ကျဆုံးသွားလိမ့်မယ်” “အဖက်လုပ်စရာ မလိုဘူး” စတဲ့ ဆင်ခြေအမျိုးမျိုးကို ပေးကြတယ်။ ခက်တာက အနှီပုဂ္ဂိုလ်ဟာ အသိအမှတ်ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ နိုင်ငံတော်ကောင်စီဆိုတဲ့ NCUB နကပ်ရဲ့ အတွင်းရေးမှူးချုပ် ခေါင်းဆောင်ကြီး ဖြစ်တယ်။

သူ့လုပ်ရပ်အားလုံးဟာ ပြည်ပလှုပ်ရှားတင်မက ပြည်သူတရပ်လုံးကိုပါ ကိုယ်စားပြုသလို ဖြစ်နေတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီလို့ ဆိုထားတာကိုး။ ဒီလိုနေရာ ဒီလိုပုဂ္ဂိုလ်ရဲ့ ဒီလိုလုပ်ရပ်ကို တစုံတရာ ဝိုင်းဝန်းအရေးယူဆောင်ရွက်တာ မလုပ်ဘူး၊ မလုပ်နိုင်ဘူးဆိုတာဟာ အဖိနှိပ်ခံ ပြည်သူတရပ်လုံးကို စော်ကားသလို ဖြစ်နေတယ်။ ဒီအတိုင်းသာဆို ကျုပ်တို့အားလုံး တော်လှန်ရေးဆိုတဲ့ စကားလုံးကို ရာသက်ပန် စွန့်လွှတ်ဖို့ လိုပြီထင်ပါတယ်။

ရန်ငါစည်းမပြတ်တဲ့ တော်လှန်ရေးဟာ အောင်ပွဲဆင်စရာအကြောင်း မရှိပါဘူး။ အယုတ်မျိုးစုံ၊ အကောက်အကျစ် အနန္တနဲ့ ရက်စက်မှု သရဖူဆောင်းနေတဲ့ စစ်မိစ္ဆာတွေကို ဆန့်ကျင်တိုက်ပွဲဝင်ရာမှာ ပိုတောင်ခက်ခဲပါသေးတယ်။ ရန်စည်း ငါးစည်း မခွဲခြားနိုင်ခြင်းဟာ ရန်သူကို အခွင့်အလမ်းပေးခြင်း ဖြစ်တယ်။ ထိုးဖောက်ဝင်ရောက်ဖို့ လမ်းဖွင့်ပေးခြင်း ဖြစ်တယ်။

ကျုပ်တို့ တော်လှန်ရေး တပ်ပေါင်းစုတွေထဲမှာ ထရိုဂျင်မြင်း( Trogen Horse of Troy ) က တကောင်မက အုပ်ဖွဲ့ နေရာယူထားကြသလားတောင် ထင်မိတယ်။ ပိုဆိုးတာက အင်အားစုတွေကြားမှာ ယုံကြည်မှုပျက်ပြားပြီး တိုက်ပွဲဝင်သတ္တိ ပျောက်ဆုံးစေတာ ဖြစ်တယ်။ အရေးတော်ပုံ တပ်သားတွေကြားမှာ “ငါလုပ်လည်း ဘာမှထူးမှာ မဟုတ်ပါဘူး” ဆိုတဲ့ အမြင်ဟာ တော်လှန်ရေးကို ရှုံးနိမ့်စေတဲ့ အဓိက အကြောင်းတရား ဖြစ်တယ်။

တော်လှန်ရေးဆိုတာ လူစု ဟိုဘက်ဒီဘက် အသင်းခွဲပြီး ဘောလုံးကန်သလို မရိုးစင်းပါဘူး။ သူ့လူ ကိုယ့်ဘက်သားရှိနိုင်သလို၊ သူ့ဘက်ရောက်နေတဲ့ ကိုယ့်လူတွေလဲ ရှိနိုင်ပါတယ်။ ဒါတွေကို တော်လှန်ရေး သတိနဲ့ စောင့်ကြည့်ကာကွယ် ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။ အထူးသဖြင့် တော်လှန်ရေးရဲ့ ဦးဆောင်မှုကို ရန်ငါစည်းပြတ်အောင် ထိန်းသိမ်းကာကွယ်ဖို့ လိုပါတယ်။

ရန်ငါသဘောဆိုတာကလည်း လူပုဂ္ဂိုလ် အသင်းအဖွဲ့နဲ့ ရပ်တည်ချက်ကိုဘဲကြည့်ပြီး ဆုံးဖြတ်လို့ မရပါဘူး။ ပါဝင်ပတ်သက်နေသူတွေရဲ့ အတွေးအမြင် အကျင့်အကြံစတဲ့ စိတ်သဘော နာမ်သဘောတွေကိုပါ ချင့်တွက်ဖို့ လိုပါတယ်။ တော်လှန်ရေးဆိုတာက စနစ်ဟောင်း ပုံစံဟောင်းတွေကို ဖြိုဖျက်ပြီး စနစ်သစ်၊ စနစ်ကောင်းနဲ့ အစားထိုးဖို့ ဖြစ်ပါတယ်။

ဖောက်ပြန်တဲ့ စစ်အုပ်စုနေရာမှာ နောက်ထပ် ထူးမခြားနားတဲ့ အစိုးရတခုနဲ့အစားထိုးဖို့ (Regime Change) မဟုတ်ပါဘူး။ ဒီတော့ ပါဝင်ပတ်သက်နေသူ အားလုံးက မိမိကိုယ်တိုင်ထဲမှာ စွဲကပ်နေတဲ့ စနစ်ဟောင်း စနစ်ဆိုးထဲက အကျင့်ပျက် စရိုက်ဆိုးတွေကို ဖယ်ခွာထားနိုင်ဖို့ လိုပါတယ်။

အများနဲ့သက်ဆိုင်တဲ့ ကိစ္စတွေမှာ လုပ်ဖောက်ကိုင်ဖက် တဦးနဲ့တဦးအကြား ပွင့်လင်းပွင့်လင်း ဆွေးနွေးအဖြေရှာရမယ့်အစား အုပ်စုဖွဲ့ဂိုဏ်းဖွဲ့ လှုပ်ရှားမှု၊ ကိုယ်ကျိုးမျှော်ကိုးချက်နဲ့ ကိုယ်တွက်ချန် နိုင်ငံရေး သို့မဟုတ် အများစုအကျိုးထက် အတ္တအကျိုးကို ရှေ့တန်းတင်မှု၊ တာဝန်မဲ့ နေထိုင်ကျင့်ကြံမှု၊ စွန့်လွှတ်ခြင်း အနစ်နာခံခြင်းစတဲ့ ကောင်းမြတ်တဲ့ ပြိုင်ဆိုင်မှုနဲ့ အပြန်အလှန် အသိအမှတ်ပြုမှုထက် အပြန်အလှန် နင်းချေအသုံးချတဲ့ ဆက်ဆံရေး၊ မင်းသားကြီး မလုပ်ရရင် ပတ်မကြီးထိုးဖောက်တတ်တဲ့ အကျင့်၊ စုပေါင်းဆောင်ရွက်မှုထက် တဦးကောင်း တယောက်ကောင်းဝါဒကို သိရက်နဲ့ ဖြစ်စေ၊ မသိဘဲနဲ့ ဖြစ်စေ လက်ခံကျင့်ကြံမှု စတဲ့ စနစ်ဟောင်းရဲ့ အကျင့်ဆိုးတွေက လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော် ကာလတခုလုံး ကျုပ်တို့ တော်လှန်ရေးကို ကြီးစိုးနေခဲ့တယ်။

ဒါတွေက ကျနော်တို့ကိုယ်တွင်းက ရန်သူတွေပါပဲ။ ဒီအတွင်း ရန်သူတွေက ကျနော်တို့ကို အောင်ပွဲနှင့် ကင်းဝေးအောင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါတယ်။ ဦးမောင်မောင်ရဲ့ အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး အခုထိ ထိထိရောက်ရောက် အရေးမယူနိုင်တာဟာ ဒီအကျင့်ဆိုးတွေ ရှိနေတာကို သက်သေခံနေတယ်။

ဒီလို တော်လှန်ရေးထဲက ဖောက်ပြန်မှု အထွေထွေကို အရေးယူဖယ်ရှား မလုပ်နိုင်တာဟာ လူထုရဲ့ ယုံကြည်မှုကို ပျက်ပြားစေတယ်။ ပူးပေါင်းဆောင်ရွက်မှုကို ယုတ်လျော့စေတယ်။ လူထုယုံကြည်မှု ပျက်ပြားပြီး ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ ဘယ်တော်လှန်ရေးဟာ အောင်ပွဲခံစရာ အကြောင်းမရှိပါဘူး။

မဖြစ်မနေ လူထုဆီသွားရမယ့် တော်လှန်ရေးသမားတွေက ကိုယ့်အနားရောက်လာတဲ့ လူထုတွေကိုတောင် မစည်းရုံးနိုင်ခဲ့ဘူး။ သူတို့ကိုယ်သူတို့ လူတန်းစားတရပ်လို ကျင့်ကြံနေထိုင်ကြတယ်။ မင်းစိတ်ပေါက်ပြီး လူထုနဲ့ထိတွေ့ဖို့ ဝန်လေးလာကြတယ်။ လူထုကလည်း “သူတို့က နိုင်ငံရေးသမားတွေ” ဆိုတဲ့ အမြင်နဲ့ မဆိုင်သလို ရှုမြင်လာကြတယ်။

ဒါတွေကို ပြုပြင်ရကောင်းမှန်း မသိတဲ့အပြင် ဘဝင်မြင့်သလိုတောင် ကျင့်ကြံလိုက်ကြသေးတယ်။ အဆိုးဆုံးကတော့ နိုင်ငံရေးသမားလုပ်ရင် အဖွဲ့အစည်းကလူဖြစ်ရင် ငွေဖောဖောသုံးပြီး လတ်ယားလတ်ယား နေနိုင်တယ်ဆိုတဲ့ လူထုရဲ့ အမြင်ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ တော်လှန်ရေးဆိုတာ ငတ်မယ်၊ ပြတ်မယ်၊ ဆင်းရဲမယ်ဆိုတာတောင် ယုံတမ်းစကား ဖြစ်သွားပြီ။

ပြောရရင် ဒါတွေအားလုံးဟာ အင်ဂျီအို ရင်ငွေ့လှုံခေါင်းဆောင်မှုကြောင့် ဖြစ်တယ်။ အနှစ် (၂၀) ကျော်ခေါင်းဆောင်မှုဆိုတာ ရပေါက်ရလမ်းဖြစ်တဲ့ အင်ဂျီအိုနဲ့ ပြေလည်အောင်လုပ်ငွေရှာ၊ ငွေနဲ့ ခေါင်းဆောင်မှု ထူထောင်ပြီးတော့ တခါ ဒီ ခေါင်းဆောင်မှုနဲ့ အင်ဂျီအိုနဲ့ပေါင်း ငွေရှာနဲ့ သံသရာလည်နေတာ ဖြစ်တယ်။ ပရောဂျက်၊ ပရိုပိုဆယ်၊ ရပို့ဆိုတာတွေထဲက မထွက်နိုင်တဲ့ ခေါင်းဆောင်မှုပဲ ဖြစ်တယ်။

သူတို့အတွက်တော့ တိုင်းပြည်အကျိုး လူထုအကျိုးဆိုတာ လေဒီယိုထဲမှာ လေကြီးလေကျယ်ပြော၊ စာရွက်ပေါ်မှာ စာလုံးကြီးကြီးနဲ့ အမဲတင်လိုက်ရင် ပြီးတယ်။ ဒီတော့ တော်လှန်ရေးခေါင်းဆောင်မှုရဲ့ အခြေခံအကြောင်းတရားဖြစ်တဲ့ လူထုအခြေခံ၊ လူထု ယုံကြည်ကိုးစားမှု ဆိုတာ ပျောက်ဆုံးသွားရတော့တယ်။

ဝမ်းနည်းစရာတင်မက စိုးရိမ်စရာကောင်းတာက ဒီဖောက်ပြန်တဲ့ အကျင့်ဆိုးတွေဟာ ပလိပ်ရောဂါလို ပျံ့နှံ့သွားပြီး ပြည်တွင်းက အင်အားစုတွေကိုပါ ကူးစက်သွားတာပဲ ဖြစ်တယ်။ NLD ပါတီထဲက တချို့လွင့်စင် ခွဲထွက်သွားတာ ဒါကြောင့်ပဲ။ ရန်သူစစ်အုပ်စုကလည်း ဒါတွေကိုသိရဲ့နဲ့ တမင်လမ်းဖွင့်ပေးထားတယ်။ NGO တွေနဲ့ ချိတ်ဆက်ပြီး ပြည်တွင်းက အုပ်စုတချို့ရဲ့ သင်တန်းတွေ၊ ဟောပြောပွဲတွေကို အနှောက်အယှက်မရှိ လှုပ်ရှားနေနိုင်တာက ပြယုဂ်တခု ဖြစ်တယ်။

ဒီဖောက်ပြန်မှုတွေကို ဖယ်ရှားပြုပြင်ဖို့ ကျိုးစားသူတွေ၊ ဝေဖန်မှုတွေကို ညီညွတ်ရေးတို့ ရန်သူအားပေး လုပ်တယ်တို့ ဆိုတာတွေနဲ့ အပုပ်ချရှောင်လွဲခဲ့ကြတယ်။ ဒီမိုကရေစီပြောပြီး ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ အပြန်အလှန် ဝေဖန်ရေးကို ကြောက်နေကြတာ အံ့သြစရာပဲ။ အခုတော့ ငါးပါးတင်မက သံဃာစင်ပါ မှောက်ခဲ့ပြီ။

အင်ဂျီအို သတင်းမီဒီယာနဲ့ သင့်တင့် (Think Tank) ဆိုတဲ့ လူတတ်များက ဒီဖောက်ပြန်မှု အဆောက်အဦယန္တရားကို ဝိုင်းဝန်းကာကွယ်ခဲ့ကြတယ်။ ဒါမှလည်း သူတို့အိတ်ဖောင်းပြီး ဘဝကူးကောင်းကြမှာကိုး။ အခုတောင် တချို့ ကူးဖို့ပြောင်းဖို့ ချောင်းနေကြပြီ။ သူ့ဖောက်သယ်နဲ့သူ၊ ကိုယ့်စားခွက်နဲ့ကိုယ် အားလုံး သဟဇာတဖြစ်ပြီးညီပြီး ညွတ်နေကြတာပဲ။

ဒီညီညွတ်မှုနဲ့ တော်လှန်ရေးထဲက မတူကွဲပြားတဲ့ အမြင်တွေ၊ ပြုပြင်းပြောင်းလဲလိုတဲ့ အင်အားစုတွေကို ဝိုင်းပတ်ချေ မှုန်းထားနိုင်ခဲ့ကြတယ်။ ဒီအင်အားစုတွေရဲ့ ညီညွတ်မှုက တိုင်းပြည်၊ လူမျိုးနဲ့ အရေးတော်ပုံအတွက် ဘယ်လောက် အကျိုးပြုခဲ့တယ်ဆိုတာ အနှစ် (၂၀) ကျော်ကာလက သက်သေပါပဲ။ ဒါကြောင့်လည်း တကမ္ဘာလုံးက အော့နှလုံးနာ၊ ပြည်သူတရပ်လုံးက ခါးသည်းစက်ဆုပ်နေတဲ့ စစ်အုပ်စုဟာ အခုထိ ဘီလူးသွားကို လဖြဲတည်း လုပ်နေနိုင်တာ ဖြစ်တယ်။

ဒီတော့ ရန်ငါစည်းကွဲပြားပြီး တော်လှန်ရေးကို တော်လှန်ရေး အတွေ့အကြုံနဲ့ လုပ်မယ့်အင်အားစုနဲ့ လူထုအကျိုးကို ဦးထိပ်ထားတဲ့ အင်အားစုတွေ လူပုဂ္ဂိုလ်တွေရဲ့ ညီညွတ်ရေးသာ အလိုရှိအပ်တယ်။ ပြည်သူကို အကျိုးပြုနိုင်တယ်။ လက်ရှိ အနှစ်(၂၀)ကျော် ပြည်ပဦးဆောင်မှုနဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ညီညွတ်ရေးဆိုတာတွေကတော့ အလိုမရှိအပ်တဲ့ အရာတွေ ဖြစ်တယ်။ တိုင်းပြည်အတွက် အဆိုးကိုသာ ဖြစ်စေတဲ့ ချေမှုန်းရမဲ့အရာ ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်း စကားအတိုင်းပြောရရင် “စားဖားတွေရဲ့ ညီညွတ်ရေး အလိုမရှိဘူး”။

တလောကတော့ အင်စီယူဘီ စုံစမ်းရေးကော်မရှင်တခုဖွဲ့လိုက်တယ်။ လယ်ပြင်ဆင်သွား အထင်းအရှားကိစ္စကို စုံစမ်းကော်မရှင်ဖွဲ့ပြီး စုံစမ်းဦးမယ်ဆိုပဲ။ ယောက်မခါထိုး ရှာတာပါ။ ကော်မရှင်နာကြီးတွေ ကြည့်လိုက်တော့မှ ကော်မရှင်ဆိုတာ “ငါ့မယုံ ငါ့မယား မေးကြည့်” ဆိုတဲ့ ကော်မရှင်မျိုး ဖြစ်နေတယ်။

ဒီလို ကော်မရှင်က ထွက်လာမယ့်အဖြေကလည်း ကာယကံရှင် အလိုကျပဲ ထွက်လာမှာပါ။ ရှစ်လေးလုံး မတိုင်ခင် RIT အရေးအခင်းကို စုံစမ်းတဲ့ ဗိုလ်နေဝင်းရဲ့ ကော်မရှင်လို ရီမင်တန် (Remington) လက်နက်ဆန်းနဲ့ မြေရှပ်ပြီးပစ်လိုက်တာ ကိုဖုန်းမော်တို့ ကိုစိုးနိုင်တို့ ရင်ဘတ်တက် မှန်သွားတယ်ဆိုတဲ့ အဖြေမျိုးပဲ ထွက်လာမှာပါ။

တကယ်လုပ်သင့်တာက ဦးမောင်မောင်ရဲ့ ခရီးသွားစာအုပ်ကို ကြည့်ရှုစစ်ဆေးရမှာ ဖြစ်တယ်။ ပြီးတော့ သူ့ကိုထောက်ခံခဲ့တဲ့ တပ်ပေါင်းစုဝင်တွေက ထောက်ခံမှုရုတ်သိမ်း ရာထူးချပြီး သူ့မိခင် အဖွဲ့အစည်းကို ပြန်အပ်ရမှာ ဖြစ်တယ်။ ပြီးတော့မှ လိုအပ်တဲ့ စစ်ဆေးအရေးယူ အပြစ်ပေးတာတွေ လုပ်ရမှာ ဖြစ်ပါတယ်။ အပြစ်မရှိရင်လည်း မရှိတဲ့အလျှောက် ကင်းရှင်းကြောင်း ကြေငြာပေးရမှာ ဖြစ်ပါတယ်။

သိပ်သေချာရင် ထိုင်းလေကြောင်းလိုင်းနဲ့ပေါင်းပြီး စာရွက်အတုလုပ် သူ့ကို ဇော်ထွန်းတို့ကို တရားစွဲရမှာ ဖြစ်တယ်။ ဒါတွေမလုပ်ဘဲ ယုန်တောင်ပြေး ခွေးမြောက်လိုက်လုပ်နေတာဟာ တပ်ပေါင်းစုရဲ့ နိုင်ငံရေးသိက္ခာကို ဖျက်ဆီးနေကြတာ ဖြစ်တယ်။ လူထုကို စော်ကားနေတာဖြစ်တယ်။ တော်လှန်ရေးကို ချ ရောင်းနေတာ ဖြစ်တယ်။

အိန္ဒိယဘက်ရောက်လာတဲ့ မန္တလေးက ကျောင်းဆရာ ဆရာထူးက ကျနော်တို့အတွက် ကဗျာလေးတပုဒ် ပေးခဲ့တယ်။ ၈၉ – ၉၀ လောက်က မေးခွန်းလေးတခုပါ။ ဒီနေ့ခေတ် တော်လှန်ရေးသမား ဆိုသူတွေ ဖြေနိုင်ရင် ဖြေကြည့်ပါ၊ ဖြေရဲရင် ဖြေကြည့်ပါ။

ဘယ်လောက်ဈေးလဲ တော်လှန်ရေး

ဟိန်းဟောက်သံပ
ကြုံးဝါးကြလည်း
တောကြား မြိုင်ချောက်
ပြေးကွယ်ပျောက်သည်
ဘယ်လောက်ဈေးလဲ တော်လှန်ရေး။

ရဲဘော်ကျော်သန်း
(kyaw_than2004@yahoo.com)

နေ့သစ်ဝက်ဘ်ဆိုဒ် မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: