ဝန်ထမ်းများ ကြိုတင်မဲ လွတ်လပ်စွာ ပေးခွင့်မရ

11/5/2010

တာကလူး – နိရဉ္စရာ

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များတွင် စစ်တပ်၊ ရဲ၊ နစက စသည့် လက်နက်ကိုင် တပ်ဖွဲ့များ အပါအ၀င် ဌာနဆိုင်ရာ တချို့မှ ၀န်ထမ်းများ အနေဖြင့် ယမန်နေ့( နိုဝင်္ဘာ ၄ ရက်နေ့) မှ စတင်၍ ကြိုတင် မဲပေးနေကြရရာတွင် လွတ်လပ်စွာ မဲပေးပိုင်ခွင့် မရရှိကြဘဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

မောင်တောမှ မယက ၀န်ထမ်းတစ်ဦးက ကြိုတင်မဲ ပေးခဲ့ရပုံကို ယခုကဲ့သို့ နိရဉ္စရာကို ပြောသည်။

“မနေ့ နံနက် ရုံးတက်ချိန်ကနေ စပြီး ကျွန်တော်တို့ မဲပေးခဲ့ကြရပါတယ်။ ရုံးအတွင်း လူကြီးတွေရှေ့မှာပဲ မဲပေးခဲ့ရတာ ဆိုတော့ ကိုယ်ပေးချင်တဲ့ ပါတီကို ပေးလို့ မရဘူးလေ။ လူကြီးတွေ အမိန့် ထုတ်ထားတဲ့ အတိုင်း အစိုးရ ပါတီဖြစ်တဲ့ ကြံ့ဖွံ့ကိုပဲ မဲပေးခဲ့ကြ ရပါတယ်” ဟု ၄င်းဝန်ထမ်းက ပြောသည်။

သူ၏ ပြောကြားချက်အရ ၀န်ထမ်းတစ်ဦးလျှင် စာအိတ် (၃)အိတ်ဖြင့်သီးခြားစီ ထည့်လာသည် မဲလက်မှတ် (၃) ခု ပေါ်တွင် ကြံ့ဖွံ့ပါတီ အမှတ်တံဆိပ် နံဘေးတွင် အမှန်ခြစ်၍ မဲပေးခဲ့ကြရပြီး စာအိတ်ကို ပြန်မပိတ်ရပဲ မယကဥက္ကဌ ဦးအောင်ကျော်ဦးကို ပေးအပ်ခဲ့ကြရကြောင်း သိရသည်။

မယက ၀န်ထမ်းများသာမက တခြား ခယက၊ လ၀က၊ အကောက်ခွန်၊ သစ်တောစသည့် ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် စစ်တပ်၊ နစက၊ ရဲ စသည့် လက်နက်ကိုင်တပ်ဖွဲ့များလည်း သူတို့တာဝန်ကျရာ ရုံးနှင့် စခန်းများ အတွင်းတွင် အလားတူ ကြိုတင်မဲများ ပေးခဲ့ ကြရကြောင်း ၄င်းဝန်ထမ်းက ဆက်ပြောခဲ့သည်။

ဒေသခံ မဲရုံတာဝန်ကျ ကျောင်းဆရာ၊ ဆရာမများမှာ မိမိတို့ တာဝန်ယူရမည့် မဲရုံအတွင်း ယနေ့တွင် မဲပေးကြရမည်ဖြစ်ကြောင်း ဆရာမတစ်ဦးက ယခုကဲ့သို့ နိရဉ္စရာကို ပြောသည်။

“ဆရာဆရာမတွေကတော့ မိမိတို့ တာဝန်ကျရာ မဲရုံတွေမှာ ဒီနေ့ ကြိုတင်မဲ ပေးရမယ် ဆိုပြီး ဒေသ ရွေးကောက်ပွဲ ကော်မရှင်ကနေ ပြောထားပါတယ်။ ဒါကြောင့် ကျွန်မတို့က ဒီနေ့က နေစပြီး မဲပေးကြရမှာဖြစ်ပါတယ်” ဟု ပြောသည်။

ဆရာမအနေနဲ့ ဘယ်ပါတီကို မဲပေးမလဲ ဟု နိရဉ္စရာက ဆက်မေးရာ သူမက “ကျွန်မတို့က ၀န်ထမ်းတွေ ဆိုတော့ အထက်လူကြီးတွေရဲ့ ညွှန်ကြားချက် အမိန့်ထုတ်ထားတဲ့အတိုင်း မဲပေးကြရမှာ ပဲ ဖြစ်ပါတယ်။ အစိုးရပါတီဖြစ်တဲ့ ကြံ့ဖွံ့ပါတီကို မဲမပေးရင် အလုပ်ဖြုတ်မယ်ဆိုပြီး ပြောဆို တာတွေ ရှိနေတော့ ဘယ်ဝန်ထမ်းကမှ တခြားပါတီတွေကို မဲပေးရဲကြမှာ မဟုတ်ပါဘူး” ဟု ဆက်ပြောခဲ့သည်။

ရွေးကောက်ပွဲဝင်မည့် ဒေသခံ နိုင်ငံရေးပါတီများမှာ ယခုကဲ့သို့ အစိုးရ ဌာနဆိုင်ရာ ၀န်ထမ်းများထံမှ ကြိုတင်မဲ ကောက်ခံနေခြင်းအပေါ် စောင့်ကြပ်ကြည့်ရှူ့ခွင့် မရကြ သည့် အပြင်၊ ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားခဲ့ကြသော်လည်း တစုံတရာ စစ်ဆေး အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောသည်။

စစ်တွေ၊ ပေါက်တော၊ ရသေ့တောင် မြို့နယ်များတွင်လည်း ဌာနဆိုင်ရာ ၀န်ထမ်းများထံမှ အလားတူ ကြံ့ဖွံ့ပါတီ ကို ထောက်ခံသည့် ကြိုတင်မဲများကို ယခုလဆန်း (၁)ရက်နေ့မှ ဌာနအလိုက် ကျယ်ကျယ်ပြန့်ပြန့် ကောက်ခံနေကြကြောင်း စုံစမ်းသိရှိရပါသည်။

Leave a comment